လက်ဘနွန်ရှိ မယ်တော်မာရီ အမျိုးသမီးရုပ်ထုကို စော်ကားခဲ့သည့် အစ္စရေး စစ်သားနှစ်ဦး စစ်ဘက်အကျဉ်းထောင်သို့ ပို့ဆောင်ခံရ
လက်ဘနွန်တောင်ပိုင်းရှိ ခရစ်ယာန်ကျေးရွာတစ်ခုတွင် မယ်တော်မာရီ (Virgin Mary) အမျိုးသမီးရုပ်ထုကို စော်ကားသည့် အပြုအမူပြုလုပ်ခဲ့သည့် အစ္စရေးစစ်သားနှစ်ဦးကို စစ်ဘက်ဆိုင်ရာအကျဉ်းထောင်၌ ရက်သတ္တပတ်အနည်းငယ်ကြာ ထောင်ဒဏ်ကျခံစေရန် အစ္စရေးကာကွယ်ရေး တပ်ဖွဲ့ (IDF) က အမိန့်ချမှတ်လိုက်သည်။
ဖြစ်စဉ်မှာ အစ္စရေးနယ်စပ်အနီးရှိ Debel ကျေးရွာတွင် စစ်သားတစ်ဦးက မယ်တော်မာရီ အမျိုးသမီးရုပ်ထုကိုဖက်၍ ရုပ်ထု၏ပါးစပ်အတွင်း ဆေးလိပ် ထည့်သွင်းထားသည့်ဓာတ်ပုံ လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါလုပ်ရပ်အပေါ် အများပြည်သူ၏ ဝေဖန်မှုများ ပြင်းထန် ခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကာ ရုပ်ထုနှင့်အတူ ဓာတ်ပုံ ရိုက်ကူးခံခဲ့သည့်စစ်သားကို ၂၁ ရက်နှင့် ရိုက်ကူးပေးခဲ့သည့်စစ်သားကို ၁၄ ရက် အသီးသီး ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
IDF ပြောရေးဆိုခွင့်ရှိသူ Ariella Mazor က အဆိုပါဖြစ်စဉ်ကို အလွန် ပြင်းထန်သောကိစ္စအဖြစ် သတ်မှတ်ကြောင်းနှင့် ၎င်းတို့တပ်ဖွဲ့အနေဖြင့် ဘာသာပေါင်းစုံ၏ အထွတ်အမြတ်ထားရာနေရာများနှင့် သင်္ကေတများကို လေးစားတန်ဖိုးထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အလားတူဖြစ်ရပ်မျိုး ပြီးခဲ့သည့်လကလည်းဖြစ်ပွားခဲ့ပြီး ယေရှုခရစ်တော် ၏ ရုပ်ထုကို တူဖြင့်ထုရိုက်ဖျက်ဆီးခဲ့သည့် စစ်သားနှစ်ဦးကိုလည်း ထောင်ဒဏ်ရက် ၃၀ စီ ချမှတ်ခဲ့ကာ တိုက်ခိုက်ရေးတာဝန်မှ ထုတ်ပယ်ခဲ့ရသည်။ထို့ပြင် အဆိုပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သော်လည်း တားဆီးရန် ပျက်ကွက်ခဲ့သည့် အခြားစစ်သား ခြောက်ဦးကိုလည်း ဆက်လက်စစ်ဆေးလျက် ရှိသည်။
လက်ရှိတွင် အစ္စရေးနှင့် ဟစ်ဇဘိုလာအဖွဲ့တို့အကြား ဧပြီလလယ်မှစ၍ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရှိထားသော်လည်း နယ်စပ်ဒေသ များတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ ယခင်နှစ်များအတွင်းကလည်း အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ ရှေးဟောင်းဂရိအော်သိုဒေါ့စ် ဘုရားကျောင်းနှင့် ကက်သလစ် ဘုရားကျောင်းများ ထိခိုက်ပျက်စီးခဲ့ရပြီး ဘာသာရေးဝတ်ပြုရာ နေရာများတွင် ထိခိုက်သေဆုံးမှုများရှိခဲ့ခြင်းကြောင့် ခရစ်ယာန်အသိုက်အဝန်းများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
