တူရကီနိုင်ငံက ၎င်း၏ ပထမဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) ကို ထုတ်ဖော်ပြသ

News Image

  • တူရကီနိုင်ငံက ၎င်း၏ ပထမဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) ကို ထုတ်ဖော်ပြသ

တူရကီနိုင်ငံသည် ၎င်း၏ ပထမဆုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် (ICBM) ကို ထုတ်ဖော်ပြသလိုက်ပြီး ယင်းသည် နိုင်ငံ၏ တာဝေးပစ်တိုက်ခိုက်နိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Yildirimhan ဟု အမည်ပေးထားသော အဆိုပါဒုံးကျည်ကို အစ္စတန်ဘူလ်မြို့တွင် အင်္ဂါနေ့ (မေ ၅) က ကျင်းပခဲ့သည့် SAHA 2026 ကာကွယ်ရေး စက်မှုပြပွဲတွင် ပြသခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း မီဒီယာသတင်းများအရ သိရှိရသည်။ ၎င်းကို ကာကွယ်ရေးကန်ထရိုက်တာ ROKETSAN မှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး ပစ်ခတ်နိုင်သည့်အကွာအဝေးမှာ ကီလိုမီတာ ၆,၀၀၀ (မိုင်ပေါင်း ၃,၇၂၀) ခန့် ရှိမည်ဟု ခန့်မှန်းရသည်။

ကာကွယ်ရေးဝန်ကြီး Yasar Guler က Yildirimhan သည် နိုင်ငံ၏ ယနေ့အထိ အဝေးဆုံးပစ်ခတ်နိုင်သည့် ဒုံးကျည်ဖြစ်ပြီး ဟိုက်ပါဆောနစ် (Hypersonic) အလျင်ဖြင့် ပျံသန်းနိုင်သည့် ပထမဆုံး အရည်လောင်စာသုံး ဒီဇိုင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါICBM သည် နိုင်ငံ၏ ကာကွယ်ရေးစွမ်းဆောင်ရည်အတွက် ‘အဓိက ခြေလှမ်းသစ်’ တစ်ရပ်ဖြစ်ပြီး အဓိကအားဖြင့် ရန်သူကိုတားဆီးရန်အတွက် ရည်ရွယ်ခြင်းဖြစ်သော်လည်း လိုအပ်ပါက တိုက်စစ်အတွက် အသုံးပြုသွားမည်ဟု သတိပေးခဲ့သည်။

"အကယ်၍ မိမိတို့ အသုံးပြုရတော့မည်ဆိုလျှင် ဝေခွဲမနေဘဲ အထိရောက်ဆုံးနည်းလမ်းဖြင့် အသုံးပြုမည်ကို မည်သူမျှ သံသယမရှိစေလိုပါ" ဟု Guler က ပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံ၏ ကာကွယ်ရေးစက်မှုလုပ်ငန်းမှာ ထုတ်လုပ်မှုစွမ်းအားများစွာ တိုးတက်လာပြီး တူရကီ၏ စစ်လက်နက်စနစ်များသည် ကမ္ဘာ့အပြင်းထန်ဆုံး ပဋိပက္ခဒေသများတွင် လက်တွေ့သက်သေပြနိုင်ခဲ့ကြောင်း ဝန်ကြီးက ဆိုသည်။ တူရကီသည် ယခင်က ပြည်ပမှ အဓိက တင်သွင်းရသည့်နိုင်ငံအဆင့်မှ ယခုအခါ ကိုယ်ပိုင်စနစ်များကို "ဒီဇိုင်းဆွဲထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်သည့်" နိုင်ငံဖြစ်လာပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တူရကီသည် မကြာသေးမီနှစ်များအတွင်း ဒရုန်းများ၊ ခရုဇ်ဒုံးကျည်များနှင့် မြေပြင်အခြေစိုက်လက်နက်စနစ်များကို ဆီးရီးယား၊ အီရတ်၊ လစ်ဗျားနှင့် တောင်ပိုင်းကော့ကေးဆပ် ဒေသများအထိ ဖြန့်ကြက် အသုံးပြုလာနိုင်သည်အထိ ကာကွယ်ရေးကဏ္ဍတွင် လျင်မြန်စွာ တိုးတက်လာခဲ့သည်။

ထို ICBM ကို ထုတ်ဖော်ပြသခြင်းသည် အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်တက်နေချိန်နှင့် တိုက်ဆိုင်နေသည်။ ဖေဖော်ဝါရီလ နှောင်းပိုင်းတွင် အီရန်အပေါ် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ခဲ့ပြီးနောက် တူရကီ သမ္မတ ရီဆပ် တေယစ် အာဒိုဂန်က ဒေသတစ်ခုလုံး မီးဟုန်းဟုန်းတောက်မသွားမီ တိုက်ပွဲများရပ်တန့်ကြရန် တိုက်တွန်းခဲ့သည်။ အီရန် စစ်ပွဲကြောင့် အန်ကာရာအနေဖြင့် ပြည်တွင်းဖြစ်လက်နက်များနှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ပိုမိုအရှိန်မြှင့်ထုတ်လုပ်ရန် တွန်းအားဖြစ်စေခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး Hakan Fidan က ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး