ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုမှသည် တစ်ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဆီ လှစ်ဟပေးမယ့် တံခါးတစ်ချပ် သို့မဟုတ် SCO အဖွဲ့
မိသားစုတစ်စုဖြစ်စေ၊ ရပ်ကွက်တစ်ခုဖြစ်စေ၊ မြို့နယ်တစ်ခုဖြစ်စေ လူ့အဖွဲ့အစည်းတိုင်းဟာ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့နယ်ပယ်တွေမှာ တိုးတက်မှုရှိဖို့သိပ်ကိုလိုအပ်ပါတယ်။
ဒီလိုတိုးတက်မှု ရှိဖို့အတွက် လိုအပ်တဲ့အရာတစ်ခုက လုံခြုံရေးပါ။ မိသားစုတစ်စုလုံခြုံအေးချမ်းမှသာ ပျော်ရွှင်ရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး လုံခြုံမှုရရှိနိုင်စေဖို့ ဆိုရာမှာလည်း စီးပွားရေးအင်အားတောင့်တင်းမှုက အခရာကျပြန်ပါတယ်။ ဒါဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်မယ့် အရာတွေကဘယ်လောက်တောင်မှ များပြားလိမ့်မလဲဆိုတာကို တွေးဆကြည့်နိုင်မှာပါ။
ပထမဆုံး နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုရှိဖို့ဆိုရင် လုံခြုံမှုရှိဖို့နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့က အရေးကြီး ပါတယ်။ သူတို့နှစ်ခုက ဒွန်တွဲနေတာပါ။
လုံခြုံမှုရှိမှ စီးပွားရေးကိုကောင်းကောင်းလုပ်နိုင်မယ်။
စီးပွားရေးကောင်းမှ လုံခြုံရေးကိုပိုမိုအားဖြည့်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ ပတ်ဝန်းကျင်ဆိုတာက အင်မတန်မှ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ ပတ်ဝန်းကျင်ဆိုတာကို ရွေးချယ်လို့ရနိုင်ပါတယ်။ ကိုယ်ရွေးချယ်တဲ့ပတ်ဝန်းကျင် အခြေအနေအပေါ်မူတည်ပြီး ကိုယ့်ရဲ့တိုးတက်မှုသည်လည်း ပြောင်းလဲလာရတာပါ။
ဒါဆိုရင် နိုင်ငံတစ်နိုင်ငံအနေနဲ့ ဘယ်လိုပတ်ဝန်းကျင်ကို ရွေးချယ်သင့်လဲဆိုတော့ ကိုယ့်နိုင်ငံအတွက်လုံခြုံရေးကို အာမခံနိုင်ရမယ်။ ကိုယ့်နိုင်ငံနဲ့ နိုင်ငံသားများအတွက် စီးပွားရေး အခွင့်အလမ်းကောင်းများကို ပေးစွမ်းနိုင်ရမယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်အကျိုးအမြတ်ရှိတဲ့ လက်တွဲပူးပေါင်းဆောင်ရွက်မှုတွေကို အကောင်အထည်ဖော် ပေးနိုင်ရပါမယ်။ ဒီလိုအချက်တွေက အခြေခံအချက်များဖြစ်ပြီး အသေးစိတ်ဆိုရင်တော့ ဒီထက်ပိုမိုကျယ်ပြန့်မှာ ဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်တို့အနေနဲ့ ဘယ်လိုပတ်ဝန်းကျင်မျိုးကို ရွေးချယ်သင့်လဲဆိုတာ သိသွားပြီးတဲ့နောက် အဲဒီပတ်ဝန်းကျင်က ဘယ်မှာလဲဆိုတာကို ရှာဖွေရပါမယ်။ မိမိတို့မြန်မာနိုင်ငံအတွက် ဆိုရင်တော့ ဒီလိုပတ်ဝန်းကျင်ကောင်းက ကိုယ့်ရဲ့အနီးအနားမှာတင်ရှိပါတယ်။ အဲဒါကတော့ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (SCO) ပါပဲ။
