ငဖဲမြို့နယ်၌ နွေနှမ်း ၁၄၄၇ ဧက စိုက်ပျိုးပြီးစီးပြီး နှမ်းခင်းများ အောင်မြင်ဖြစ်ထွန်း

News Image

  • ငဖဲမြို့နယ်၌ နွေနှမ်း ၁၄၄၇ ဧက စိုက်ပျိုးပြီးစီးပြီး နှမ်းခင်းများ အောင်မြင်ဖြစ်ထွန်း

ငဖဲ ဧပြီ ၁၉

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင် တမံဆည်၊ ရင်းရှည်ရေလှောင်တမံ ဆည်နှင့် ဆည်ငယ်ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက် နွေနှမ်း ၁၁၉၃ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ယနေ့ထိ ၁၄၄၇ ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ နှမ်းခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

၂၀၂၆ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ အဆင်ပြေစွာ ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် အစိုးရဆည်ရေ၊ ဆည်ငယ် ကန်ငယ်ရေတို့ဖြင့် နွေနှမ်းစိုက်ပျိုးမည့် လယ်ယာမြေများသို့ စိုက်ပျိုးရေများစနစ်တကျ ဖြန့်ဝေပေးလျက်ရှိပြီး စိုက်ပျိုးပြီးစီးသည့် နှမ်းမျိုးများမှာ စမုန်နက် ၄၀၇ ဧက၊ ဆင်းရတနာ (၁၂) ဧက ၃၀၀၊ ဆင်းရတနာ(၃)ဧက ၅၀ နှင့် သိပ္ပံနှမ်းနက် ဧက ၆၉၀ စုစုပေါင်း ၁၄၄၇ ဧက စိုက်ပျိုးပြီးစီးပြီး လျာထားချက်ထက် ၂၅၄ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကာ နွေနှမ်းအထွက်နှုန်းကောင်းမွန်ရေး စနစ်တကျရေသွင်းပေးရန် လိုအပ်ပြီး နှမ်းပင်အခြေ ရေမဝပ်ရန် စိမ့်ရေဖြင့်ရရှိအောင် ရေပေးမြောင်းစနစ်ဖြင့် ရေသွင်းပေးရကြောင်း သိရသည်။

 

သီးနှံများ ပန်းတိုင်အထွက်နှုန်း တိုးတက်ရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေးနည်းစနစ်များ၊ တောင်သူအသိပညာပေး လုပ်ငန်းများကို တာဝန်ရှိသူများနှင့် ကွင်းဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မယု(ငဖဲ)

MDN