ရေနံအရောင်းအဝယ်အတွက် တရုတ် 'ယွမ်' ကို ပြောင်းသုံးမည်ဟု အမေရိကန်ကို UAE အစိုးရသတိပေး
ယူအေအီးအစိုးရကအမေရိကန်ဒေါ်လာစီးဆင်းမှု လိုအပ်ချက်သာ ဆက်လက်ဖြစ်ပေါ်နေပါက ရေနံနဲ့ သဘာဝဓာတ်ငွေ့အရောင်းအဝယ်တွေမှာ တရုတ်ယွမ်ငွေ (သို့မဟုတ်) တခြားနိုင်ငံသုံး ငွေကြေးတွေကို ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ကြောင်းအမေရိကန်ကို သတိပေးလိုက်သည်။
အီရန်စစ်ရေးပဋိပက္ခတွေကြောင့် ကမ္ဘာ့ရေနံတင်ပို့မှု၏ အဓိကလမ်းကြောင်းဖြစ်သည့်ဟော်မုဇ်ရေလက်ကြားဖြတ်သန်းသွားလာမှုတွေ ရပ်တန့်လုနီးပါးဖြစ်နေရာ ယူအေအီးနိုင်ငံ၏ ရေနံတင်ပို့မှု အခြေခံအဆောက်အအုံတွေကို ထိခိုက်စေရုံသာမက နိုင်ငံအတွက် အဓိက ဒေါ်လာဝင်ငွေလမ်းကြောင်းကိုခြိမ်းခြောက်လာနေကြောင်း သိရသည်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဝါရှင်တန်ဒီစီမှာ UAE ဗဟိုဘဏ်ဥက္ကဋ္ဌ သည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးအပြင် ဗဟိုဘဏ် (Federal Reserve) က တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးငွေကြေးအကျပ်အတည်း မဖြစ်ပေါ်စေရန်ကြိုတင်ကာကွယ်မှုအဖြစ် အမေရိကန်ဒေါ်လာ ဖလှယ်ရေးအစီအစဉ်တစ်ခုရရှိရန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲ စားပွဲဝိုင်းအတွင်း UAE တာဝန်ရှိသူများက စစ်ပွဲဂယက်ကြောင့် ဒေါ်လာပြတ်လပ်မှုပြဿနာကို ရင်ဆိုင်လာရပါက ရေနံအရောင်းအဝယ်ကိစ္စရပ်တွေအတွက် တရုတ်ယွမ်ကို ပြောင်းလဲအသုံးပြုသွားမည်ဟု ပြောသည်။
ကမ္ဘာ့ရေနံဈေးကွက်ကို အမေရိကန်ဒေါ်လာနဲ့သာ အရောင်းအဝယ်လုပ်ဖို့ ၁၉၇၀ ပြည့်လွန်နှစ်တွေကတည်းက သဘောတူညီထားသော်လည်းယခုကဲ့သို့ အရှေ့အလယ်ပိုင်းက အဓိကရေနံတင်ပို့တဲ့ နိုင်ငံကြီးတစ်ခုက ဒေါ်လာအစား တရုတ်ယွမ်ကို ပြောင်းသုံးမည်ဟု ပြောဆိုလာခြင်းသည် အမေရိကန်ဒေါ်လာ၏ နှစ်အတန်ကြာကြီးစိုးမှုကို တိုက်ရိုက်စိန်ခေါ်လိုက်ခြင်းဖြစ်ပြီး ကမ္ဘာ့ဘဏ္ဍာရေးစနစ်တွင် အပြောင်းအလဲများ ဖြစ်လာနိုင်ဖွယ်ရှိသည်။
Np News
