ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲကျင်းပ
ရန်ကုန် ဧပြီ ၁၃
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းသည့် မဟာသင်္ကြန်ပွဲတော်တွင် ရန်ကုန် မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်္ကြန်မဏ္ဍပ်များ၌ ကျင်းပသည်။
ရန်ကုန်မြို့တော် မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ကျောက်တံတား မြို့နယ် မြို့တော်ခန်းမ မဟာသင်္ကြန်မဏ္ဍပ်၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန်ဦးမျိုးမြင့်အောင်နှင့်ဇနီး၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဌာနများမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) တို့မှ တာဝန်ရှိသူများနှင့် အနုပညာရှင်များ၊ ယိမ်းအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ယင်းနောက် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ် ရေသဘင်ပွဲတော်ကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ တေးသံရှင်များ၊ ယိမ်းအဖွဲ့များ၊ ကိုရီးယား K-Pop အနုပညာရှင်များက သီဆိုကပြ ဖျော်ဖြေကြသည်။ ထို့နောက် ယိမ်းအဖွဲ့များက ကပြယှဉ်ပြိုင်ကြပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် သဘင်အစည်းအရုံးတို့က ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်အတွင်း လမ်းလျှောက် သင်္ကြန်ပွဲတော် ဖွင့်ပွဲကိုကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူများ တက်ရောက်ကြသည်။
လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေသဘင်ပွဲတော်ဆင်နွှဲနိုင်ရန် ပြည်သူ့ရင်ပြင်အတွင်း မဟာသင်္ကြန် ဖျော်ဖြေရေးမဏ္ဍပ်များနှင့် လမ်းလျှောက် ရေကစား မဏ္ဍပ်များအပြင် စားသောက်ဆိုင်ခန်းများကိုလည်း ဖွင့်လှစ်ထားသည်။
၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု နှစ်သစ်ကူးမဟာ သင်္ကြန်ပွဲတော် အကြိုနေ့တွင် ရန်ကုန်မြို့ရှိ ဦးဝိစာရအဝိုင်းမှ ပြည်လမ်းအထိ၊ အလုံလမ်းတစ်လျှောက် ရေကစားမဏ္ဍပ်များ၊ လှိုင်မြို့နယ် တက္ကသိုလ်အဝင်လမ်းရှိ ဖျော်ဖြေရေးမဏ္ဍပ်များနှင့် လမ်းလျှောက်ရေကစားမဏ္ဍပ်များ၊ မြကျွန်းသာ အပန်းဖြေဥယျာဉ်အတွင်း မူလဟန်ပန်နွေသင်္ကြန် ဖျော်ဖြေရေးမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်ရေကစားမဏ္ဍပ်များ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးပတ်လမ်းရှိ ဗိုလ်တထောင်ခရိုင် သင်္ကြန်ဗိုလ် အတာရေသဘင် မြန်မာ့ရိုးရာသင်္ကြန်မဏ္ဍပ်နှင့် လမ်းလျှောက် သင်္ကြန်ရေကစားမဏ္ဍပ် စသည့်ရေကစားမဏ္ဍပ်များ၊ ခရိုင်ဇုန်များရှိ ရေကစားမဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ရေကစားမဏ္ဍပ်များကို ဖွင့်လှစ်ထားရှိရာ တိုင်းဒေသကြီးအတွင်းရှိ အတာရေသဘင်ပွဲတော် ဆင်နွှဲကြသည့် ပြည်သူများက နှစ်သစ်ကူးမဟာသင်္ကြန် ရေသဘင်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။
သစ္စာ(MNA)
ဓာတ်ပုံ - ဇွဲမာန်/ဇော်မင်းလတ်
MDN

,
,