ကင်ညာအပြေးသမား Sebastian Sawe လန်ဒန်မာရသွန်တွင် ၂ နာရီအောက် စံချိန်ဖြင့် ကမ္ဘာ့စံချိန်သစ်တင်

News Image

  • ကင်ညာအပြေးသမား Sebastian Sawe လန်ဒန်မာရသွန်တွင် ၂ နာရီ အောက် စံချိန်ဖြင့် ကမ္ဘာ့စံချိန်သစ်တင်

ပြီးခဲ့သည့် တနင်္ဂနွေနေ့ (ဧပြီ ၂၆) က ကျင်းပခဲ့သော လန်ဒန် မာရသွန်ပြိုင်ပွဲတွင် အသက် ၃၁ နှစ်အရွယ်ရှိ ကင်ညာနိုင်ငံသား Sebastian Sawe သည် မာရသွန်အကွာအဝေး ၄၂.၂ ကီလိုမီတာကို တစ်နာရီ ၅၉ မိနစ် ၃၀ စက္ကန့်ဖြင့် အဆုံးသတ်ကာ တရားဝင်ပြိုင်ပွဲတစ်ခုအတွင်း နှစ်နာရီအောက် ဖြင့် ပန်းဝင်နိုင်သည့် ပထမဆုံးသောလူသားအဖြစ် ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့သည်။ 

၎င်းသည် ကွယ်လွန်သူ Kelvin Kiptum တင်ထားခဲ့သည့် ၂:၀၀:၃၅ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအောင်မြင်မှုအပေါ် ကင်ညာသမ္မတ William Ruto က နိုင်ငံအတွက် ဂုဏ်ယူကြောင်းနှင့် တာဝေးအပြေးလောကတွင် ကင်ညာ၏အင်အားကို ထပ်မံသက်သေပြလိုက်ခြင်းဖြစ်ကြောင်း ချီးကျူးစကားဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် လန်ဒန်မာရသွန်၏ အမျိုးသမီးပြိုင်ပွဲ၌လည်း အီသီယိုးပီးယားနိုင်ငံသူ Tigst Assefa က ၂:၁၅:၄၁ ဖြင့် ကမ္ဘာ့စံချိန်သစ်တင်ကာ ပထမရရှိခဲ့သည်။ ထို့အပြင် မော်စကို Half Marathon ပြိုင်ပွဲတွင်လည်း ကင်ညာနိုင်ငံသား Owen Korir က ၅၉:၃၅ စက္ကန့်ဖြင့် အနိုင်ရကာ ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်နာရီအောက် ပထမဆုံး ပန်းဝင်သူအဖြစ် စံချိန်တင်နိုင်ခဲ့သည်။ 

ကင်ညာအားကစားသမားများသည် ယခုလအတွင်း ကျင်းပခဲ့သည့် ဘော်စတွန် မာရသွန်တွင်လည်း နှစ်နှစ်ဆက်တိုက် အနိုင်ရရှိထားသည့်အတွက် ကမ္ဘာ့ တာဝေးအပြေးလောကတွင် ကင်ညာနိုင်ငံ၏ လွှမ်းမိုးမှုကို ထပ်မံအတည်ပြုနိုင်ခဲ့သော သမိုင်းဝင် နေ့တစ်နေ့ဖြစ်ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး