စီမံကိန်း အတည်မပြုမီ မြေယာကြိုတင်ဝယ်ယူမှုများကြောင့် 'Land Bridge' စီမံကိန်း ပြန်လည်ဝေဖန်ခံနေရ
ထိုင်းနိုင်ငံ၏ 'Land Bridge' စီမံကိန်း အတည်မပြုရသေးမီ ရနောင်း (Ranong) ခရိုင်အတွင်း မြေယာအမြောက်အမြား ကြိုတင်ဝယ်ယူမှုများ ရှိနေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် အဆိုပါ စီမံကိန်းသည် မြေယာဈေးကစားမှုနှင့် ဒေသခံလူထုအပေါ် သက်ရောက်မှုများ ရှိလာနိုင်သည့်အတွက် ဝေဖန်မှုများ တစ်ကျော့ပြန်ထွက်ပေါ်လာခဲ့သည်။
အဆိုပါ မဟာဗျူဟာစီမံကိန်းကို မျှော်မှန်းထားသည့် ရင်းနှီးမြှုပ်နှံသူများနှင့်ဆက်နွှယ်နေသော ကုမ္ပဏီများသည် ပြီးခဲ့သည့် ၂ လ၊ ၃ လအတွင်း ရနောင်းခရိုင်ရှိ မြေရိုင်းဧရိယာ ၅၀၀ (ဧက ၂၀၀ ခန့်) ကျော်ကို ဝယ်ယူထားကြောင်း အတိုက်အခံနိုင်ငံရေးသမားတစ်ဦးနှင့် သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတစ်ဦးတို့က စွပ်စွဲပြောဆိုပြီးနောက် အငြင်းပွားမှုများ ပိုမိုပြင်းထန်လာခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ပါတီ (People's Party) မှ လွှတ်တော်အမတ်နှင့် ပြောရေးဆိုခွင့်ရှိသူ Pukkamon Nunarnan က အစိုးရအနေဖြင့် စီမံကိန်း၏ နောက်ခံ အကြောင်းအရင်းနှင့် ရိုက်ခတ်မှုများကို ပြည့်ပြည့်စုံစုံ ရှင်းပြခြင်းမရှိဘဲ 'Land Bridge' စီမံကိန်းကို ကြော်ငြာနေခြင်းအပေါ် ဝေဖန်ခဲ့သည်။ "စီမံကိန်းရဲ့ အရင်းအမြစ်ကို မရှင်းပြဘဲ Land Bridge အိမ်မက်ကို ရောင်းစားနေတာဟာ အခွင့်အရေးသမား ဆန်လွန်းပါတယ်" ဟု သူမက ဆိုသည်။ ထို့ပြင် အစိုးရအနေဖြင့် အရှေ့ဖျား စီးပွားရေးစင်္ကြံ (EEC) စံနမူနာကို အသုံးပြုလိုပါက EEC တွင် ကြုံတွေ့ခဲ့ရသည့်ပြဿနာမျိုး တောင်ပိုင်းတွင် ထပ်မဖြစ်စေရန် မည်သူက အာမခံနိုင်သနည်းဟုလည်း မေးခွန်းထုတ် ခဲ့သည်။
သူမက ဒုတိယဝန်ကြီးချုပ်နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး Phiphat Ratchakitprakarn အား စီစဉ်ထားသည့် အစည်းအဝေးများထက် သက်ရောက်မှုရှိနိုင်သည့်လူထုထံ တိုက်ရိုက်ဆင်း၍ ရှင်းပြရန်တိုက်တွန်းခဲ့သည်။ ရနောင်းခရိုင်၊ အိုခွိုင် (Ao Khoei) ရှိ ဒေသခံများသည် "Ama" ဟု လူသိများသည့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်နှင့်ဆက်နွှယ်သော မြေယာဝယ်ယူမှု သတင်းအချက်အလက်များကိုပေးရန် အသင့်ရှိကြောင်း သူမက ပြောကြားခဲ့သည်။ Pukkamon ၏အဆိုအရ စီမံကိန်းမှာ လေ့လာဆဲအဆင့်တွင်သာ ရှိသေးသော်လည်း အဆိုပါဒေသရှိ မြေရိုင်း ၅၀၀ ကျော်ကို ကုမ္ပဏီများစွာသို့ ရောင်းချထားပြီးဖြစ်ကြောင်း သိရှိ ရသည်။
