ကျောက်ဆည်မြို့နယ်၌ ခရမ်းချဉ်စိုက်ပျိုးသူများ ဈေးကောင်းရသဖြင့် အဆင်ပြေလျက်ရှိ
ကျောက်ဆည်၊ ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသော်လည်း စီးပွားရေးတွက်ခြေကိုက်မည့်သီးနှံများ တွဲဖက်စိုက်ပျိုးလျက်ရှိရာ ရန်ပုံနှစ် ကျေးရွာတွင်စိုက်ပျိုးထားသော ခရမ်းချဉ်သီးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရသဖြင့် ခရမ်းချဉ် စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခရမ်းချဉ်စိုက်ပျိုးရာတွင် အပင်သေပျောက်မှုမရှိစေရေး မျိုးစေ့များကို ပျိုးအိတ်များတွင်ပျိုးထောင်ပြီး သန်မာသည့် ပျိုးပင်များကိုရွေးချယ်ကာ မြေပြင်ထားသောစိုက်ခင်းများတွင် ပြောင်းရွှေ့စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး(၄၅)ရက်တွင် ရောင်းတန်ဝင်အသီးများ စတင်ဆွတ်ခူးရကြောင်း၊ ရာသီဥတုကောင်းမွန်ပြီး အပင်အပြုအစုကောင်းမွန်ပါက ဆွတ်ခူးရောင်းချချိန် (၆)လခန့်ကြာမြင့်ကြောင်း၊ ရောင်းဈေးအနေဖြင့် ခရမ်းချဉ်သီး တစ်ပိဿာ ငွေကျပ် (၄၀၀၀)ဖြင့်ရောင်းချရသဖြင့် ခရမ်းချဉ်စိုက်ပျိုးရောင်းချသူများ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပံတစ်ဆိပ် တစ်သုံးလုံးခရမ်းချဉ်သီးသည် အခွံထူပြီးအထားခံသောကြောင့် အခြားခရမ်းချဉ်မျိုးများထက် ပိုမို စိုက်ပျိုးကြကြောင်း၊ ကာလရှည်ဆွတ်ခူးရောင်းချရသည့် သီးနှံဖြစ်သည့်အတွက် အကျိုးအမြတ်ရှိသည့် သီးနှံဖြစ်ကြောင်း အေးကျေးရွာမှ တောင်သူဦးဇော်ထွန်း ထံမှ သိရသည်။
သက်မောင်(ကျောက်ဆည်)
MDN