လာမယ့်ဩဂုတ်လ ၃၁ ရက်မှသည် စက်တင်ဘာလ ၁ ရက်အထိ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)ရဲ့ ထိပ်သီးညီလာခံကို တရုတ်နိုင်ငံမြောက်ပိုင်းရှိ ထျန်းကျင်းမြို့မှာကျင်းပသွားမှာဖြစ်ပြီး အာရှ၊ ဥရောပနဲ့ အာဖရိကဒေသတို့မှ နိုင်ငံ့ခေါင်းဆောင်များစွာ တက်ရောက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တက်ရောက်သွားမှာ ဖြစ်တယ်လို့ တရုတ်အစိုးရရဲ့ ထုတ်ပြန်ချက်တွေထဲမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ အခုကျင်းပတဲ့ထိပ်သီးညီလာခံဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)ရဲ့ သမိုင်းတစ်လျှောက်မှာ အကြီးဆုံးသော ထိပ်သီးညီလာခံပါ။ ဒါက ဘာကိုရည်ညွှန်းနေလဲဆိုရင် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှု အဖွဲ့(SCO) ရဲ့ဖွံ့ဖြိုးတိုးတက်မှု အတိုင်းအတာကို ရည်ညွှန်းဖော်ပြနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုကျင်းပတဲ့ ထိပ်သီးညီလာခံက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO)အနေနဲ့ လာမယ့်ဆယ်စုနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် အသေးစိတ် အစီအစဉ်တွေကို ရေးဆွဲချမှတ်သွားမှာ ဖြစ်ပါတယ်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ကို တည်ထောင်ခဲ့တာက ၂၀၀၁ ခုနှစ်ကဆိုတော့ အခုဆိုရင် ဒီအဖွဲ့ကြီးရဲ့ သက်တမ်းဟာ ၂၄ နှစ်ကျော်လာပါပြီ။ ဒီအချိန်မှာ SCO အနေနဲ့ကိုယ်စားပြုပေးနိုင်တဲ့ လူဦးရေပမာဏက ကမ္ဘာ့လူဦးရေရဲ့ထက်ဝက်နီးပါးရှိလာသလို အဖွဲ့အစည်းသည်လည်း ဒေသတွင်းဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကြီးအဖြစ် တက်လှမ်းလာနိုင်ပါပြီ။ ဒါ့အပြင် SCO မှာပါဝင်တဲ့ ကုန်းမြေပမာဏက ကမ္ဘာ့ကုန်းမြေစုစုပေါင်းရဲ့ လေးပုံတစ်ပုံရှိလာသလို ဂျီဒီပီအားဖြင့်ဆိုရင် တစ်ကမ္ဘာလုံးဆိုင်ရာဂျီဒီပီရဲ့ လေးပုံတစ်ပုံရှိလာပါတယ်။
SCO အဖွဲ့ရဲ့အခြေခံအုတ်မြစ်က စစ်အေးကာလပြီးနောက် ၁၉၉၆ ခုနှစ်မှာ တရုတ်၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျစ္စတန်နဲ့ တာဂျစ်ကစ္စတန်နိုင်ငံတို့က နယ်စပ်လုံခြုံရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ထူထောင်ဖွဲ့စည်းလိုက်တဲ့ "Shanghai Five" ဆိုတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ် ဇွန်လ ၁၅ ရက်မှာ ဥဇဘက်ကစ္စတန်နိုင်ငံက ခြောက်နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် ပါဝင်လာပြီးနောက် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organiz-ation-SCO) ဆိုတာဖြစ်ပေါ်လာတာပါ။ ဒီနောက်ပိုင်းမှာအိန္ဒိယ၊ ပါကစ္စတန်၊ အီရန်နဲ့ ဘယ်လာရုစ်တို့ကလည်း SCO အဖွဲ့ဝင်နိုင်ငံများဖြစ်လာတဲ့အတွက် ဒီအဖွဲ့ကြီးမှာအဖွဲ့ဝင်နိုင်ငံပေါင်း ၁၀ နိုင်ငံနဲ့ လေ့လာသူနှစ်နိုင်ငံ၊ ဆွေးနွေးဖက်နိုင်ငံ ၁၄ နိုင်ငံတို့အထိပါဝင်ပြီး SCO အဖွဲ့ကြီးက ကြီးမားကျယ်ပြန့်လာတာဖြစ်ပါတယ်။
