နယ်သာလန်တွင် ဂျာမန်စစ်သားများ တိုက်ခိုက်ခံရမှုကြောင့် နေတိုးအဖွဲ့ လုံခြုံရေးအဆင့်မြှင့်တင်

News Image

  • နယ်သာလန်တွင် ဂျာမန်စစ်သားများ တိုက်ခိုက်ခံရမှုကြောင့် နေတိုးအဖွဲ့ လုံခြုံရေးအဆင့်မြှင့်တင်

နယ်သာလန်နိုင်ငံ၊ Brunssum မြို့ရှိ နေတိုး (NATO) စစ်ဆင်ရေးဌာနချုပ်အပြင်ဘက်တွင် အရပ်ဝတ်ဖြင့်ရှိနေသော ဂျာမန်စစ်သားနှစ်ဦးကို မျက်နှာဖုံးစွပ်ထားသည့် အမည်မသိလူစုတစ်စုက အင်္ဂလိပ်ဘာသာဖြင့် "We hate NATO" ဟု အော်ဟစ်ကာ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ကြောင်း dpa နှင့် Der Spiegel သတင်းဌာနများက ဖော်ပြခဲ့ကြသည်။ 

အဆိုပါဖြစ်စဉ်တွင် လူတစ်စုက အရာရှိတစ်ဦးအား ငွေတောင်းခံခဲ့ပြီး ထိုအရာရှိက ဟိုတယ်တစ်ခုသို့ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားနိုင်ခဲ့သော်လည်း ရဲများရောက်ရှိလာချိန်တွင် ကျန်ရှိနေသည့် ဒုတိယအရာရှိမှာ တိုက်ခိုက်ခံခဲ့ရပြီးဖြစ်ကာ ကျူးလွန်သူများမှာလည်း ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ဂျာမနီကာကွယ်ရေးဝန်ကြီးဌာနက ဒဏ်ရာရရှိခဲ့သည့် အရာရှိနှစ်ဦးစလုံးမှာ လက်ရှိတွင် ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်းနှင့် အဆိုပါ ဖြစ်ရပ်ကို လုံခြုံရေးနှင့်သက်ဆိုင်သော ကိစ္စရပ်အဖြစ်သတ်မှတ်ကာ နယ်သာလန် တပ်ထိန်းတပ်ဖွဲ့နှင့် ပူးပေါင်းစုံစမ်းနေကြောင်း အတည်ပြုခဲ့သည်။ 

အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် နေတိုးအဖွဲ့သည် ၎င်း၏ အဆောက်အအုံများနှင့် ဝန်ထမ်းများအပေါ်အကြမ်းဖက်ခံရနိုင်ခြေမြင့်မားလာသဖြင့် လုံခြုံရေးသတိပေးချက် အဆင့်ကို တိုးမြှင့်ထားပြီး စစ်သည်များကိုလည်း စခန်းပြင်ပတွင် စစ်ဝတ်စုံဖြင့်မသွားလာရန် ညွှန်ကြားထားသည်။ ပြီးခဲ့သည့် နွေရာသီကလည်း နေတိုး၏ စစ်ရေးအသုံးစရိတ်တိုးမြှင့်မှု၊ ဂါဇာစစ်ပွဲနှင့် အီရန်ပဋိပက္ခတို့အပေါ် ကန့်ကွက်သည့်ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ကြောင်း သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး