ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး ပြင်ဆင်ဆောင်ရွက်ထားမှု ကြည့်ရှုစစ်ဆေး

News Image

  • ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး ပြင်ဆင်ဆောင်ရွက်ထားမှု ကြည့်ရှုစစ်ဆေး

အခြေခံပညာကျောင်းများမှာ အခမဲ့ပညာရေးစနစ်ဖြစ်သောကြောင့် ကျောင်းဝင်ကြေးနှင့် အခြား မည်သည့်ကြေးမျှ ပေးသွင်းရန်မလိုဘဲ အခမဲ့အပ်နှံနိုင်

 

နေပြည်တော် မေ ၂၂

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် “ကျောင်းအပ်နှံရေးသီတင်းပတ်” အတွင်း ကျောင်းအပ်နှံရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေး

ဦးစွာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး သီရိရတနာခန်းမနှင့် စာသင်ခန်းများတွင် “ကျောင်းအပ်နှံရေး သီတင်းပတ်”အတွင်း ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး စနစ်တကျစီမံထားရှိမှု၊ အခမဲ့ ထောက်ပံ့ပေးသွားမည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ စာရေးကိရိယာများ၊ ဗလာစာအုပ်များနှင့် ကျောင်းဝတ်စုံများ ပြင်ဆင်ထားရှိမှု၊ စာကြည့်တိုက်နှင့် အသစ်ဖွင့်လှစ်မည့် ဖူဆယ်ကွင်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရာတွင် စိတ်ချမ်းမြေ့စွာ သင်ယူနိုင်ရန်နှင့် စာကြည့်တိုက်တွင် စာပေဖတ်ရှုလေ့လာသည့် အလေ့အထကောင်းများ ရှိစေရေး ဆောင်ရွက်သွားရန်၊ ဘာသာရပ်အလိုက် ဆရာဆရာမများ တာဝန်ချထားမှုနှင့် စာသင်ချိန်ဇယားများ စနစ်တကျရေးဆွဲ ပြင်ဆင်ထားရှိရန်၊ ကာယအချိန်တွင် ကျောင်းသားကျောင်းသူများ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေရန်နှင့် အသင်းအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်တတ်စေရေး လေ့ကျင့် သင်ကြားပေးရန်၊ မိဘဆရာအသင်းများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် ပူးပေါင်း၍ ကျောင်းဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားကြရန်၊ ကျောင်းကြို/ ပို့ယာဉ်များ စနစ်တကျ စီစဉ်ထားရှိရန် မှာကြားသည်။

 

ထို့နောက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ပညာ့ဗိမာန်ခန်းမနှင့် စာသင်ခန်းများတွင် ကျောင်းအပ်နှံနိုင်ရေးနှင့် အခမဲ့ထောက်ပံ့ ပေးမည့်ပစ္စည်းများ ပြင်ဆင်ထားရှိမှု၊ သင်ကြားသင်ယူမှု အထောက်အကူပြုပစ္စည်းများ ပြင်ဆင်ထားရှိမှု၊ ပညာ့ဘဏ်စာကြည့်တိုက်နှင့် ကျောင်းဘုရားခန်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ကျောင်းသား ကျောင်းသူများ အသိပညာ၊ အတတ်ပညာ တတ်မြောက်ရေးသာမက ကိုယ်ကျင့်တရား ကောင်းမွန်ပြီး တာဝန်သိ၍ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်အောင် ပျိုးထောင်ပေးကြရန်၊ ဗလငါးတန်နှင့် ပြည့်စုံပြီး အနာဂတ်တွင် နိုင်ငံတော်က အားကိုးအားထားပြုရသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးရန် မှာကြားသည်။

 

ယင်းနောက် နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအပ်နှံနိုင်ရေးနှင့် အခမဲ့ထောက်ပံ့ပေးမည့် ပစ္စည်းများ စနစ်တကျပြင်ဆင် ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာ ပြည့်စုံသော လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးစနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ကျရာကဏ္ဍမှ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်သွားကြရန် မှာကြားသည်။

 

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မူလတန်းမှ အထက်တန်း အဆင့်အထိ ကျောင်းအပ်နှံရေးကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ စနေ၊ တနင်္ဂနွေ အပါအဝင် ပိတ်ရက်မရှိ  လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး ဇွန် ၁ ရက်တွင် အခြေခံပညာ ကျောင်းများကို စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။ ကျောင်းအပ်နှံရာတွင် မူလတန်းအဆင့်အတွက် သင်ရိုးညွှန်းတမ်း ပုံနှိပ်စာအုပ် တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံ လေးချောင်းနှင့် ကျောင်းဝတ်စုံတစ်စုံ၊ အလယ် တန်းနှင့် အထက်တန်းအဆင့်တို့တွင် သင်ရိုးညွှန်းတမ်း ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံနှစ်ချောင်း နှင့် ဘောပင်နှစ်ချောင်းတို့ကို နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးအပ်သွားမည့် အပြင် အခြေခံပညာကျောင်းများတွင် အခမဲ့ပညာရေးစနစ်ဖြစ်သောကြောင့် ကျောင်းဝင်ကြေးနှင့် အခြား မည်သည့်ကြေးမျှ ပေးသွင်းရန်မလိုဘဲ အခမဲ့အပ်နှံနိုင်ကြောင်း သိရသည်။

 

သတင်းစဉ်

MDN