ပုပ်ရဟန်းမင်းကြီး လီယို (၁၄) နှင့် သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား တင်းမာမှုများ မြင့်တက်လာ

News Image

  • ပုပ်ရဟန်းမင်းကြီး လီယို (၁၄) နှင့် သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား တင်းမာမှုများ မြင့်တက်လာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဗာတီကန်ပုပ်ရဟန်းမင်းကြီး လီယို (၁၄) တို့အကြား နိုင်ငံခြားရေးမူဝါဒနှင့် ပြည်တွင်းရေးရာကိစ္စရပ်များ အပေါ် အမြင်မတူညီမှုများကြောင့် စကားစစ်ထိုးပွဲများ ပြင်းထန်လျက် ရှိသည်။ 

ဖေဖော်ဝါရီလနှောင်းပိုင်းတွင်စတင်ခဲ့သော အီရန်အပေါ် အမေရိကန်-အစ္စရေးတို့၏ စစ်ဆင်ရေးကို ပုပ်ရဟန်းမင်းကြီးက "လူမျိုးတစ်စုလုံး အပေါ် ခြိမ်းခြောက်မှု" ဟုဆိုကာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ခြင်းက တင်းမာမှု၏ အဓိကအကြောင်းရင်း ဖြစ်လာခဲ့သည်။ ထို့အပြင် ပုပ် ရဟန်းမင်းကြီးသည် အမေရိကန်၏ ရွှေ့ပြောင်းနေထိုင်သူများအပေါ် ကိုင်တွယ်ပုံကိုလည်း ပြန်လည်သုံးသပ်ရန် တိုက်တွန်းခဲ့သည်။

အဆိုပါ ဝေဖန်မှုများအပေါ် သမ္မတထရမ့်က Truth Social မှတစ်ဆင့်တုံ့ပြန်ရာတွင် ပုပ်ရဟန်းမင်းကြီးအား "အားနည်းသူ"၊ "ရာဇဝတ်မှုနှင့် နိုင်ငံခြားရေးမူဝါဒတွင် ညံ့ဖျင်းသူ" ဟု တိုက်ခိုက်ပြောဆိုခဲ့သည်။ 

ထရမ့်က ၎င်းအနေဖြင့် မဲအပြတ်အသတ်ဖြင့် ရွေးကောက်ခံထားရသည့်အတိုင်း စီးပွားရေးနှင့် တရားဥပဒေစိုးမိုးရေးကို အောင်မြင်စွာ လုပ်ဆောင် နေကြောင်း ခုခံပြောဆိုခဲ့ပြီး ပုပ်ရဟန်းမင်းကြီးသည် အမေရိကန် လူမျိုး ဖြစ်နေ၍သာ ရွေးချယ်ခံရခြင်းဖြစ်ကာ ၎င်းအား ရင်ဆိုင်ရန်အတွက်တမင်ရွေးချယ်ခံရသူဖြစ်ကြောင်း စွပ်စွဲခဲ့သည်။ Air Force One လေယာဉ် ပေါ်၌ သတင်းထောက်များနှင့် ပြောဆိုရာတွင်လည်း ထရမ့်က ပုပ်ရဟန်း မင်းကြီးအား "လစ်ဘရယ်သမားတစ်ဦး" ဟု သမုတ်ကာ ၎င်း၏ လုပ်ဆောင်ချက်များအပေါ် အားမလိုအားမရ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ပုပ်ရဟန်းမင်းကြီးသည် ငြိမ်းချမ်းရေး အတွက် သံတမန်ရေးလမ်းကြောင်းသို့ ပြန်လည်ဦးတည်ရန် တောင်းဆိုမှု များကို အရှိန်မြှင့်လုပ်ဆောင်နေသည်။ အမေရိကန် စစ်မက်ရေးရာ ဝန်ကြီး ပိဟက်ဆက်၏ ဘာသာရေးအမည်ခံကာ အောင်ပွဲအတွက် ဆုတောင်းရန် တိုက်တွန်းမှုကိုလည်း "ဘုရားသခင်သည် စစ်မက်ဖြစ်ပွားစေသူတို့၏ ဆုတောင်းသံကို နားညောင်းမည်မဟုတ်" ဟု တုံ့ပြန်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက မည်သည့်ပဋိပက္ခသည်မျှ ဘုရားသခင်၏ ကောင်းချီးကို မခံစားရကြောင်းနှင့် အပြစ်မဲ့သူတို့၏ သွေးမြေကျမှုကိုရပ်တန့်ကာ မကောင်းမှုသံသရာကို ဖြတ်တောက်ကြရန် ဗာတီကန်မှနေ၍ ကမ္ဘာသို့ ဆက်လက်တိုက်တွန်းလျက် ရှိသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး