လက်ဘနွန်တွင် စစ်မီးပြန်လည်တောက်လောင်လာပြီး အပစ်အခတ်ရပ်စဲရေး ပျက်ပြားမည့်အရေး ကြုံတွေ့နေရ

News Image

  • လက်ဘနွန်တွင် စစ်မီးပြန်လည်တောက်လောင်လာပြီး အပစ်အခတ် ရပ်စဲရေး ပျက်ပြားမည့်အရေး ကြုံတွေ့နေရ

အီရန်နှင့် အစ္စရေးအကြား တိုက်ပွဲများငြိမ်သက်သွားသော်လည်း လက်ဘနွန် တောင်ပိုင်းတွင်မူ အခြေအနေများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွား လာနေသည်။ အမေရိကန်က ဦးဆောင်၍ ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာခဲ့သော အပစ်အခတ်ရပ်စဲရေးကာလကို သုံးပတ်ထပ်မံ တိုးမြှင့်ထားသော်လည်း တနင်္ဂနွေနေ့ (ဧပြီ ၂၆) က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်နှစ်ဦး အပါအဝင် လူပေါင်း (၁၄) ဦး သေဆုံးခဲ့ရပြီး ယင်းသည် အပစ်အခတ်ရပ်စဲရေးကာလအတွင်း အသေအပျောက်အများဆုံးနေ့ ဖြစ်ခဲ့ရသည်။ 

အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးများသည် ဂါဇာတွင် အသုံးပြုခဲ့သည့် နည်းဗျူဟာများအတိုင်း ကျန်းမာရေးဌာနများနှင့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားကာ စိတ်ဓာတ်စစ်ဆင်ရေးများပါ လုပ်ဆောင်လာနေကြောင်း လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြလျက်ရှိသည်။

တစ်ဖက်တွင်လည်း လက်ဘနွန်နိုင်ငံရေးလောကအတွင်း ဟစ်ဇဘိုလာအဖွဲ့၏ လုပ်ရပ်များအပေါ် ပြင်းထန်သောဝေဖန်မှုများ ထွက်ပေါ်လာ နေသည်။ လက်ဘနွန်သမ္မတ ဂျိုးဇက်အောင်းက ဟစ်ဇဘိုလာအဖွဲ့အနေဖြင့် အစ္စရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ငြင်းဆန်နေခြင်းသည် မိမိနိုင်ငံ၏ အကျိုးစီးပွားထက် အီရန်နှင့်ဂါဇာအတွက် ရှေ့တန်းတင်နေခြင်းဖြစ်ပြီး နိုင်ငံကိုစစ်ပွဲအတွင်းသို့ အတင်းအကျပ်ဆွဲသွင်းနေခြင်းမှာ "သစ္စာဖောက်မှု" ပင်ဖြစ်သည်ဟု ပြစ်တင်ရှုတ်ချခဲ့သည်။ 

သို့သော်လည်း ဟစ်ဇဘိုလာအဖွဲ့ကမူ ၎င်းတို့၏ရပ်တည်ချက်ကို လျှော့ချခြင်းမရှိဘဲ အစ္စရေး၏ ကျူးကျော်မှုကိုဟန့်တားရန် ၁၉၈၀ ပြည့်လွန်နှစ်များက အသုံးပြုခဲ့သည့် "အသေခံတပ်ဖွဲ့" ဗျူဟာများကို ပြန်လည်အသက်သွင်းကာ ခုခံသွားမည်ဟု တုံ့ပြန်ထားသဖြင့် ဒေသတွင်း ပဋိပက္ခမှာ ပိုမိုနက်ရှိုင်းလာမည့် အခြေအနေတွင် ရှိနေသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး