UFC ဖလိုင်းဝိတ်တန်းချန်ပီယံ ဂျိုရှုအာဗန် ချန်ပီယံဟောင်း ပန်တိုဂျာနှင့် ထိုးသတ်ရဖွယ်ရှိ
ရန်ကုန် မေ ၁၁
UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပူပူနွေးနွေးကာကွယ်ထားသည့် မြန်မာဖိုက်တာ ဂျိုရှုအာဗန်၏ နောက်ထပ်ချန်ပီယံကာကွယ်ပွဲတွင် ချန်ပီယံဟောင်း ပန်တိုဂျာနှင့် ဦးစားပေး ထိုးသတ်ရဖွယ်ရှိနေသည်။
UFC တိုက်ခိုက်ရေးအဖွဲ့အစည်း၏ CEO ဒေနာဝှိုက်၏ ဖြေကြားချက်အရ ချန်ပီယံဟောင်း ပန်တိုဂျာကို ချန်ပီယံဆု ပြန်လည်စိန်ခေါ်ခွင့်ပေးရန် အရိပ်အမြွက်ပြောကြားခဲ့ပြီး ဂျိုရှုအာဗန်ကလည်း ပွဲအပြီးတွင် ပန်တိုဂျာအား စိန်ခေါ်စကားဆိုခဲ့သည်။ ဒီဇင်ဘာ ၆ ရက်က ထိုးသတ်သည့် ချန်ပီယံစိန်ခေါ်ပွဲတွင် ပန်တိုဂျာသည် ပွဲအစမှာပင် လက်ဒဏ်ရာရပြီး အရှုံးပေးခဲ့ရကာ ချန်ပီယံဘွဲ့ လက်လွှတ်ခဲ့ရသဖြင့် ချန်ပီယံဆုပြန်လည်ရယူနိုင်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။
ဂျိုရှုအာဗန်သည် မြန်မာစံတော်ချိန် မေ ၁၀ ရက်က ထိုးသတ်သည့် ပထမဆုံးကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲတွင် ဂျပန်ဖိုက်တာ တက်ဆုရိုတိုင်ရာကို ပဉ္စမအချီ ၁ မိနစ် ၃၂ စက္ကန့်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဂျိုရှုအာဗန်သည် ခုနစ်ပွဲဆက်တိုက် အနိုင်ရလဒ်နှင့်အတူ ချန်ပီယံဘွဲ့ကာကွယ်နိုင်ခဲ့ပြီး ဆုကြေးငွေအမြောက်အမြားလည်း ရရှိခဲ့သည်။ ဂျိုရှုအာဗန်သည် အသက် ၂၄ နှစ်သာရှိသေးသဖြင့် လက်ရှိစွမ်းဆောင်ရည်အား ဆက်ထိန်းထားနိုင်ပါက ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို အချိန်ကာလကြာမြင့်စွာ ဆက်ထိန်းထားနိုင်ဖွယ်ရှိနေသည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-UFC
MDN
