အီရန်က အမေရိကန်ရေတပ်သင်္ဘောကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မီဒီယာများ ဖော်ပြ
ဟော်မုဇ်ရေလက်ကြားအနီးတွင် သတိပေးချက်ကို လျစ်လျူရှုပြီး ရေလမ်းကြောင်းအတွင်း ဝင်ရောက်ရန်ကြိုးပမ်းသည့် အမေရိကန် ရေတပ်ကင်းလှည့်သင်္ဘောတစ်စင်းကို အီရန်က ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အီရန်အခြေစိုက် Fars သတင်းဌာနက အင်္ဂါနေ့ (မေ ၅) တွင် ဖော်ပြခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် အမေရိကန်သင်္ဘောမှာ ခရီးစဉ်ကို ဆက်မသွားနိုင်ဘဲ ပြန်လှည့်ခဲ့ရသည်ဟုဆိုသော်လည်း အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ကမူ ၎င်းတို့၏သင်္ဘောများ ထိမှန်ခြင်း မရှိကြောင်းနှင့် အဆိုပါသတင်းမှာ မဟုတ်မှန်ကြောင်း ချက်ချင်းပယ်ချခဲ့သည်။ လက်ရှိတွင် အမေရိကန်တပ်ဖွဲ့များသည် ပိတ်မိနေသော ကုန်သွယ်ရေးသင်္ဘောများကို လမ်းပြခေါ်ဆောင်ပေးမည့် "Project Freedom" အစီအစဉ်ကို ဆောင်ရွက်နေသကဲ့သို့ အီရန် ဆိပ်ကမ်းများကိုလည်း ရေတပ်ဖြင့် ပိတ်ဆို့ထားဆဲဖြစ်သည်။
ယခုစစ်ရေးတင်းမာမှုသည် သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလကတည်းက ပိတ်မိနေသည့် သင်္ဘောများကို အမေရိကန် စစ်တပ်က လမ်းပြ၍ လွတ်မြောက်အောင် ကူညီပေးမည်ဟု ကတိပြုခဲ့ပြီးနောက် ပိုမို ပြင်းထန်လာခြင်းဖြစ်သည်။ အီရန်ဘက်ကလည်း ၎င်းတို့၏ ရေပိုင်နက်သို့ ချဉ်းကပ်လာသည့် မည်သည့်ပြည်ပစစ်တပ်ကိုမဆို တိုက်ခိုက်သွားမည် ဟု သတိပေးထားပြီး အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို ‘စစ်မက်ပြုခြင်း’ ဟု သတ်မှတ်ထားသည်။ တစ်ဖက်တွင်လည်း ဒေသတွင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို ခြိမ်းခြောက်မှုနှင့် ကြုံတွေ့ရပါက ချက်ချင်း တုံ့ပြန် တိုက်ခိုက်နိုင်သည့် (Rules of Engagement) လုပ်ပိုင်ခွင့်ကိုလည်း ပင်တဂွန်က ခွင့်ပြုထားကြောင်း သိရှိရသည်။
အဆိုပါပဋိပက္ခ၏ နောက်ဆက်တွဲအနေဖြင့် ကမ္ဘာ့ရေနံတင်ပို့မှု၏ ၂၀ ရာခိုင်နှုန်းခန့်ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားမှာ လက်တွေ့တွင် ပိတ်ဆို့ထားသကဲ့သို့ဖြစ်နေပြီး ကမ္ဘာ့ရေနံဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လျက်ရှိသည်။ အမေရိကန်တွင်လည်း ဓာတ်ဆီဈေးနှုန်းမှာတစ်ဂါလန်လျှင် ၄.၄ ဒေါ်လာအထက်သို့ရောက်ရှိကာ စံချိန်တင်မြင့်တက်နေသဖြင့် ပြည်တွင်း၌ မကျေနပ်မှုများ မြင့်တက်နေသော်လည်း သမ္မတ ထရမ့်အနေဖြင့် အီရန်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲစားပွဲဝိုင်းသို့ ရောက်လာစေရန် ရေတပ်ဖြင့် ဆက်လက်ပိတ်ဆို့ထားသည့် မူဝါဒကိုသာ ဆက်လက်ကိုင်စွဲထားကြောင်း သိရှိရပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,
,