ဆိုးရော့စ်က ဟန်ဂေရီနိုင်ငံကို သိမ်းပိုက်လိုက်ပြီဟု Musk က ပြောကြား

News Image

  • ဆိုးရော့စ်က ဟန်ဂေရီနိုင်ငံကို သိမ်းပိုက်လိုက်ပြီဟု Musk က ပြောကြား

ဟန်ဂေရီရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဗစ်တာ အော်ဘန် (Viktor Orban) ကို အီးယူလိုလားသည့် Tisza ပါတီက အနိုင်ရရှိသွားခြင်းသည် ဟန်ဂေရီနိုင်ငံကို ဆိုးရော့စ် (Soros) ကွန်ရက်က အခြေခံအားဖြင့် သိမ်းပိုက်လိုက်ခြင်းပင်ဖြစ်ကြောင်း အီလွန်မက် (Elon Musk) က ဝေဖန် ပြောကြားလိုက်သည်။

ဘီလျံနာ ဂျော့ချ် ဆိုးရော့စ် (George Soros) ၏ သားဖြစ်သူနှင့် Open Society Foundations (OSF) ၏ ဥက္ကဋ္ဌဖြစ်သူ အလက်ဇန်းဒါး ဆိုးရော့စ် (Alexander Soros) က အော်ဘန်၏ ရှုံးနိမ့်မှုအပေါ် “အမြစ်တွယ် နေသော အကျင့်ပျက်ခြစားမှုနှင့် ပြည်ပစွက်ဖက်မှုများကို ပြတ်ပြတ်သားသားငြင်းပယ်လိုက်ခြင်း” ဟု ဂုဏ်ပြုပြောကြားခဲ့မှုအပေါ် မက်က X လူမှုကွန်ရက် မှတစ်ဆင့် တနင်္လာနေ့ (ဧပြီ ၁၃) တွင် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ SpaceX နှင့် Tesla ကုမ္ပဏီတို့၏ ပိုင်ရှင်ဖြစ်သူ မက် က “ဆိုးရော့စ် အဖွဲ့အစည်း က ဟန်ဂေရီကို သိမ်းပိုက်လိုက်ပြီ” ဟု ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် အမေရိကန်သမ္မတဟောင်း ဘားရက် အိုဘားမား၊ ဗြိတိန် ဝန်ကြီးချုပ် ကီယာ စတာမာ၊ ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးနှင့် အီးယူအရာရှိများ အပါအဝင် အော်ဘန်၏ရှုံးနိမ့်မှုကို ကြိုဆိုခဲ့ကြသူများ ၏စာရင်းကို ဖော်ပြထားသည့်ပို့စ်တစ်ခုတွင်လည်း မက် က ၎င်းတို့၏ သဘောထားမှာ ရှင်းလင်းကြောင်း မှတ်ချက်ပြုခဲ့သည်။

ဟန်ဂေရီရွေးကောက်ပွဲတွင် ပီတာ မာဂျာ (Peter Magyar) ဦးဆောင်သည့် ကွန်ဆာဗေးတစ် Tisza ပါတီက မဲအရေအတွက် ၅၃.၆ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ပြီး လွှတ်တော်အမတ်နေရာ ၁၉၉ နေရာအနက် ၁၃၈ နေရာ ကို သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် မက် က ယခုကဲ့သို့ မှတ်ချက်ပြု ခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ် အော်ဘန်၏ လက်ယာယိမ်း Fidesz ပါတီ မှာမူ မဲအရေအတွက် ၃၇.၈ ရာခိုင်နှုန်းဖြင့် အမတ်နေရာ ၅၅ နေရာသာ ရရှိခဲ့ပြီး ယခုရွေးကောက်ပွဲသည် မဲပေးသူဦးရေ ၈၀ ရာခိုင်နှုန်းခန့် အထိ ရှိခဲ့သည့် ထူးခြားသော ရွေးကောက်ပွဲတစ်ခုလည်း ဖြစ်ခဲ့သည်။

