ထရမ့်၏ ရာဇသံအပြီး အိုမန်ပင်လယ်ကွေ့အတွင်းရှိ အီရန် ရေနံတင်သင်္ဘောကို အမေရိကန်စစ်တပ် ပစ်ခတ်တိုက်ခိုက်

News Image

  • ထရမ့်၏ ရာဇသံအပြီး အိုမန်ပင်လယ်ကွေ့အတွင်းရှိ အီရန် ရေနံတင်သင်္ဘောကို အမေရိကန်စစ်တပ် ပစ်ခတ်တိုက်ခိုက်

ဝါရှင်တန်၏ သတ်မှတ်ချက်များအတိုင်း စစ်ပွဲကိုအဆုံးသတ်ရန် တီဟီရန် ဘက်က သဘောမတူပါက ဗုံးကြဲတိုက်ခိုက်မှုများကို ပြန်လည်စတင်မည် ဟု သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြီးနောက် အမေရိကန် စစ်တပ်သည် အိုမန်ပင်လယ်ကွေ့အတွင်းရှိ အီရန်အလံလွှင့်ထူထားသော ရေနံတင်သင်္ဘောတစ်စင်းကို ပစ်ခတ်တိုက်ခိုက် ဟန့်တားခဲ့သည်။

အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ၏ ပြောကြားချက်အရ ကုန်စည်တင်ဆောင်ထားခြင်းမရှိသည့် M/T Hasna ရေနံတင်သင်္ဘော သည် ဗုဒ္ဓဟူးနေ့ (မေ ၆) တွင် အီရန်ဆိပ်ကမ်းတစ်ခုသို့ ဦးတည်ခုတ်မောင်းရန် ကြိုးပမ်းခဲ့ခြင်းသည် ဝါရှင်တန်၏ ရေကြောင်းပိတ်ဆို့မှုကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် သင်္ဘောများဖြတ်သန်းသွားလာနိုင်ရေး စစ်ဆင်ရေးဖြစ်သော Project Freedom ကို ရပ်တန့်ရန် သမ္မတက ရုတ်တရက် ဆုံးဖြတ်ခဲ့သော်လည်း ရေကြောင်းပိတ်ဆို့မှုမှာမူ ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။

အမေရိကန်တပ်ဖွဲ့ဝင်များသည် သတိပေးချက်များ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပြီးနောက် USS Abraham Lincoln လေယာဉ်တင်သင်္ဘောပေါ်မှ ပျံတက် လာသော F/A-18 Super Hornet တိုက်လေယာဉ်တစ်စင်းက အဆိုပါ သင်္ဘော၏ တက်မ (Rudder) ကို 20 MM စက်အမြောက်ဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့ပြီး အီရန် နိုင်ငံဘက်သို့ ဆက်လက်မခုတ်မောင်းနိုင်ရန် တားဆီးခဲ့ခြင်းဖြစ်ကြောင်း CENTCOM က ဆိုသည်။

ယခုတိုက်ခိုက်မှုသည် သမ္မတထရမ့်က တီဟီရန် အစိုးရထံ ရာဇသံအသစ်ထုတ်ပြန်ပြီးနောက် မကြာမီမှာပင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထရမ့် က ၎င်း၏ သတ်မှတ်ချက်များကို အီရန်က လက်ခံမှသာလျှင် Epic Fury စစ်ဆင်ရေးကြီး ပြီးဆုံးမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။ ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် “အီရန်ဘက်မှသဘောမတူပါက ယခင်ကထက် ပိုမိုပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်မည်” ဟု ရေးသားခဲ့သည်။

သို့သော်လည်း ထရမ့်သည် ညှိနှိုင်းမှုများအပါ် အကောင်းမြင်ဆဲဖြစ်ပြီး ၎င်း၏ တရုတ်နိုင်ငံ ခရီးစဉ်မတိုင်မီ စစ်ပွဲပြီးဆုံးရန် အလွန်ကောင်းမွန်သည့် အခွင့်အရေးရှိနေကြောင်း ဗုဒ္ဓဟူးနေ့ (မေ ၆) ညပိုင်းတွင် PBS သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး