နေပြည်တော် မေ ၁၈

 

ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၆)သို့ တက်ရောက်လျက်ရှိသည့် သင်တန်းသား သင်တန်းသူများ၏ စခန်းပေါင်းစုံလှေလှော်ရွက်တိုက်ပြိုင်ပွဲနှင့် အခြေခံရေတပ်သား အချက်ပြဆက်သွယ်ရေးဆိုင်ရာ ပြိုင်ပွဲများကို မေ ၁၇ ရက် နံနက်ပိုင်းတွင် တပ်မတော်(ရေ)လှေလှော် ရွက်တိုက်အသင်း (အင်းလျားကန်)၌ပြုလုပ်ရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ သင်တန်းသား သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းအုပ်ချုပ်သူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

 

ထို့နောက် သင်တန်းအလိုက် လက်ရိုက်အလံ အချက်ပြပို့/ဖမ်းခြင်းလက်တွေ့ပြိုင်ပွဲ၊ အပြည်ပြည်ဆိုင်ရာ လေးယောက်လှော်ဝမ်းပြား မီတာ(၃၀၀)ပြိုင်ပွဲနှင့် Optimist ရွက်လှေပြိုင်ပွဲတို့အား နေပြည်တော် စခန်းတန်းခွဲ(၁)၊ နေပြည်တော်စခန်းတန်းခွဲ(၂)၊ အင်းလျားစခန်း၊ ကိုကိုးကျွန်းစခန်း၊ ပုသိမ်စခန်း၊ ဟိုင်းကြီးကျွန်းစခန်း၊ မော်လမြိုင်စခန်း၊ မန္တလေးစခန်း၊ ဟိန်းဇဲစခန်း၊ မြိတ်စခန်း၊ ကျွန်းစုစခန်း၊ ဘားအံစခန်းနှင့် ကျိုင်းတုံစခန်းစသည့် ရေကြောင်းလူငယ် သင်တန်းစခန်း (၁၃)ခုတို့မှ သင်တန်းသား သင်တန်းသူများက အသင်းလိုက် ပါဝင်ယှဉ်ပြိုင်ကြသည်။

 

အလားတူ ယနေ့နံနက်ပိုင်းတွင် ရေကြောင်း လူငယ်စခန်းပေါင်းစုံမှ သင်တန်းသား သင်တန်းသူများသည် သင်တန်းနည်းပြများ၊ သင်တန်းအုပ်ချုပ်သူများ၊ တာဝန်ရှိသူများနှင့်အတူ သန်လျင်တပ်နယ်ရှိ နယ်မြေခံရေတပ်လေ့ကျင့်ရေး ဌာနချုပ်သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆို၍ သီရိမဟာဇေယျကျော်ထင်ခန်းမ၌ တပ်မတော်(ရေ)သမိုင်းမှတ်တမ်းကို ပြသသည်။ ၎င်းနောက် စာသင်ဆောင်ရှိ သင်ထောက်ကူပစ္စည်းခန်းများအား လေ့လာခြင်း၊ Damage Control Simulator(Zarmani)၊ Ship Handling Simulator ၊ Engine Room Simulator၊ Small Arm Simulator များအား လေ့လာခြင်းနှင့် သမိုင်းဝင်စစ်ရေယာဉ်(မေယု) အား သွားရောက်ကြည့်ရှု လေ့လာခြင်းများ ဆောင်ရွက်ကြရာ တာဝန်ရှိသူအသီးသီးက ရှင်းလင်းပြသကြသည်။

 

ယင်းနောက် စခန်းပေါင်းစုံမှ သင်တန်းသား သင်တန်းသူများသည် နယ်မြေခံ ရေတပ်သင်္ဘောကျင်း ဌာနချုပ်သို့ရောက်ရှိခဲ့ကြပြီး ရေယာဉ်တည်ဆောက်ရေး လုပ်ငန်းများ၊ လွန်းတင်ပြင်ဆင်လျက်ရှိသော ရေယာဉ်များ၏ ပြုပြင်ရေးဆောင်ရွက်နေမှုများနှင့် စိတ်ဓာတ်မြှင့်တင်ရေးခန်းမသို့ လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။

 

မွန်းလွဲပိုင်းတွင် စခန်းပေါင်းစုံမှ သင်တန်းသား သင်တန်းသူများသည် တပ်မတော်(ရေ)မှ စစ်ရေယာဉ် နှစ်စင်းဖြင့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် လေ့လာရေး သွားရောက်ကြရာ လေ့လာရေး ခရီးစဉ်အတွင်း စစ်ရေယာဉ်များ၏ ရေယာဉ်ဆိုင်ရာအချက်အလက်များ၊ လက်နက်နှင့် လက်နက်စနစ်များ၊ စက်ပိုင်းဆိုင်ရာစနစ်များ၊ ရေကြောင်းသွားလာရေးဆိုင်ရာ အထွေထွေ ဗဟုသုတများ၊ ဆက်သွယ်ရေးနှင့် အီလက်ထရွန်နစ် ဆိုင်ရာစနစ်များ၊ ရေယာဉ်ခုတ်မောင်းနေစဉ် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် အခြားသိသင့် သိထိုက်သည်များကို စိတ်ပါဝင်စားစွာလေ့လာခဲ့ကြပြီး တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

MDN