ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင် ရေစီးရေလာကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ရန်ကုန် မေ ၃
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးမျိုးမြင့်အောင်သည် ယနေ့နံနက်ပိုင်းက လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ရန်ကုန်-ပုသိမ်လမ်းသို့ သွားရောက်၍ လမ်းတစ်လျှောက် ရေမြောင်း ရေစီးရေလာ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေမြောင်း တစ်လျှောက် ပိတ်ဆို့မှုမရှိစေရေး၊ ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဗိုလ်အောင်ကျော်လမ်းပေါ်ရှိ အင်းဂလိုင်ချောင်း အတွင်းရှိ အမှိုက်များ ဆယ်ယူရှင်းလင်းနေမှုနှင့် ကနောင်မင်းသားကြီး လမ်းပေါ်ရှိ အများပြည်သူသုံး အားကစားကွင်းကို အများပြည်သူများ လွယ်ကူစွာလာရောက် ကစားနိုင်ရေးအတွက် အဆင့်မြှင့်တင်ရန်လိုအပ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ရွှေပြည်သာ မြို့နယ် ရွှေပြည်သာ တံတားဆင်း နေရာကို ယာဉ်များသွားလာရာတွင် အဆင်ပြေစေမှုရှိစေရန် လမ်းသားအား ညီညာစွာ ပြုပြင် ပေးရန်မှာကြားပြီး ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာလှပစေရန် တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးသည်။
ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည် ရွှေပြည်သာမြို့နယ် လှော်ကားလမ်းပေါ်ရှိ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန ပိုင်မြေနေရာ၌ ပန်းခြံဖော်ဆောင်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
MDN
