အိန္ဒိယနိုင်ငံတစ်ဝန်း၌ မြင့်မားသည့်အပူချိန်ကို ဆက်လက်ကြုံတွေ့ရမည်
နယူးဒေလီ — အိန္ဒိယနိုင်ငံတစ်ဝန်း၌ မြင့်မားသည့်အပူချိန်များကို လာမည့်ရက်ပိုင်းအတွင်း ဆက်လက်ကြုံတွေ့ရမည်ဖြစ်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။ လက်ရှိအခြေအနေတွင် ကလေးငယ်များ အပူလျှပ်ခြင်းမဖြစ်စေရေးအတွက် အချို့ဒေသများရှိ အခြေခံပညာကျောင်းများကို ပိတ်ထားခြင်းနှင့် သင်ကြားရေးအချိန်ဇယားများကို ပြောင်းလဲရေးဆွဲထားခြင်းများ ပြုလုပ်ထားကြောင်း သိရသည်။
မိုးလေဝသဌာန၏ ဧပြီလ ၂၇ ရက် တိုင်းတာချက်များအရ နိုင်ငံအနောက်ပိုင်း ရာဂျက်စသန်ပြည်နယ်ရှိ ဂျေဆယ်မားနှင့် ဘားမားခရိုင်များတွင် အပူချိန်မှာ ၄၆ ဒသမ ၄ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ပြီး တစ်နိုင်ငံလုံးအနက် အပူဆုံးဒေသများအဖြစ် မှတ်တမ်းတင်ထားသည်။
ထို့အပြင် နိုင်ငံအရှေ့ပိုင်းရှိ အိုဒစ်ရှာပြည်နယ်တွင်လည်း အပူချိန်သည် ပုံမှန်ထက် ၄ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ပိုမြင့်တက်ခဲ့ပြီး ၄၄ ဒသမ ၈ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့သည်။ အဆိုပါပြည်နယ်ရှိ ဆိုနီပူရခရိုင်တွင်လည်း အပူချိန် ၄၃ ဒသမ ၇ ဒီဂရီစင်တီဂရိတ်ဖြင့် စံချိန်တင်အပူရှိန်ကို ကြုံတွေ့ခဲ့ရကြောင်း မိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တာဝန်ရှိသူများက ယခုကဲ့သို့ အပူချိန်မြင့်မားနေခြင်းသည် ပြင်းထန်သည့် အပူလှိုင်းဖြတ်မှုများကြောင့်ဖြစ်ကြောင်း ရှင်းလင်းထားပြီး ပြည်သူများအနေဖြင့် အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်များကို တိတိကျကျလိုက်နာရန် သတိပေးထားသည်။
MWD