SCO အဖွဲ့ကြီးက ဒေသတွင်းလုံခြုံရေးကိုထိန်းသိမ်းပြီး ဘုံဖွံ့ဖြိုးတိုးတက်မှုကို အားပေးထောက်ခံဖို့အတွက် တည်ရှိနေတဲ့အဖွဲ့လို့တောင်မှ ပြောလို့ရပါတယ်။ ဒီလိုတည်ရှိနေနိုင်ဖို့အတွက် “ရှန်ဟိုင်းစိတ်ဓာတ်”ကို မဏ္ဍိုင်ပြုထားတာပါ။ ရှန်ဟိုင်းစိတ်ဓာတ်ဆိုတာကိုပြောရရင် အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှု၊ သာတူညီမျှမှု၊ ညှိနှိုင်းတိုင်ပင်မှု၊ မတူကွဲပြားတဲ့လူနေမှုစနစ်များကို လေးစားမှုနဲ့ ဘုံဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်လျှောက်လှမ်းမှုတို့ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး အကျိုးရှိလှတဲ့ “ရှန်ဟိုင်းစိတ်ဓာတ်”ကို လက်ကိုင်ထားခြင်းအားဖြင့် SCO အဖွဲ့ကဒေသတွင်းပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းပေါ်လျှောက်လှမ်းကာ မတူညီတဲ့သဘောတရားများ၊ လူမှုရေးစနစ်များနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းများကိုလက်ခံပြီး နိုင်ငံတကာဆက်ဆံရေး ပုံစံအသစ်အတွက် စံနမူနာတစ်ခုကို ဖော်ဆောင်လာနိုင်ခြင်း ဖြစ်ပါတယ်။
ဒီနေရာမှာ တရုတ်နိုင်ငံရဲ့မှန်ကန်တဲ့ရပ်တည်မှုနဲ့ မျှဝေမှုတို့ကလည်း အင်မတန်အရေးကြီးတဲ့အခန်း ကဏ္ဍကနေ ပါဝင်နေပါတယ်။ တရုတ်နိုင်ငံဟာ SCO အဖွဲ့ကို စတင်တည်ထောင်သူအဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ “ရှန်ဟိုင်းစိတ်ဓာတ်” ကိုခိုင်မာစွာစွဲကိုင်ထားကာ စည်းလုံးညီညွတ်မှုနဲ့ အပြန်အလှန် ယုံကြည်မှု၊ တည်ငြိမ်မှုနဲ့ အေးချမ်းမှု၊ ချမ်းသာကြွယ်ဝမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ အိမ်နီးချင်းကောင်းနဲ့ မိတ်ဆွေကောင်းပီသမှု၊ တရားမှုနဲ့မျှတမှုတို့ကိုဖော်ကျူးနေတဲ့ အိမ်လေးတစ်လုံးကိုတည်ဆောက်သွားကြဖို့ SCO အဖွဲ့ဝင်နိုင်ငံများကို အမြဲတမ်းတိုက်တွန်း တောင်းဆိုနေသူ ဖြစ်ပါတယ်။
စီးပွားရေးကဏ္ဍကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံနဲ့ တခြား SCO အဖွဲ့ဝင်နိုင်ငံများကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဟာ တော်တော်လေးကိုတိုးတက်လာတာတွေ့ရမှာပါ။ အဲဒီနယ်ပယ်တွေထဲမှာ အခြေခံ အဆောက်အအုံ၊ စွမ်းအင်၊ စိုက်ပျိုးရေးနဲ့ နည်းပညာသာမက ဒေသတွင်းရှိပြည်သူများရဲ့ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးတို့လည်း အပါအဝင်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာဆိုရင် တရုတ်နိုင်ငံနဲ့ SCO အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများကြား ကုန်သွယ်မှုပမာဏက အမေရိကန်ဒေါ်လာ ၈၉၀ ဘီလီယံအထိ စံချိန်တင်မြင့်တက်ခဲ့တာကို တွေ့ရပါတယ်။ ဒီပမာဏဟာ တရုတ်နိုင်ငံရဲ့ စုစုပေါင်းပြည်ပကုန်သွယ်မှု တန်ဖိုးအနက် ၁၄ ဒသမ ၄ ရာခိုင်နှုန်းရှိပါတယ်။
