ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းမှုကို ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၂
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းတို့သည် ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး/ကုသရေး) ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှူးတို့နှင့်အတူ ယနေ့နံနက်ပိုင်း တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ပြုလုပ်သော နှစ် (၈၀) ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ပြီး သွေးလှူဒါန်းကြသော မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များကို တွေ့ဆုံအားပေးစကား ပြောကြားကာ အမှတ်တရဂုဏ်ပြု လက်ဆောင်များ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့်အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ပြန်လည်အဆင့်မြှင့် ပြင်ဆင်ထားသော အထူးကြပ်မတ်ကုသဌာန (ICU) နှင့် ပင်မဆေးကုသဆောင်ရှိ ထပ်မံတိုးချဲ့ထားရှိ သော အရိုးနှင့်ထိခိုက်ဒဏ်ရာ ကုသဌာနတို့ကိုကြည့်ရှုစစ်ဆေးပြီး ဆေးရုံတက်ရောက် လူနာ/လူနာစောင့် များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ ICU ထပ်မံတိုးချဲ့နိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သူနာပြုကြီး များအားတွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက လက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက် မှုများကိုပိုမိုရရှိစေရေး၊ လူနာများ စောင့်ဆိုင်းရမှု အချိန်ကာလ လျော့ကျစေရေး၊ လူနာပြုစုကုသမှုများ ပိုမိုစနစ်ကျစေရေး၊ ပြည်သူမှစိုက်ထုတ်ကုန်ကျငွေ အတတ်နိုင်ဆုံးလျော့နည်းစေရေး၊ ကျန်းမာရေးဝန်ထမ်းများက ပြည်သူများနှင့်ရင်းနှီးနွေးထွေးစွာဆက်ဆံရေး၊ လူနာများ အပေါ် ပိုမိုဂရုစိုက်စောင့်ရှောက်ရေး၊ ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာ၍ တာဝန်ထမ်းဆောင်ရေး၊ သေဆုံးသူလူနာများထားရှိရာ (Mortuary) အဆောက်အအုံသစ်အား သတ်မှတ်အချိန် ကာလအတွင်း အချိန်မီပြီးစီးအောင် ကြိုးစား ဆောင်ရွက်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားသည်။
ညနေပိုင်းတွင်လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးသို့ ကွင်းဆင်းစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက လူနာများ သက်သောင့်သက်သာကုသမှုခံယူနိုင်ရေး၊ ကုသမှုအရည် အသွေးပိုမိုမြင့်မားစေရေး၊ ဆေးစတိုတွင် ဆေးဝါးများစနစ်တကျထားရှိရေး၊ လူနာများအား စေတနာထားကုသပေးရေး၊ အဆောက်အအုံနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ရန် မှာကြားသည်။
ထို့အတူ ယမန်နေ့ညနေပိုင်းက ပြည်ထောင်စုဝန်ကြီးသည် ကျန်းမာရေး ဝန်ကြီးဌာန ဆေးဝါးနှင့်စက်ပစ္စည်းဝယ်ယူ ဖြန့်ဖြူးရေးမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး သို့သွားရောက်၍ ရောဂါပြင်းထန်မှုအလိုက် ဦးစားပေးကုသပေးနေမှု၊ အရေးပေါ်ဆေးကုသမှုဌာနများ၊ ဆေးနှင့်ဆက်စပ်ပစ္စည်းအသုံးပြုနေမှု၊ ဝန်ထမ်းအိမ်ရာများကိုကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
MWD
