MNA လေယာဉ်ဘရိတ်ချို့ယွင်းကာ MAI လေယာဉ်အမြီးပိုင်းကို တိုက်မိသောဖြစ်စဉ် ရန်ကုန်တွင်ဖြစ်ပွား
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် MNA လေကြောင်းလိုင်းမှ လေယာဉ်က ဘရိတ်ချို့ယွင်းကာ MAI လေကြောင်းလိုင်းမှ လေယာဉ်အမြီးပိုင်းကို တိုက်မိသောဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဧပြီ ၂၀ရက်)၊ နံနက်ပိုင်းက ဖြစ်ခဲ့ခြင်းဖြစ်ပြီး MNA ၏ ATR 72 လေယာဉ်က ဘရိတ်ချို့ယွင်းကာ ရပ်ထားသည့် MAI ၏ Airbus A319 လေယာဉ်၏ အမြီးပိုင်းကို ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
ထွက်ပေါ်နေသော ဗွီဒီယိုအရ MNA လေယာဉ်သည် ရပ်တန့်ရန် ကြိုးပမ်းရင်း MAI လေယာဉ်ကို တောင်ပံအဖျားပိုင်းဖြင့် ပွတ်တိုက်မိပြီးနောက် လေဆိပ် အဆောက်အအုံဘက် ခေါင်းတည်ကာ ရပ်တန့်သွားသည်ကို မြင်ရသည်။
“MAI လေယာဉ်ရဲ့ ဘော်ဒီချည်းပဲ ခြစ်မိသွားတာ မဟုတ်ဘူး။ လျှပ်စစ်ပေးတဲ့ တံခါးပေါက်လေးကို ထိသွားတာ။ ပြောရရင်တော့ ကားလို ဘတ္တရီအိုးနေရာ လိမ်သွားတာပေါ့” ဟု သိရှိသူ တစ်ဦးက ပြောသည်။
ထို့နောက် ပစ္စည်းတင်နောက်တွဲယာဉ်ကို ထပ်မံတိုက်မိ ရပ်တန့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Np News
