အစ္စရေး၏ လက်ဘနွန်နိုင်ငံအတွင်း လတ်တလော တိုက်ခိုက်မှုများအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ၆ ဦး သေဆုံး

News Image

  • အစ္စရေး၏ လက်ဘနွန်နိုင်ငံအတွင်း လတ်တလော တိုက်ခိုက်မှုများအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ၆ ဦး သေဆုံး

လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ လတ်တလော လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ကြောင်း လက်ဘနွန်အမျိုးသားသတင်းအေဂျင်စီ (NNA) က ဗုဒ္ဓဟူးနေ့ (မေ ၆) တွင် ထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ် (IDF) သည် ဟစ်ဇ်ဘိုလာတို့၏ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား၍ တိုက်ခိုက်ရန် လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာ ၁၂ ရွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ဆင်ရေးများကို အရှိန်မြှင့် လုပ်ဆောင်လာခြင်းဖြစ်သည်။ 

အဆိုပါတိုက်ခိုက်မှုများအတွင်း ထူးခြားဖြစ်စဉ်အနေဖြင့် လက်ဘနွန် အရှေ့ပိုင်း ဘီကာတောင်ကြား (Beqaa Valley) ရှိ ဇေလာယာကျေးရွာရှိ နေအိမ်တစ်လုံး ဗုံးကြဲခံရမှုကြောင့် အဆိုပါကျေးရွာ၏ အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ မိသားစုဝင် ၃ ဦး သေဆုံးခဲ့ပြီး အခြား ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ယခုတိုက်ခိုက်ခံရသည့် ဇေလာယာရွာသည် အစ္စရေးက စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသော လက်ဘနွန် တောင်ပိုင်းတွင်မဟုတ်ဘဲ အခြားဒေသတွင် တည်ရှိနေခြင်းဖြစ်သည်။ ထို့ပြင် လက်ဘနွန် တောင်ပိုင်း နာဘာတီယာခရိုင်တွင်လည်း အစ္စရေး၏ တိုက်ခိုက်မှုကြောင့် နောက်ထပ် လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

တစ်ဖက်တွင်လည်း ဟစ်ဇဘိုလာအဖွဲ့သည် အစ္စရေးစစ်တပ်ကို ပစ်မှတ်ထား၍ ဒရုန်းနှင့် ဒုံးကျည်များဖြင့် ပြန်လည်တိုက်ခိုက်လျက်ရှိရာ ဗုဒ္ဓဟူးနေ့ (မေ ၆) တွင် ဖြစ်ပွားခဲ့သော ဒရုန်းပေါက်ကွဲမှုကြောင့် အစ္စရေးစစ်သား ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများ အရ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခအတွင်း လက်ဘနွန်တွင် သေဆုံးသူ ၂,၇၀၂ ဦးနှင့် ဒဏ်ရာရရှိသူ ၈,၃၁၁ ဦးအထိ ရှိလာပြီဖြစ်သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး