စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ရန် Mercedes-Benz ဆန္ဒရှိဟု CEO ပြော

News Image

  • စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ရန် Mercedes-Benz ဆန္ဒရှိဟု CEO ပြော

Mercedes-Benz ကုမ္ပဏီအနေဖြင့် စီးပွားရေးအရ တွက်ခြေကိုက်မည်ဆိုပါက ကာကွယ်ရေးကဏ္ဍ ထုတ်လုပ်မှုလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ရန် စဉ်းစားနေကြောင်း ကုမ္ပဏီ၏ CEO အိုလာ ကာလင်းနီးယပ်စ် (Ola Kallenius) က Wall Street Journal (WSJ) သတင်းစာသို့ ပြောကြားခဲ့သည်။

မြူးနစ်မြို့အခြေစိုက် ယင်းကုမ္ပဏီသည် ဒုတိယကမ္ဘာစစ်မတိုင်မီနှင့် စစ်အတွင်းကာလများက စစ်ဘက်ဆိုင်ရာအသုံးအဆောင်ပစ္စည်းများကို အကြီးအကျယ် ထုတ်လုပ်ခဲ့ဖူးသည်။ ကုမ္ပဏီသည် ၁၉၃၇ ခုနှစ်တွင် နာဇီ များထံသို့ စစ်သုံးထရပ်ကားများနှင့် လေယာဉ်အင်ဂျင်များကို စတင် ထောက်ပံ့ပေးခဲ့သည်။

၁၉၄၁ ခုနှစ်တွင် ဂျာမနီက ဆိုဗီယက်ယူနီယံကို တိုက်ခိုက်ပြီးနောက် Mercedes-Benz မှ ထုတ်လုပ်သမျှ မော်တော်ယာဉ်အားလုံးကို စစ်တပ် သို့မဟုတ် စစ်ပွဲအတွက် မရှိမဖြစ်လိုအပ်သည်ဟုယူဆရသော စီးပွားရေးလုပ်ငန်းများထံသို့သာ ပေးပို့ခဲ့သည်။ ထိုကာလအတွင်း မော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီ၏ ဝန်ထမ်း ၆၃,၀၀၀ နီးပါး၏ ထက်ဝက်ခန့်မှာ အဓမ္မစေခိုင်းခံရသည့် အလုပ်သမားများ၊ စစ်သုံ့ပန်းများနှင့် အကျဉ်းစခန်း များမှ အကျဉ်းသားများ ဖြစ်ကြကြောင်း Mercedes-Benz ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

သောကြာနေ့ (မေ ၁၅) က WSJ နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ကာလင်းနီးယပ်စ်က “ကမ္ဘာကြီးဟာ ပိုပြီးတော့ခန့်မှန်းရခက်တဲ့ နေရာတစ်ခု ဖြစ်လာပါပြီ၊ ဥရောပအနေနဲ့ သူ့ရဲ့ကာကွယ်ရေးကဏ္ဍပုံရိပ်ကို မြှင့်တင်ဖို့လိုအပ်တယ်ဆိုတာ လုံးဝကိုရှင်းလင်းပြတ်သားနေတယ်လို့ ကျွန်တော် ထင်ပါတယ်၊ အဲဒီနေရာမှာ ကျွန်တော်တို့ဘက်က အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးနိုင်မယ်ဆိုရင်တော့ ပါဝင်လုပ်ကိုင် သွားဖို့ ဆန္ဒရှိပါတယ်” ဟု အလေးပေး ပြောကြားခဲ့သည်။

CEO ၏ ပြောကြားချက်အရ ကာကွယ်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းလည်ပတ်မှုများသည် Mercedes-Benz စီးပွားရေးလုပ်ငန်း၏ သေးငယ်သော အစိတ်အပိုင်းမျှသာ ဖြစ်လာနိုင်ပြီး ကုမ္ပဏီအနေဖြင့် အများသုံးကားများထုတ်လုပ်ရေးကိုသာ အဓိက ဆက်လက်အာရုံစိုက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

သို့သော်လည်း ကာကွယ်ရေးကဏ္ဍထုတ်လုပ်မှုသည် ကုမ္ပဏီ၏ အကျိုးအမြတ်ကို မြှင့်တင်ပေးနိုင်မည့် တဖြည်းဖြည်းတိုးတက်လာမည့် သီးသန့်စျေးကွက် သစ် (Growing Niche) တစ်ခု ဖြစ်လာနိုင်ကြောင်း ၎င်းက အရိပ်အမြွက် ပြောကြားခဲ့ပြီး “ဒါကြောင့် ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ” ဟု ကာလင်းနီးယပ်စ်က ဖြည့်စွက်ပြောဆိုခဲ့သည်။

