ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဆွာချောင်းတံတား (အပြန်လမ်း)ကို လာမည့် ဇွန်လတွင် အသုံးပြုနိုင်မည်

News Image

  • ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဆွာချောင်းတံတား (အပြန်လမ်း)ကို လာမည့် ဇွန်လတွင် အသုံးပြုနိုင်မည်

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၆၅/၁)ရှိ ဆွာချောင်းတံတား(အပြန်လမ်း)အား အသစ်အစား ထိုး ပြန်လည်တည်ဆောက်လျက်ရှိရာ လာမည့် ဇွန်လတွင် ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွာချောင်းတံတားနှင့် အသစ်တည်ဆောက်နေသည့်အခြေအနေနှင့်ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - ရန်ကုန် လမ်းပိုင်း)တွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများအား ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုအခြေ အနေ များကို ယမန်နေ့ ဧပြီလ ၁၉ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဆွာချောင်းတံတားနေရာသည် ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံ၍ ပြင်းထန်သော ရေတိုက်စားမှုခံရခြင်း၊ မန္တလေးငလျင်လှုပ်ခဲ့စဉ် တွင်လည်း ငလျင်ဒဏ်အား ပြင်းထန်စွာခံရသည့်အပိုင်းတွင် ပါဝင်ခဲ့ခြင်းတို့ကြောင့် သဘာဝဘေးအန္တရာယ် မကြာခဏခံရလေ့ရှိသည့် နေရာဖြစ်သဖြင့် ငလျင်ဒဏ်ခံနိုင်သည်အထိ စဉ်းစားဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် တည်ဆောက်ရေးတာဝန် ယူထားသူများအနေဖြင့် တံတားအသစ် ပြန်လည်တည်ဆောက်ရာတွင် ဒီဇိုင်းပါပုံစံများအတိုင်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်ဝစွာဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် အသွားလမ်းဘက်ရှိ ယာယီဘေလီတံတားကြံ့ခိုင်မှုအား အမြဲမပြတ်စစ်ဆေးရန်လိုကြောင်းနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အထူးအလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော လမ်း၊ တံတားများကို ပြုပြင်ပြီးစီး၍ မိုင်တိုင်အမှတ်(၁၉၀/၁)ရှိ မှောက်ခုံချောင်း တံတားသည်လည်း ပြန်လည်ပြုပြင်ပြီးစီး ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဆွာချောင်းတံတား(အပြန်လမ်း)အား အသစ်အစားထိုး ပြန်လည်တည်ဆောက်လျက်ရှိရာ ၂၀၂၆ ခုနှစ် ဇွန်လတွင် ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆွာချောင်းတံတား (အပြန်လမ်း) အသစ်တည်ဆောက်ပြီးစီးပါက လမ်းပန်းဆက်သွယ်မှုမပြတ်တောက် စေရေးအတွက် (အသွားလမ်း) နေရာတွင် ယာယီဘေလီတံတား ထပ်ပိုးအသုံးပြုနေခြင်းကိုလည်း အစားထိုး၍ တံတားအသစ် ပြန်လည်တည်ဆောက်ခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Np News