ဩစတြေးလျနိုင်ငံ၏ ကလေးသူငယ်စောင့်ရှောက်ရေးဥပဒေကို ချိုးဖောက်သည့်အတွက် X ဒဏ်ရိုက်ခံရ
ဆစ်ဒနီ မေ ၂၁
အီလွန်မက်စ် ပိုင်ဆိုင်သည့် လူမှုကွန်ရက်မီဒီယာ X သည် ကလေးသူငယ်အလွဲသုံးစားမှုဆိုင်ရာ အကြောင်းအရာများကို မည်သို့ကိုင်တွယ် ဖြေရှင်းသည်ဟူသော သတင်းအချက်အလက်များကို ထောက်ပံ့ပေးရန် ပျက်ကွက်ခဲ့သည့်အတွက် ဩစတြေးလျနိုင်ငံက ဒဏ်ငွေချမှတ်ခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်သည် သုံးနှစ်ကြာ တရားရင်ဆိုင်မှုကို အဆုံးသတ်စေခဲ့သည်။ မေ ၂၁ ရက်တွင် ဖက်ဒရယ်တရားရုံးက လူမှုကွန်ရက်မီဒီယာ X ကို ဒဏ်ငွေ ဩစတြေးလျ ဒေါ်လာ ၆၅၀၀၀၀ ဒဏ်ရိုက်ခဲ့သည်။ ကုမ္ပဏီဘက်ကလည်း ၎င်းတို့အနေဖြင့် အွန်လိုင်းလုံခြုံရေး ဥပဒေကိုလိုက်နာရန် ပျက်ကွက်ခဲ့သည်ဟု ဝန်ခံခဲ့ပြီး ဒဏ်ကြေးပေးဆောင်ရန် သဘောတူခဲ့သည်။
၂၀၂၂ ခုနှစ်က အီလွန်မက်စ်သည် X ဝယ်ယူခဲ့ပြီး လုပ်ငန်းပြန်ဖွဲ့စည်းမှု လုပ်ဆောင်ဆဲကာလဟု အကြောင်းပြခဲ့သည်။ တရားရုံးက X အား တရားဥပဒေကုန်ကျစရိတ်အတွက် ဩစတြေးလျ ဒေါ်လာ ၁၀၀၀၀၀ ထပ်မံပေးဆောင်ရန် အမိန့်ချခဲ့သည်။
နည်းပညာ ကုမ္ပဏီကြီးများအတွက် တာဝန်ခံမှုရှိစေရန် အဓိပ္ပာယ်ရှိသည့် ပွင့်လင်းမြင်သာမှုသည် အရေးကြီးသည်ဟု ဩစတြေးလျနိုင်ငံ၏ အီလက်ထရောနစ် လုံခြုံရေးကော်မရှင်နာ ဂျူလီအင်မန်းဂရန့်က ပြောသည်။
ဩစတြေးလျနိုင်ငံသည် ပြီးခဲ့သည့်နှစ် နှောင်းပိုင်းမှစတင်ကာ အသက် ၁၆ နှစ်အောက် ကလေးငယ်များကို လူမှုကွန်ရက်မီဒီယာအသုံးပြုခွင့် ပိတ်ပင်သည့် ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။
အင်န်အိတ်ချ်ကေ
MDN