ဂျာမနီနှင့် အခြားဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများသည် မကြာ သေးမီနှစ်များအတွင်း စစ်ရေးအသုံးစရိတ်နှင့် စစ်လက်နက်ပစ္စည်း ဝယ်ယူမှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့ကြပြီး ဘရပ်ဆဲလ်ကလည်း အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လက်နက်ထုတ်လုပ်မှုကိုတိုးချဲ့ရန်နှင့်အမေရိကန်၏ စစ်ဘက်ဆိုင်ရာထောက်ပံ့မှုများအပေါ် မှီခိုနေရမှုကို လျှော့ချရန် တိုက်တွန်းထားသည်။

ဂျာမနီနိုင်ငံ၏ စက်မှုကဏ္ဍသည် စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးမှု၊ မြင့်မားသော စွမ်းအင်စရိတ်များနှင့် ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းလာမှုတို့ကြောင့် ရုန်းကန်နေရချိန်တွင် ယခုကဲ့သို့ စစ်လက်နက်ပစ္စည်းများ ပြန်လည်ဖြည့်တင်းရန် တွန်းအားပေးမှု ပေါ်ပေါက်လာခြင်းဖြစ်ရာထုတ်လုပ်သူအချို့အတွက် ကာကွယ်ရေးဆိုင်ရာ ကန်ထရိုက်စာချုပ်များသည် ဝင်ငွေလမ်းကြောင်းအသစ်တစ်ခု ဖြစ်လာနိုင်ချေရှိသည်။

စွမ်းအင်စျေးနှုန်း မြင့်တက်မှု၊ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုများ၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ဖိအားများနှင့် တရုတ်ကုမ္ပဏီများပြိုင်ဆိုင်မှုများကြောင့် ဖြစ်ပေါ်လာသည့် ထုတ်လုပ်မှုစရိတ် မြင့်မားလာခြင်း တို့ကြောင့် ဥရောပ မော်တော်ကားထုတ်လုပ်သူများ ဆက်လက်ရုန်းကန် နေရစဉ် Mercedes-Benz ကုမ္ပဏီက ၂၀၂၅ ခုနှစ်တွင်ရရှိသည့် အကျိုးအမြတ်သည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၅၇ ရာခိုင်နှုန်းအထိ ထိုးဆင်းသွား ခဲ့ကြောင်း ဖေဖော်ဝါရီလတွင် အစီရင်ခံခဲ့သည်။

အခြားဂျာမနီ မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Volkswagen (VW) သည် ၎င်းတို့၏ အဆင်မပြေဖြစ်နေသော Osnabrueck စက်ရုံကို လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်များ ထုတ်လုပ်သည့်စက်ရုံအဖြစ် ပြောင်းလဲရန် အစ္စရေးနိုင်ငံ၏ Rafael Advanced Defense Systems ကုမ္ပဏီနှင့် ဆွေးနွေးမှုများပြုလုပ်နေကြောင်း Financial Times သတင်းစာက မတ်လတွင် ဖော်ပြခဲ့သည်။ သို့သော် VW ကုမ္ပဏီ၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးကမူ ထိုသတင်းကို ငြင်းဆိုခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ထိုစဉ်က ဂျာမနီဝန်ကြီးချုပ် အိုလာ့ဖ် ရှို့လ်ဇ် (Olaf Scholz) သည် ဂျာမန်လက်နက်ကိုင်တပ်ဖွဲ့များအတွက် ယူရို ဘီလီယံ ၁၀၀ တန်ဖိုးရှိ ကာကွယ်ရေးကဏ္ဍခေတ်မီစေရန် အဆင့်မြှင့်တင်ရေးစီမံကိန်းတစ်ခုကို ထုတ်ဖော်ကြေညာခဲ့သည်။ ဘာလင်ရှိ ကာကွယ်ရေး ဝန်ကြီးဌာနသည် ထိုအချိန်မှစ၍ စစ်လက်နက်ပစ္စည်းဝယ်ယူရေးကန်ထရိုက်စာချုပ်ပေါင်း ၄၇,၀၀၀ ခန့်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း Der Spiegel မဂ္ဂဇင်းက ပြီးခဲ့သည့်လတွင် ဖော်ပြခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး