ရုရှားသမ္မတ ဗလာဒီမာပူတင် မေ ၁၉ ရက်တွင် တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးသွားမည်

News Image

  • ရုရှားသမ္မတ ဗလာဒီမာပူတင် မေ ၁၉ ရက်တွင် တရုတ်နိုင်ငံသို့ အလည်အပတ်ခရီးသွားမည်

မော်စကို မေ ၁၆ 

 

ရုရှားသမ္မတ ဗလာဒီမာပူတင်က မေ ၁၉ ရက်တွင် တရုတ်နိုင်ငံသို့ နှစ်ရက်ကြာ အလည်အပတ်ခရီး သွားရောက်ကာ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ရုရှားသမ္မတရုံးက ယနေ့ သတင်းတစ်ရပ် ထုတ်ပြန်ခဲ့သည်။

 

ခေါင်းဆောင်နှစ်ဦးက ယူကရိန်းနှင့် အီရန်အရေးကိစ္စရပ်များကို ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။ 

 

ယခုသီတင်းပတ်အတွင်း သမ္မတ ရှီနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား ထိပ်သီးဆွေးနွေးပွဲပြီးနောက် ရုရှားသမ္မတ ပူတင်၏ တရုတ်ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

 

သမ္မတ ပူတင်၏ ခရီးစဉ်သည် ရုရှားနှင့် တရုတ်အကြား ကောင်းမွန်သော အိမ်နီးချင်းကောင်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (၂၅) နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်နေသည်။ 

 

ခေါင်းဆောင်နှစ်ဦးက လက်ရှိနှစ်နိုင်ငံအရေး ကိစ္စရပ်များအပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ကြမည်ဖြစ်ကြောင်း ရုရှားသမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

 

တွေ့ဆုံမည်ဖြစ်

 

ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အလားအလာများကို ဆွေးနွေးရန်အတွက် သမ္မတ ပူတင်က တရုတ်ဝန်ကြီးချုပ် လီချန်းနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း ရုရှားသမ္မတရုံးက ပြောကြားခဲ့သည်။

 

ယခု ခရီးစဉ်မှတစ်ဆင့် တရုတ်နိုင်ငံနှင့် စီးပွားရေးဆက်ဆံရေး ပိုမိုခိုင်မာစေရန် ပူတင်က ရည်မှန်းထားကြောင်း လေ့လာသူများက သုံးသပ်ပြောကြားသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ 
ဘာသာပြန် -‌ အောင်ကျော်ကျော်

MDN