အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉)မှ သင်တန်းသားများ လေ့လာရေးခရီးစဉ်များထွက်ခွာ
နေပြည်တော် မေ ၂၁
အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်း အမှတ်စဉ်(၉)မှ သင်တန်းသားများသည် ယနေ့တွင် နေပြည်တော် လေတပ်စခန်းရှိ ပျံသန်းရေးအုပ်များသို့ သွားရောက်လေ့လာခြင်းနှင့် နေပြည်တော် ဥပ္ပါတသန္တိ ကုန်းတော်ပေါ်၌ တည်ထားကိုးကွယ်သည့် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော်ခြင်းများ ဆောင်ရွက်ကြသည်။
ဦးစွာ မြန်မာပြည်မြောက်ပိုင်းသင်တန်းစခန်း၊ မြန်မာပြည်တောင် ပိုင်းသင်တန်းစခန်း၊ ရန်ကုန် သင်တန်းစခန်း၊ မော်လမြိုင် သင်တန်းစခန်း၊ မြစ်ကြီးနား သင်တန်းစခန်း၊ နမ့်စန်သင်တန်း စခန်း၊ တောင်ကြီးသင်တန်းစခန်း၊ တောင်ငူသင်တန်းစခန်း၊ လွိုင်ကော် သင်တန်းစခန်း၊ မြိတ်သင်တန်း စခန်း၊ မကွေးသင်တန်းစခန်း၊ မုံရွာသင်တန်းစခန်း၊ ဟုမ္မလင်း သင်တန်းစခန်း၊ ပုသိမ်သင်တန်း စခန်း၊ မိတ္ထီလာသင်တန်းစခန်း၊ နေပြည်တော် သင်တန်းစခန်း၊ ကျိုင်းတုံသင်တန်းစခန်း၊ ပြည် သင်တန်းစခန်း၊ မန္တလေးသင်တန်း စခန်းနှင့် ကိုကိုးကျွန်းသင်တန်း စခန်း စသည့် အခြေခံနှင့် တန်းမြင့် လေကြောင်း လူငယ်သင်တန်း စခန်းများမှ သင်တန်းသား၊ အုပ်ချုပ်သူနည်းပြများနှင့် ဆရာ/ဆရာမများသည် နေပြည်တော် လေတပ်စခန်းသို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် နေပြည်တော် လေတပ်စခန်း၊ ပျံသန်းရေးအုပ်များရှိ လေယာဉ်/ရဟတ်ယာဉ် အသီးသီး၏ Cockpit ခန်းများ၊ လေယာဉ်ကိုယ်ထည်ခန်းများ၊ Flight Instrument များ၊ Engine Instrument များအား ကြည့်ရှု လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူ များက ရှင်းလင်းပြသကြသည်။ ထို့နောက် ပျံသန်းရေးအုပ်များရှိ တာဝန်ရှိသူများက လေယာဉ်/ ရဟတ်ယာဉ်အလိုက် စွမ်းပကားများ၊ ထမ်းဆောင်နိုင်သည့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြသ ကြသည်။
ဆက်လက်ပြီး သင်တန်းသားများသည် လေယာဉ် Simulator ခန်းသို့ သွားရောက်ကာ တာဝန်ခံ နည်းပြမှ Simulator မောင်းနှင်သည့် Procedure များ၊ Flight Instrument များ၏ လုပ်ဆောင် ပုံများကို လက်တွေ့ရှင်းလင်း သရုပ်ပြသခဲ့ပြီး သင်တန်းသားများက လေယာဉ် Simulator ဖြင့် လက်တွေ့ မောင်းနှင်ပျံသန်းခြင်းများ ဆောင်ရွက်ကြသည်။
မွန်းလွဲပိုင်းတွင် လေကြောင်း လူငယ်သင်တန်းသားများသည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အား သွားရောက်ဖူးမြော်ခဲ့ကြရာ တာဝန်ရှိသူများက ဘုရားသမိုင်းကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းသားများသည် လိုဏ်ဂူတော်အတွင်းရှိ ပွင့်တော်မူပြီးသော ကကုသန်ဘုရား၊ ကောဏဂုံဘုရား၊ ကဿပဘုရားနှင့် ဂေါတမဘုရား ကျောက်စိမ်း ဆင်းတုတော် လေးဆူနှင့် သီရိလင်္ကာနှင့် တရုတ်နိုင်ငံတို့မှ ဗုဒ္ဓစွယ်တော်ပွား နှစ်ဆူအား ဖူးမြော် ကြည်ညိုကြသည်။ ယင်းနောက် သင်တန်းသားများက စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် စုပေါင်းအလှူငွေများပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။
ဆက်လက်ပြီး သင်တန်းသားများသည် စေတီတော်မြတ်ကြီး အရှေ့ဘက်စောင်းတန်းရှိ ရတနာ ဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်(နေပြည်တော်)သို့ သွားရောက်ကာ ရတနာဆင်ဖြူတော်များအား လေ့လာခြင်းနှင့် ဘုရားစောင်းတန်းတစ်လျှောက်ရှိ အမှတ်တရပစ္စည်း အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
MDN
