ကျိုင်းတုံမြို့နယ်တွင် ရက်၁၀၀ စီမံချက်ဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်
ကျိုင်းတုံ ဧပြီ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်ဖြင့် ဒေသအတွင်း မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်၊ ဟိုနားအောက်ကျေးရွာရှိ နို့စားနွားမွေးမြူရေးခြံ၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောမင်းသူ၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန ဒေါက်တာမျိုးနိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်အတွင်း ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၁ ရက်ထိ ရက် ၁၀၀ စီမံချက်ဖြင့် နို့စားနွားများအား မေထုန်မဲ့သားစပ်ခြင်း၊ ကျွဲ၊ နွား လည်းချောင်းကွဲရောဂါ၊ ဒေါင့်သန်းရောဂါ၊ ပေါင်ပုပ်လက်ပုပ် ရောဂါများအတွက် ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများနှင့် မိသားစုတစ်ပိုင်တစ်နိုင် ကျွဲ၊ နွား၊ တိုင်းရင်းကြက်၊ ဝက်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)
MDN