တကယ်တော့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဆိုတာ အဖွဲ့ဝင်နိုင်ငံတိုင်းအတွက်သာမက လေ့လာသူနိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ အတွက်ပါ အကျိုးရှိတဲ့ အဖွဲ့အစည်းကြီးတစ်ခုလို့ဆိုရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် SCO အဖွဲ့ကြီးမှာပါဝင်တဲ့ နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုက ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုဆီကို ဦးတည်နေတာကြောင့် SCO အဖွဲ့ကြီးက ဒေသတွင်းအတွက်သာမက တစ်ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အတွက်ပါ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ဆိုရမှာ ဖြစ်ပါတယ်။
ဒီလိုမျိုးအရေးပါတဲ့ အဖွဲ့အစည်းကြီးကို တရုတ်၊ ရုရှား၊ အိန္ဒိယတို့လို ကမ္ဘာ့အင်အားကြီးနိုင်ငံများက “ရှန်ဟိုင်းစိတ်ဓာတ်” ကိုမြဲမြံစွာစွဲကိုင်ပြီး ထိန်းကျောင်းနေခြင်းဖြစ်တာကြောင့် နောင်တစ်ချိန်ရောက်ရင် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ဆိုတဲ့ အဖွဲ့အစည်းကြီးက ကမ္ဘာကြီးကိုကိုယ်စားပြုနိုင်တဲ့ အခြေအနေအထိ ဆိုက်ရောက်လာမှာ မလွဲဧကန်ပါပဲ။
ရှေ့ဆုံးမှာကျွန်တော်ပြောခဲ့တဲ့စာပိုဒ်လေးကိုပြန်ကောက်ရရင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုရှိစေဖို့အတွက် ပတ်ဝန်းကျင်ကောင်းကို မလွဲမသွေရွေးချယ်ရမှာဖြစ်ပါတယ်။ ဒီလိုရွေးချယ်ရာမှာလည်း ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့(SCO) က ကျွန်တော်တို့လို မြန်မာနိုင်ငံအတွက် သိပ်ကိုရွေးချယ်သင့်တဲ့အဖွဲ့ထဲမှာပါတာပေါ့။ ဒီလိုအခြေအနေတွေကို တွက်ဆမိလို့ လည်း ကျွန်တော်တို့ရဲ့ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် SCO ထိပ်သီးညီလာခံကို တက်ရောက်တာပါ။
နိုင်ငံတော် အကြီးအကဲအနေနဲ့ အခုလိုတက်ရောက်ခြင်းကြောင့် SCO အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်တချို့အပြင် ထိပ်သီးညီလာခံကိုတက်ရောက်လာတဲ့နိုင်ငံပေါင်း ၂၀ ကျော်မှခေါင်းဆောင် တချို့နဲ့လည်း တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အဲဒီကနေမှတစ်ဆင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းကောင်းများစွာကိုသာမက နှစ်နိုင်ငံအစိုးရများနဲ့ ပြည်သူများကြား ချစ်ကြည်ရေး၊ စီးပွားရေးနဲ့ ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်ခိုင်မာမှုရရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ဆိုတာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုမှသည် တစ်ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဆီ လှစ်ဟပေးမယ့် တံခါးတစ်ချပ် ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ ။
Ref: SCIO
MWD
Subject-Image
Posted-Date
MM-Subject-Category
