အမေရိကန်၏ ကျန်းမာရေးဆိုင်ရာ ကမ်းလှမ်းချက်ကို ဂါနာ လက်မခံ

News Image

  • အမေရိကန်၏ ကျန်းမာရေးဆိုင်ရာ ကမ်းလှမ်းချက်ကို ဂါနာ လက်မခံ

ဂါနာနိုင်ငံသည် အရေးကြီးသော ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို မျှဝေရန် တောင်းဆိုချက်များကြောင့် အမေရိကန်နှင့်ချုပ်ဆိုမည့် ကျန်းမာရေးအကူအညီပေးရေးကမ်းလှမ်းမှုကို ပယ်ချလိုက်ကြောင်း ဆွေးနွေးပွဲနှင့်နီးစပ်သူတစ်ဦးက အင်္ဂါနေ့ (ဧပြီ ၂၈) တွင် RT သတင်းဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်သည် သမ္မတ ဒေါ်နယ်ထရမ့် ရာထူးသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ယမန်နှစ်က USAID ကို ဖျက်သိမ်းလိုက်ပြီး နောက်ပိုင်း ဝါရှင်တန်၏ နိုင်ငံခြားအကူအညီပေးရေး ပြုပြင်ပြောင်းလဲမှုအတွက် နောက်ထပ်အဟန့်အတားတစ်ခု ဖြစ်လာခဲ့သည်။ ‘America First Global Health Strategy’ မဟာဗျူဟာအသစ်သည် အကူအညီရယူသည့် အစိုးရများဘက်မှလည်း ပူးပေါင်းရင်းနှီးမြှုပ်နှံရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတ်မှတ်ထားပြီး ၎င်းမှာ နိုင်ငံခြားအကူအညီအပေါ် မှီခိုမှုကို လျှော့ချရန်နှင့် အမေရိကန်၏ ကျန်းမာရေးဆိုင်ရာ ဆန်းသစ်တီထွင်မှု များကို ကမ္ဘာတစ်ဝှမ်းတွင် မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

Reuters က ကိုးကားဖော်ပြခဲ့သော သတင်းရင်းမြစ်အရ ဂါနာအစိုးရ သည် ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၀၉ သန်း ပံ့ပိုးပေးမည့် သဘော တူညီချက်ပါ အချက်အလက်မျှဝေခြင်းဆိုင်ရာ စည်းကမ်းချက်များကို ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။ အစိုးရ၏ တရားဝင်အချက်အလက်များအရ ထရမ့်အစိုးရ၏ အကူအညီများမဖြတ်တောက်မီ ၂၀၂၄ ခုနှစ်တွင် အနောက် အာဖရိကနိုင်ငံဖြစ်သော ဂါနာသည် အမေရိကန်ထံမှ ကျန်းမာရေး ကဏ္ဍ အတွက် ဒေါ်လာ ၉၆ သန်း အပါအဝင် စုစုပေါင်း နိုင်ငံခြားအကူအညီ ဒေါ်လာ ၂၁၉ သန်း ရရှိခဲ့သည်။

ဆွေးနွေးပွဲများကို ပြီးခဲ့သည့် နိုဝင်ဘာလကတည်းကစတင်ခဲ့သော်လည်း ဝါရှင်တန်က သဘောတူညီချက်အပြီးသတ်ရန် ဧပြီလ ၂၄ ရက်နေ့ကို နောက်ဆုံးသတ်မှတ်ရက်အဖြစ် ဖိအားပေးလာသည့်အတွက် အက်ကရာ သည် ပိုမိုဖိအားများလာခဲ့သည်။

အစပိုင်းမှာတော့ ဆွေးနွေးညှိနှိုင်းမှုတွေက ပုံမှန်အတိုင်းပါပဲ၊ ဒါပေမဲ့နောက်ပိုင်းမှာ အထူးသဖြင့် အဆုံးသတ်ခါနီးမှာ ဖိအားပေးမှုတွေ အများကြီးရှိလာခဲ့တယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး