ကျောက်ဆည်မြို့နယ် တိုက်နယ်(၃)၌ ငရုတ်သီးနှံ ၃၀ ဧက စိုက်ပျိုးပြီးဖြစ်
ကျောက်ဆည်၊ ဧပြီ-၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ တိုက်နယ်(၁၂)ခုရှိပြီး နယ်မြေဒေသအလိုက် ငရုတ်သီးနှံများ စိုက်ပျိုးလျက်ရှိရာ တိုက်နယ်(၃)အတွင်းရှိ ကျေးရွာအုပ်စုများတွင် ငရုတ်သီးနှံ ၃၀ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ် မြေစာရင်း ဦးစီးဌာနမှ သိရသည်။
တိုက်နယ်(၃)တွင် လက်ပံပင်၊ မယ်ဇယ်ပင်၊ တံစိုး၊ သူငယ်တော်၊ ပွတ္တိုင်၊ မြောင်းဦး၊ အနောက်သာဂရ၊ ရွာပုလဲ၊ ကတဲ၊ ပနန် ကျေးရွာအုပ်စုများပါဝင်ကြောင်း သိရပြီး ငရုတ်သီးနှံသည် ဈေးကွက်ကောင်း ရရှိသဖြင့် အခြား ကျေးရွာအုပ်စုများတွင်လည်း ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ငရုတ်စိုက်တောင်သူများသည် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် (၆၉၂) ငရုတ်မျိုးများ အဓိက စိုက်ပျိုးကြကြောင်း၊ မြေအနေအထားနှင့် ဈေးကွက်ရရှိရေး သီတင်းကျွတ်လမှ စတင်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုး ရာ၌ မြေပေါင်များပြုလုပ်၍ ပျိုးပင်များအား ရေသွင်းစိုက်ပျိုးခြင်းနှင့် မြေကျင်းတူး၍ ရေလောင်းစိုက်ပျိုးခြင်း ဟူ၍ အမျိုးမျိုးစိုက်ပျိုးကြကြောင်း၊ ငရုတ်သီးနှံ တစ်ဧက စိုက်ပျိုးမည်ဆိုပါက မျိုးထုပ်(၁၅)ထုပ်ခန့် ပျိုးထောင် ရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မြေပြင်သည်မှစ၍ အခင်း ဖျက်သိမ်းသည်အထိ ငွေကျပ်သိန်း (၄၀)မှ (၄၃) သိန်းခန့် ကုန်ကျစရိတ်ရှိကြောင်း၊ ငရုတ်သီးအစိမ်း ဈေးကွက်ကောင်းပါက ငရုတ်စိုက်တောင်သူများမှ အသီးစိမ်း ခူးဆွတ်ရောင်းချပြီး၊ အသီးအစိမ်း ဈေးကွက်မကောင်းပါက အမှည့်ထား၍ အခြောက်လှန်းကာ ရောင်းချကြောင်း၊ ငရုတ် တစ်ဧကတွင် ငရုတ်သီးအခြောက် တင်းပေါင်း (၃၀၀)မှ(၅၀၀)အထိထွက် ရှိကြောင်း ဒါန်းတိုင်ကျေးရွာမှ ငရုတ်စိုက် တောင်သူ ဦးမင်းနိုင်က ပြောပြသည်။
သက်မောင်(ကျောက်ဆည်)