Tisza ပါတီသည် ကွန်ဆာဗေးတစ်မူဝါဒကို ကျင့်သုံးသည်ဟု ဆိုသော်လည်း အော်ဘန်၏ အဓိကမူဝါဒများကို ဖျက်သိမ်းကာ ဥရောပသမဂ္ဂ (EU) နှင့် နေတိုး (NATO) အဖွဲ့တို့နှင့် ပြန်လည်နီးကပ်စွာ ဆောင်ရွက်သွားမည်ဟု ကတိပြုထားသည်။

ဝန်ကြီးချုပ်အဖြစ် ၁၆ နှစ်ကြာ တာဝန်ယူခဲ့မှုမှာ ယခုအခါ အဆုံးသတ် တော့မည်ဖြစ်သည့် အော်ဘန်သည် ဟန်ဂေရီဖွား ဘီလျံနာ ဆိုးရော့စ်နှင့် ကာလရှည်ကြာ ပဋိပက္ခဖြစ်ပွားခဲ့သူဖြစ်သည်။ အော်ဘန်က ဆိုးရော့စ် သည် Woke အယူဝါဒများ၊ လစ်ဘရယ် နိုင်ငံတကာဝါဒများနှင့် ရွှေ့ပြောင်း အခြေချသူများ ကျူးကျော်ဝင်ရောက်လာစေခြင်းမှတစ်ဆင့် ဥရောပတိုက် သားရင်းမြစ်များကို လူနည်းစုဖြစ်သွားအောင် ကြံစည်နေသူဖြစ်ကြောင်း စွပ်စွဲပြောဆိုလေ့ရှိသည်။

ဆိုးရော့စ် တည်ထောင်ခဲ့သည့် Open Society Foundations (OSF) သည် ဟန်ဂေရီနိုင်ငံတွင် ခိုင်မာသော အခြေစိုက်မှုရှိနေသည်။ Fundamental Rights ဆိုင်ရာ လေ့လာရေးဗဟိုဌာန၏ သုတေသနပြုချက်အရ ၂၀၁၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အဆိုပါကွန်ရက်သည် ဟန်ဂေရီအခြေစိုက် အဖွဲ့အစည်းများအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၉၀ နီးပါး အသုံးပြုခဲ့ပြီး ၂၀၂၂ ခုနှစ် ပါလီမန်ရွေးကောက်ပွဲ မတိုင်မီ တစ်နှစ်အတွင်း ၌ပင် စံချိန်တင်ပမာဏဖြစ်သည့် ဒေါ်လာ ၁၇ သန်းအထိ ထောက်ပံ့ ခဲ့ကြောင်း သိရှိရသည်။

အစီရင်ခံစာအရ ဟန်ဂေရီနိုင်ငံသည် ဥရောပနှင့် ဆိုဗီယက်ဟောင်း ဒေသ များရှိ နိုင်ငံအလိုက် ပျမ်းမျှထောက်ပံ့ငွေ ဒေါ်လာ ၁၉ သန်းထက် နှစ်ဆ နီးပါး ပိုမိုရရှိခဲ့ခြင်းဖြစ်ပြီး ဆိုးရော့စ်၏ ဘဏ္ဍာရေးထောက်ပံ့မှုကို အကျိုး ခံစားခွင့်ရသည့် အဖွဲ့အစည်းပေါင်း အနည်းဆုံး ၁၅၃ ခုအထိ ရှိခဲ့သည်။

၂၀၁၈ ခုနှစ်တွင် ဝန်ကြီးချုပ် အော်ဘန်က ‘Stop Soros’ ရွှေ့ပြောင်း အခြေချမှု ဆန့်ကျင်ရေး ဥပဒေကြမ်းကို အတည်ပြုခဲ့ပြီးနောက် OSF သည် ဟန်ဂေရီနိုင်ငံမှ ထွက်ခွာခဲ့ရသည်။ သို့သော်လည်း ဝေဖန်သူများ က OSF သည် အဆိုပါလုပ်ရပ်များကြားမှပင် အခြားသော နည်းလမ်း ပေါင်းစုံဖြင့် ဟန်ဂေရီနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးအခင်းအကျင်းအပေါ် ဆက်လက် သြဇာလွှမ်းမိုးနေဆဲဖြစ်ကြောင်း ထောက်ပြပြောဆိုလျက် ရှိကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး