ပြည်သူသာအမိ ပြည်သူသာအဖ ထာဝရတပ်မတော်
တပ်မတော်သည် နိုင်ငံတော်အတွက် အတိတ်ကာလမှ ယနေ့ပစ္စုပ္ပန်ကာလအထိ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ကောင်းကျိုးကို သယ်ပိုးဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် ကျရောက်လာမည့် မည်သည့်ဘေးရန်အန္တရာယ်ကိုမဆို တိုက်ဖျက်ချေမှုန်းဆောင်ရွက်ကာ အခြေအနေကောင်းတစ်ရပ်သို့ရောက်ရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။ ပစ္စုပ္ပန်ကာလမှသည် အနာဂတ် ခရီးလမ်းကြောင်းတွင်လည်းတပ်မတော်သည် နိုင်ငံတော်နှင့်နိုင်ငံသားများကောင်းကျိုးကို အစဉ်သယ်ပိုးနေမည်သာဖြစ်သည်။
တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲမသမာမှုများကြောင့် အရေးပေါ်ကာလသတ်မှတ်ပြီး အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကတာဝန်ပေးခဲ့သောကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယခုအထိ နိုင်ငံ့တာဝန်ကိုထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်တာဝန်ကို စတင်ယူခဲ့ချိန်မှစပြီး အခက်အခဲနှင့်စိန်ခေါ်မှု များစွာကြုံတွေ့ခဲ့ရသည်။ စတင်တာဝန်ယူချိန်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါပြင်းထန်နေသည့် အချိန်ဖြစ်ပြီး ကူးစက်မှုကာကွယ်ရန်နှင့် ကုသရေးဆိုင်ရာများကို တပ်မတော်
သားများနှင့်ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသောကြောင့် ထိခိုက်ဆုံးရှုံးမှု နည်းပါးစွာဖြင့် ကပ်ရောဂါကြီးကို ကျော်လွှားနိုင်ခဲ့သည်။
ရခိုင်ပြည်နယ်၌ ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်၌ အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ခဲ့မှုကြောင့် ရခိုင်ပြည်နယ်တွင် လူအသေအပျောက်များခဲ့ပြီး ရုံးအဆောက်အဦများ၊ လူနေအိမ်များ၊ စာသင်ကျောင်း၊ ဆေးရုံနှင့်သာသနိက အဆောက်အအုံများ များစွာထိခိုက်ပျက်စီးခဲ့သည်။ နိုင်ငံတော်အကြီးအကဲအနေဖြင့် ရခိုင်ပြည်နယ်ကိုမုန်တိုင်းတိုက်ခတ်ပြီး နောက်ရက်တွင် ချက်ချင်းသွားရောက်ကာ ထိခိုက်ဒဏ်ရာရသူများကို အားပေးနှစ်သိမ့်ခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရန် စီမံဆောင်ရွက်ပေးခဲ့သည်။ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ချက်ချင်းဖွဲ့စည်းပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်စေခဲ့သည်။ ဒေသခံအများစုအနေဖြင့် မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေကြပြီး ပျက်စီးမှုများကို ရှင်းလင်းခြင်းနှင့် ပြန်လည်ထူထောင်မှုကို မူလအခြေအနေထက် သာလွန်ကောင်းမွန်အောင် တပ်မတော်အင်အားကို အခြေပြုပြီး အလေးထား ဆောင်ရွက်ပေးခဲ့သည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်တွင် တောင်တရုတ်ပင်လယ် ဘက်ကစခဲ့သည့် စူပါတိုင်ဖွန်းမုန်တိုင်းရာဂိကြောင့် နေပြည်တော်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နှစ်ပေါင်း ၇၀ အတွင်း အကြီးမားဆုံးသော မိုးရွာသွန်းမှုများဖြစ်ပေါ်ခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အလွန်အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းတို့၌ ထိခိုက်ပျက်စီးမှုများပြီး အခြားဒေသများတွင်လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ကယ်ဆယ်ရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၌ တပ်မတော်သားများ ပူးပေါင်းပါဝင်ခဲ့ကြသည်။
သဘာဝဘေးအန္တရာယ် ကျရောက်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် တပ်မတော်မှ အရာရှိကြီးများအား သတ်သတ်မှတ်မှတ်တာဝန်ပေးပြီး အပျက်အစီးရှင်းလင်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပိုမိုထိရောက်အောင်ဆောင်ရွက်စေခဲ့သည်။ တာဝန်ပေးခဲ့သည့် တပ်မတော်အရာရှိကြီးများကလည်း ဆင်းရဲဒုက္ခကြားတွင် သွားရောက်နေထိုင်ပြီး လက်တွေ့ကျကျ အောက်ခြေထိဆင်းပြီး ဆောင်ရွက်ခဲ့ကြသည်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အချိန်တိုအတွင်းမှာပင် စိတ်စေတနာထက်သန်စွာဖြင့် စွန့်လွှတ်စွန့်စားပါဝင် ဆောင်ရွက်ခဲ့ခြင်းကြောင့် လုပ်ငန်းများ ဆောလျင်စွာ ပြီးမြောက်ခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရွေးကောက်တင်မြှောက်ခြင်း ခံရသောသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ မိုခါမုန်တိုင်းအပါအဝင် သဘာဝဘေးဒဏ်ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့်အရာရှိကြီးများအား ဂုဏ်ပြုအထိမ်းအမှတ် လက်ဆောင်များချီးမြှင့်ခြင်း အခမ်းအနား၌ အမှာစကားပြောကြားစဉ် “ယခုကဲ့သို့ နိုင်ငံတော်အတွက် အရေးကြုံလာတိုင်း၌ တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ၊ ပြည်သူတို့နှင့်တစ်သားတည်း ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို အထူးကျေးဇူးတင်ကြောင်းကို ထပ်မံပြောကြားလိုကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်နိုင်အောင် ကြီးကြပ်ကွပ်ကဲစီမံပေးခဲ့ကြသည့် တပ်မတော်အရာရှိကြီးများကိုလည်း လေးစားစွာမှတ်တမ်းတင် ဂုဏ်ပြုကြောင်းကို ပြောကြားလိုကြောင်း၊ အနာဂတ်ကာလတွင်လည်း နိုင်ငံ့အတွက် အရေးကြုံလာတိုင်း တပ်မတော်အနေဖြင့် ပြည်သူ့အကျိုးကို ထိထိရောက်ရောက် သယ်ပိုးဆောင်ရွက်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးကြရန်၊ “ပြည်သူသာအမိ ပြည်သူသာအဖ”ဟူသည့် ခံယူချက်နှင့် ပြည်သူတွေအပေါ် အလုပ်အကျွေး ပြုသွားကြရန်၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများကိုလည်း ကျရာကဏ္ဍမှ အင်တိုက်အားတိုက် ဆောင်ရွက်ပေးကြရန်”ထည့်သွင်းပြောကြားခဲ့သည်။ အနှစ်ချုပ်ဆိုရသော် တပ်မတော်သည် ပြည်သူသာအမိ ပြည်သူသာအဖ ထာဝရတပ်မတော်အဖြစ် ပြည်သူကိုအစဉ်တစိုက် အလုပ်အကျွေးပြုနေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။
MWD
အယ်ဒီတာ့အာဘော်
(၂ဝ၂၆ ခုနှစ်၊ ဧပြီ ၁၀ ရက်)
