ညောင်ဦးမြို့နယ်တွင် မြစ်ရေတင်စနစ်ဖြင့် နွေစပါး ၂၂၀ ဧကစိုက်ပျိုးပြီးဖြစ်
ညောင်ဦး ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဆိုလာစနစ်မြစ်ရေတင်ဖြင့် နွေစပါး ၂၂၀ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် ဆိုလာမြစ်ရေတင်စနစ်ဖြင့် နွေစပါးစိုက်ပျိုးရန် ဖေဖော်ဝါရီတွင် ပျိုးစတင် ပျိုးထောင်ခဲ့ကြောင်း ဧပြီလပထမပတ်ကစတင်၍ ပျိုးပင်များလယ်ကွင်းအတွင်း ရွေ့ပြောင်းစိုက်ပျိုး ခဲ့ကြောင်း သိရသည်။
ဆိုလာစနစ်မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် စပါးမျိုးမှာ ဆင်းသုခ၊ မနောသုခ ၊ GW-11 ၊ အောင်နိုင်တိုး စပါးမျိုးများကို တောင်သူများစိုက်ပျိုးကြပြီး ပျိုးထောင်ရက် ၂၁ ရက်အကြာတွင် စိုက်ပျိုးမည့်လယ်မြေ အတွင်း ရွေ့ပြောင်းစိုက်ပျိုးရပြီး စပါးတစ်သီးရင့်မှည့်ချိန်ထိ ငါးလကြာမြင့်ကြောင်း မိုးစပါးစိုက် တောင်သူများထံက သိရသည်။
မြစ်ရေတင်ဖြင့်စိုက်ပျိုးသည့် စပါးများ အထွက်နှုန်းပုံမှန်ကောင်းမွန်ပြီး နွေစပါးဆိုသော်လည်း ညောင်ဦး ဒေသတွင် တစ်နှစ်ပတ်လုံး မိုးရေချိန် ၂၀ လက်မအောက်သာ ရွာသွန်းခြင်းကြောင့် မြစ်ရေတင်စနစ်ဖြင့် ပိုမိုစိုက်ပျိုးကြကြောင်း နွေစပါးစိုက် တောင်သူများက ပြောသည်။
ညောင်ဦးမြို့နယ်၌ နွေစပါးကို ငါ့သရောက်ဆိုလာမြစ်ရေတင်ဖြင့် ၇၅ ဧက၊ လက်ပံခြေပေါ်ဆိုလာ မြစ်ရေတင်ဖြင့် ၉၀ ဧက၊ သူကောင်းတည်ဆိုလာမြစ်ရေတင်ဖြင့် ၅၅ ဧက စုစုပေါင်း မြစ်ရေတင်ဖြင့် ၂၂၀ ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
ဒီပါလင်း
MDN
