ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့၌ ကျင်းပသည့် “ချုံချင့်နိုင်ငံတကာ ချစ်ကြည်ရေးမြို့တော်များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကွန်ဖရင့် ၂၀၂၆”သို့ တက်ရောက်
ရန်ကုန် မေ ၂၁
ချုံချင့်နိုင်ငံတကာ ချစ်ကြည်ရေးမြို့တော်များ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကွန်ဖရင့် ၂၀၂၆ ဖွင့်ပွဲ အခမ်းအနားကို မေ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ချုံချင့်မြို့ရှိ Yuzhou ဟိုတယ်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
အခမ်းအနားကို ချုံချင့်မြူနီ စီပယ်ကော်မတီ CPC အတွင်းရေးမှူးနှင့် CPC ဗဟိုကော်မတီ၏ ပေါလစ်ဗျူရိုအဖွဲ့ဝင် Mr. Yuan Jiajun တို့က ဖွင့်လှစ်ပေးကာ ချုံချင့်မြူနီစီပယ်အစိုးရ ဒုတိယမြို့တော်ဝန် Mr. Zheng Xiangdong က အဖွင့်အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ နိုင်ငံပေါင်း ၂၉ နိုင်ငံနှင့် မြို့ပေါင်း ၃၈ မြို့မှ ကိုယ်စားလှယ်အဖွဲ့များ၊ နိုင်ငံတကာချစ်ကြည်ရေး အဖွဲ့အစည်း ကိုးခု၊ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ သံတမန်များ၊ ချုံချင့်နှင့် ချန်ဒူးမြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ နိုင်ငံခြားလုပ်ငန်းရှင်များနှင့် စီးပွားရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြကာ မြို့ပြများအကြောင်း မိတ်ဆက်ပြသပြီး ချုံချင့်မြို့၏ နိုင်ငံတကာ ချစ်ကြည်ရေး မြို့တော်များ၏ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အောင်မြင်မှုများကို ခင်းကျင်းပြသသည်။
မေ ၂၀ ရက် မွန်းလွဲပိုင်းတွင် ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာနတွင် ကျင်းပသည့် နိုင်ငံတကာ မိတ်ဖက်ချစ်ကြည်ရေး မြို့တော်များ၏ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး နှီးနှောဖလှယ်ပွဲနှင့် ယင်းနေ့ ညပိုင်းတွင် Yuelai Wyndham Hotel တွင် ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ရန်ကုန်တိုင်းဒေသကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြူနီစီပယ်ဒေသအကြား ချစ်ကြည်ရေးညီအစ်မ ဒေသများထူထောင်ခြင်းဆိုင်ရာနားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ အဆိုပါ နားလည်မှုစာချွန်လွှာကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်နှင့် ချုံချင့်မြူနီ စီပယ်အစိုးရ ဒုတိယမြို့တော်ဝန် Mr. Huang Maojun တို့က လက်မှတ် ရေးထိုးကြသည်။ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)
MDN