'Land Bridge' စီမံကိန်းတွင် ရနောင်းနှင့် ချမ်ဖွန်း (Chumphon) ခရိုင်တို့ကို ၉၀ ကီလိုမီတာ ရှည်လျားသော ရထားလမ်း၊ ကားလမ်းများဖြင့် ဆက်သွယ်မည့် ရေနက်ဆိပ်ကမ်းများ တည်ဆောက်ရန်ပါဝင်ပြီး ထိုင်းနိုင်ငံကို ဒေသတွင်း သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး (Logistics) ဗဟိုချက်ဖြစ်လာစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ရနောင်းရှိ ပက်ထရီယမ် (Pak Triam) သစ်တောကျူးကျော်မှုများကို စုံစမ်းစစ်ဆေးနေသည့် အမျိုးသားဥယျာဉ်ဦးစီးဌာန ညွှန်ကြားရေးမှူးဟောင်း Chaiwat Limlikit-aksorn ကလည်း အဆိုပါ မြေယာဝယ်ယူမှုများသည် စီမံကိန်းနှင့်ဆက်စပ်နေကြောင်း ပြောကြားခဲ့သည်။ အချို့သောမြေကွက် များသည် တရားဝင် ဂရန်အမည်ပေါက်ပြောင်းလဲခြင်းမရှိဘဲ အလွတ်သဘော လက်လွှဲရောင်းချမှုများ ရှိနေကြောင်း ၎င်းက စွပ်စွဲခဲ့သည်။
"Ama ဆိုတဲ့သူက စီမံကိန်းအသေးစိတ်ကို အကုန်သိနေတာ၊ ဘာလို့လဲဆိုတော့ သူ့နောက်မှာ အကာအကွယ်ပေးထားသူတွေ ရှိနေလို့ပဲ" ဟု Chaiwat ကဆိုပြီး ဩဇာရှိသူများက မြေယာဥပဒေ၏ ဟာကွက်များကို အသုံးချကာ အဆိုပါအမျိုးသမီးအား မြေယာဝယ်ယူရာတွင် ကူညီပေး နေကြောင်း စွပ်စွဲခဲ့သည်။ ထို့ပြင် နိုင်ငံပိုင်နှင့်သစ်တောမြေများ ပုဂ္ဂလိက လက်ထဲသို့ ရောက်သွားနိုင်သည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၏ မြေတိုင်းစီမံကိန်းကိုဆိုင်းငံ့ရန် လာမည့်သီတင်းပတ်တွင် အုပ်ချုပ်ရေး တရားရုံးသို့ တိုင်ကြားသွားမည်ဟု ကြေညာခဲ့သည်။
တစ်ချိန်တည်းမှာပင် အထက်လွှတ်တော် ကော်မတီတစ်ခုကလည်း ပက်ထရီယမ်ဒေသရှိ တရားမဝင် မြေယာဂရန်ထုတ်ပေးမှုနှင့် သစ်တော ကျူးကျော်မှုများကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
ဝန်ကြီးချုပ် အနုတင် ချန်ဝီရကူးလ် (Anutin Charnvirakul) ကမူ အစိုးရအနေဖြင့် မြေယာဈေးကစားမှုများကို ကူညီပေးနေသည်ဆိုသည့် စွပ်စွဲချက် များကို ပယ်ချခဲ့သည်။ "စီမံကိန်းမစခင်မှာပဲ ကောက်ချက်တွေ မချကြပါနဲ့" ဟု ၎င်းက ပြောကြားခဲ့သည်။ ဒုတိယ ဝန်ကြီးချုပ် Ekniti Nitithanprapas ဦးဆောင်သည့် ကော်မတီသည် ရက်ပေါင်း ၉၀ အတွင်း လေ့လာမှုများကို အပြီးသတ်မည်ဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် နိုင်ငံခြားသားများကို မြေယာ ၉၉ နှစ်အထိ ငှားရမ်းခွင့်ပြုမည့်အဆိုပြုချက်အပေါ် ဝေဖန်မှုများကိုလည်း အနုတင်က ပယ်ချခဲ့ပြီး ဆုံးဖြတ်ချက်အားလုံးသည် လေ့လာတွေ့ရှိချက်များနှင့် လူထုသဘောထားမှတ်ချက်များအပေါ်တွင်သာ အခြေခံလိမ့်မည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
