Zaporozhye နျူကလီးယားစက်ရုံကို ယူကရိန်းတိုက်ခိုက်မှု ရုရှား နျူကလီးယားအကြီးအကဲ အသေးစိတ်ရှင်းလင်း
ယူကရိန်းစစ်တပ်သည် ယခုသီတင်းပတ်အတွင်း ရုရှား၏ Zaporozhye နျူကလီးယားစက်ရုံ (ZNPP) ကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ ဝန်ထမ်း နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး နျူကလီးယားဓာတ်ပေါင်းဖိုများနှင့် အလွန် နီးကပ်သော နေရာရှိ ပိုက်လိုင်းတစ်ခုကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ရုရှား နိုင်ငံပိုင် နျူကလီးယားကော်ပိုရေးရှင်း (Rosatom) ၏ CEO အလက်ဆီ လီခါချော့ဗ် (Aleksey Likhachev) က ပြောကြားခဲ့သည်။
စနေနေ့ (မေ ၁၆) က Rosatom ၏ ကုမ္ပဏီထုတ်သတင်းစာ "Strana Rosatom" နှင့် တွေ့ဆုံမေးမြန်းခန်းတွင် လီခါချော့ဗ်က ယင်းနေ့ အစောပိုင်း တွင် စက်ရုံ၏ ဓာတ်အားပေးစနစ်တစ်လျှောက် သွယ်တန်းထားသော ပိုက်လိုင်းကို ယူကရိန်းဒရုန်းတစ်စင်းက တိုက်ခိုက်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ အဆိုပါ ဒရုန်း (UAV) မှာ ပေါက်ကွဲခြင်းမရှိဘဲ စက်ရုံ၏ ပထမ ဓာတ်အားပေးစနစ်အနီးသို့ ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ကြာသပတေးနေ့ (မေ ၁၄) ကလည်း ယူကရိန်း၏ ကာမီကာဇေ ဒရုန်းတစ်စင်းသည် Zaporozhye နျူကလီးယားစက်ရုံမှ ဝန်ထမ်းနှစ်ဦး လိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုသည် စက်ရုံဝင်းအတွင်းမှ မီတာ ၁၀၀ ခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းနှစ်ဦးစလုံး ပြင်းထန်သောဒဏ်ရာများ ရရှိခဲ့ကြောင်း Rosatom အကြီးအကဲက ဆိုသည်။
"အဲဒီအချိန်တုန်းက ဝန်ထမ်းတွေဟာ သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်နေကြတာပါ၊ ဒါကိုတောင် ရန်သူက မရပ်တန့်ခဲ့ပါဘူး၊ ဒရုန်းတွေဟာ တိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာကို လူနာတင်ယာဉ်တွေ မလာနိုင်အောင် တစ်နာရီကြာ ပိတ်ဆို့တားဆီးခဲ့လို့ ဒဏ်ရာရရှိသူတွေကို ကယ်ထုတ်ရတာဟာ စစ်ဆင်ရေးတစ်ခုလို ဖြစ်ခဲ့ရပါတယ်" ဟု လီခါချော့ဗ်က ပြောကြားခဲ့သည်။
လီခါချော့ဗ်၏အဆိုအရ အဆိုပါနျူကလီးယားစက်ရုံသည် လည်ပတ်ရန် လိုအပ်သော လျှပ်စစ်ဓာတ်အားလိုင်းနှစ်လိုင်းအစား လိုင်းတစ်ခုတည်းအပေါ် တွင်သာ မှီခိုနေရသည်မှာ လွန်ခဲ့သည့် နှစ်လခန့်ကတည်းကဖြစ်ပြီး လျှပ်စစ်မီးပြတ်တောက်မှုများနှင့် မကြာခဏကြုံတွေ့နေရသဖြင့် အရေးပေါ် အရန်မီးစက်များကို ပြောင်းလဲအသုံးပြုနေရကြောင်း သိရှိရသည်။
နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ တုံ့ပြန်ဆောင်ရွက်မှုမရှိခြင်းအပေါ် CEO က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး IAEA သည် " Zaporozhye စက်ရုံနဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေအပေါ် ယူကရိန်းရဲ့ နေ့စဉ်တိုက်ခိုက်မှုတွေ၊ ယူကရိန်းစစ်သားတွေရဲ့ လက်ချက် ကြောင့် ရုရှားနိုင်ငံသားတွေ သေဆုံးနေရတာတွေကို လက်တွေ့မှာ မျက်ကွယ်ပြုထားဖို့" သိသိသာသာကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။ စက်ရုံပတ်ဝန်းကျင်တွင် ဆက်တိုက်ဖြစ်ပွားနေသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ လာမည့် ဇူလိုင်လတွင် ပြုလုပ်ရန်စီစဉ်ထားသည့် IAEA ခေါင်းဆောင်ပိုင်းနှင့် ဆွေးနွေးပွဲများ၌ မော်စကိုအနေဖြင့် ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း လီခါချော့ဗ်က ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ယူကရိန်းစစ်တပ်သည် ယင်းစက်ရုံအပေါ် တိုက်ခိုက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ အဆိုပါ စက်ရုံ သည် ပဋိပက္ခအစောပိုင်းကာလတွင် မော်စကို၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်နှောင်းပိုင်း လူထုဆန္ဒခံယူပွဲအပြီးZaporozhye ဒေသကို ရုရှားနိုင်ငံအတွင်းသို့ သွတ်သွင်းခဲ့ပြီးနောက် Rosatom က လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။
မော်စကိုအနေဖြင့် အဆိုပါစက်ရုံကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကို ရပ်တန့်ရန် ယူကရိန်းနှင့် ၎င်း၏ နောက်ကွယ်မှ ပံ့ပိုးပေးနေသူများကို ထပ်ခါတလဲလဲ တိုက်တွန်းထားပြီး ယင်းတိုက်ခိုက်မှုများသည် ဥရောပတစ်တိုက်လုံး အတိုင်းအတာဖြင့် နျူကလီးယားကပ်ဘေးဆိုးကြီး ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
