ရုရှားနှင့်ဆွေးနွေးမှုများကို ပြန်လည်စတင်ရမည်ဟု ဘူလ်ဂေးရီးယား ရွေးကောက်ပွဲ အနိုင်ရရှိသူက ပြောကြား

News Image

  • ရုရှားနှင့်ဆွေးနွေးမှုများကို ပြန်လည်စတင်ရမည်ဟု ဘူလ်ဂေးရီးယား ရွေးကောက်ပွဲ အနိုင်ရရှိသူက ပြောကြား

ဘူလ်ဂေးရီးယားနိုင်ငံတွင် ငါးနှစ်အတွင်း ရှစ်ကြိမ်မြောက်အဖြစ် ကျင်းပခဲ့သော ပါလီမန်ရွေးကောက်ပွဲတွင် သမ္မတဟောင်း Rumen Radev ဦးဆောင်သည့် Progressive Bulgaria ပါတီက မဲအရေအတွက် ၄၄.၇% ခန့်ဖြင့် အပြတ်အသတ် အနိုင်ရရှိသွားခဲ့သည်။ ယခုရလဒ်အရ Radev ၏ ပါတီသည် အမတ်နေရာ ၁၃၁ နေရာမှ ၁၃၄ နေရာအထိ အနိုင်ရရှိနိုင်ရန် ခန့်မှန်းရသဖြင့် အခြားပါတီများနှင့် မဟာမိတ်ဖွဲ့ရန်မလိုဘဲ တစ်ပါတီတည်း ဖြင့် အစိုးရဖွဲ့နိုင်သည့် အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ပါတီကိုဖွဲ့စည်းပြီး နှစ်လမပြည့်မီမှာပင် ယခုကဲ့သို့အနိုင်ရရှိခဲ့ခြင်းမှာ ၂၀၂၁ ခုနှစ်မှစ၍ ဖြစ်ပေါ်နေသည့် နိုင်ငံရေးမတည်ငြိမ်မှုများနှင့် အဂတိ လိုက်စားမှုများကို အဆုံးသတ်လိုသော လူထု၏ဆန္ဒကြောင့်ဖြစ်ကြောင်း Radev က ‘မယုံကြည်မှုအပေါ် မျှော်လင့်ချက်က အနိုင်ရရှိခြင်း’ ဟု တင်စားပြောဆိုခဲ့သည်။ ၎င်းသည် ရွေးကောက်ပွဲတွင် ဥရောပသမဂ္ဂ (EU) အပေါ် ဝေဖန်ဆွေးနွေးရန်နှင့် ရုရှားနိုင်ငံအပေါ် လက်တွေ့ကျကျ ဆက်ဆံရန်ဟူသောမူဝါဒများဖြင့် လူထုထောက်ခံမှုကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

Radev က ဘူလ်ဂေးရီးယားအနေဖြင့် ဥရောပလမ်းကြောင်းပေါ်တွင် ဆက်ရှိနေမည်ဖြစ်သော်လည်း ဥရောပ၏ အနာဂတ်လုံခြုံရေးနှင့် စက်မှုလုပ်ငန်း များ မပြိုလဲစေရန်အတွက် ရုရှားနှင့်ဆွေးနွေးမှုများကို ပြန်လည် စတင်ရမည်ဟု တိုက်တွန်းခဲ့သည်။ အထူးသဖြင့် စွမ်းအင်အရင်းအမြစ် အာမခံချက်မရှိဘဲ ဥရောပ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်၍မရနိုင်ကြောင်းနှင့် EU အနေဖြင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ခေါင်းဆောင်မှုထက် လက်တွေ့ကျသောမူဝါဒများကိုသာ ကျင့်သုံးသင့်ကြောင်း အလေးပေးပြောကြားခဲ့သည်။

Radev သည် ယခင်ကတည်းက ယူကရိန်းစစ်ပွဲတွင် စစ်ရေးအရဖြေရှင်းမှုကို ဆန့်ကျင်ခဲ့သူဖြစ်ပြီး ရုရှား စွမ်းအင်အပေါ် ပိတ်ဆို့မှုများကိုလည်း ကန့်ကွက်ခဲ့သူဖြစ်သည်။ ယခုအခါ ၎င်းအစိုးရဖွဲ့နိုင်ခြင်းက ဘူလ်ဂေးရီးယား၏ နိုင်ငံခြားရေးမူဝါဒနှင့် EU အတွင်း ယူကရိန်းအရေး သဘောထားများအပေါ် သိသာထင်ရှားသော အပြောင်းအလဲများ ဖြစ်ပေါ် လာနိုင်ဖွယ် ရှိနေပါသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး