မကွေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြည်တွင်းထုတ်ဒီဇယ်ဆီ တစ်ဂါလန်လျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် တောင်သူများထံ တိုက်ရိုက်ရောင်းချ
မကွေး ဧပြီ ၁၉
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်တွင်းထုတ် ဒီဇယ်ဆီများကို ပွင့်ဖြူမြို့နယ်နှင့် နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများထံ အထူးသက်သာသော ဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ပွင့်ဖြူမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရေးနှင့် ဆီထွက်သီးနှံ ထွန်ယက်စိုက်ပျိုးရေးအတွက် မြေပြင်ရန်ကျန်ရှိသော စိုက်ဧက ၂၀၅၆၉ ဧကအတွက် တစ်ဧကလျှင် တစ်ဂါလန်နှုန်းဖြင့် ပြည်တွင်းထုတ်ဒီဇယ်ဆီ ၂၀၅၆၉ ဂါလန်ကို ကျေးရွာများအတွက် စုရပ်ငါးနေရာ၌ တောင်သူများ လက်ဝယ်အရောက် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးခဲ့သည်။
ထို့ပြင် နတ်မောက်မြို့နယ်ရှိ နွေစပါးနှင့် ဆီထွက်သီးနှံ ထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော မြေဧက ၄၅ ဧကအတွက် ပြည်တွင်းထုတ်ဒီဇယ်ဆီ ၄၅ ဂါလန်ကို စရံအိုင်ကျေးရွာအုပ်စု စိုက်ပျိုးရေး စုရပ်ဆုံနေရာ၌ တောင်သူများ လက်ဝယ်အရောက် သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့သည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တောင်သူများကို စက်သုံးဆီအခက်အခဲ လျော့နည်းသက်သာစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့်ဆီထွက်သီးနှံထွန်ယက်စိုက်ပျိုးရန် ကျန်ရှိသည့် ကျေးရွာများသို့ ပြည်တွင်းထုတ်ဒီဇယ်ဆီ တစ်ဂါလန်လျှင် ငွေကျပ် ၁၀၀၀၀ နှုန်း လက်ငင်းငွေချေစနစ်ဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေး လျက်ရှိကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)
MDN
