လူငယ်လူရွယ်မျိုးဆက်သစ်များအတွက် စံနမူနာကောင်းများအဖြစ် ဂုဏ်ယူ
ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁/၂၀၂၄)တွင် တာဝန်ထမ်းဆောင်ခဲ့ကြ သူများမှာ သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့ပြီဖြစ်သည့်အလျောက် ပြည်သူ့စစ်မှု ထမ်းဆောင်ပြီးကြောင်း လက်မှတ်ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားများကို ပြီးခဲ့သည့် ဧပြီ ၁၁ ရက်တွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်ခဲ့သည်။ သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ခဲ့သည့် နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်နှင့်အတူ ပြည်သူ့စစ်မှုထမ်းတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုပါ ချီးမြှင့်ခြင်းဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းများသည် တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၊ စည်းကမ်းလိုက်နာမှုနှင့် ကိုယ်ကျိုးမဖက် စွန့်လွှတ်အနစ်နာခံမှုတို့ဖြင့် ပေးအပ်လာသော တာဝန်များကို ဂုဏ်ယူစွာထမ်းဆောင်လျက်ရှိကြရာ မကြာသေးမီအချိန်အထိ ၎င်းတို့ထဲမှ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်၊ သူရဲကောင်းလက်မှတ်၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် အကြီးအကဲများ၏ ချီးကျူးဂုဏ်ပြု လက်မှတ်များရရှိခဲ့သူ ၇၄ ဦးအထိ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်နှင့် တပ်မတော်ကလည်း ပြည်သူ့စစ်မှုထမ်းများ စစ်မှုထမ်းဆောင်စဉ် ကာလတစ်လျှောက် ရသင့်ရထိုက်သည့် အကျိုး ခံစားခွင့်များ၊ လစာ၊ ရိက္ခာနှင့် အခြားထောက်ပံ့မှုများ ရရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိသည်။ စစ်မှုထမ်းကာလပြီးဆုံးပြီးသည့် ပြည်သူ့စစ်မှုထမ်းများသည် မိမိတို့သဘောဆန္ဒအလျောက် တပ်မတော်တွင် ဆက်လက်အမှုထမ်းဆောင်လိုပါက ထမ်းဆောင်နိုင် ကြသည်ဖြစ်ရာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ဆက်လက်ထမ်းဆောင်လိုသူ နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းအချို့ ကိုယ်တိုင်ဆန္ဒပြု၍ တပ်မတော်တွင် ဆက်လက်တာဝန် ထမ်းဆောင်နေကြသည်ဟုလည်း သိရသည်။
သတ်မှတ်စစ်မှုထမ်းကာလ ပြည့်မြောက်ပြီးသူများသည် ကုမ္ပဏီဝန်ထမ်းဖြစ်ပါက ယခင်အလုပ်အကိုင် သို့ အလားတူ ရာထူးအတိုင်း ပြန်လည်ခန့်အပ်ခံကြရပြီး နိုင်ငံတော်က ပေးအပ်ချီးမြှင့်သည့် ထိုက်သင့်သော အကျိုးခံစားခွင့်များကိုရရှိကြသည်။ ယခင်အလုပ်အကိုင်မရှိသူများ အလုပ်အကိုင် ရရှိရေးနှင့် ပတ်သက်၍ ၎င်းတို့ဆန္ဒပြုသည့် အလုပ်အကိုင်များကို သတ်မှတ်ချက်များနှင့်အညီ ခန့်အပ်ပေး နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်တွင်း/ ပြည်ပ အလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီများနှင့်ချိတ်ဆက်၍ လိုအပ်သည်များ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။ ယင်းသို့ဆောင်ရွက်ရာတွင် “စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ” ကို ဖွဲ့စည်းထားပြီး ယင်းစီမံခန့်ခွဲမှု ကော်မတီ၏အောက်တွင် လုပ်ငန်းကော်မတီ ငါးခုဖွဲ့စည်း၍ စီမံဆောင်ရွက်နေခြင်းဖြစ်သည်။ စစ်မှုထမ်းကာလ ပြည့်မြောက်၍ တာဝန်ကျေပွန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းများကို သက်ဆိုင်ရာ သင်တန်းများပေး၍ အစိုးရအမှုထမ်း၊ ပြည်ပအလုပ်အကိုင်များ၊ ကုမ္ပဏီအလုပ်အကိုင်များ၊ ပုဂ္ဂလိက အလုပ်အကိုင်များ၊ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ လုပ်ကိုင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်သည် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ်သည်နှင့်အညီ ဥပဒေအရ သတ်မှတ်ချက်များနှင့် ကိုက်ညီအကျုံးဝင်သူများမှာ ပြည်သူ့စစ်မှုထမ်းတာဝန်ကို သတ်မှတ် ကာလအလိုက် တာဝန်ထမ်းဆောင် ကြရမည်ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်း လုပ်ငန်းစဉ် သည် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စည်းကမ်းတကျ ဆောင်ရွက်နေခြင်းဖြစ်ပြီး ဥပဒေကို လက်တစ်လုံးခြား ဆောင်ရွက်မှုများနှင့် မတရားပြုလုပ်ခြင်းများမှန်ကန်ပါက အရေးယူလျက် ရှိသည်။ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ ပြည်ဖျက်မီဒီယာများက ယခင်ကရော ယခုအချိန်ထိပါ မမှန်မကန်သတင်းများကို ရေးသားထုတ်လွှင့်ပြီး တပ်မတော်နှင့် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး လုပ်ငန်းစဉ်များအပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားစေရေးအတွက် လုပ်ကြံ ဝါဒဖြန့်မှုများ အဆက်မပြတ်ပြုလုပ်လျက်ရှိကြသည်။ သို့ရာတွင် ၎င်းတို့အနေဖြင့် မည်သို့ပင်လုပ်ကြံ ဝါဒဖြန့်နေကြစေကာမူ နိုင်ငံ့သားကောင်း ပြည်သူ့စစ်မှုထမ်းများ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်တို့ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို နိုင်ငံသားတာဝန် ကျေပွန်စွာထမ်းဆောင်လျက် ရှိကြသည်။
ယခုအခါ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁) မှ ပြည်သူ့စစ်မှုထမ်းများမှာ နိုင်ငံ့တာဝန်ကျေပွန်စွာ ထမ်းဆောင်၍ သတ်မှတ်ကာလ ပြည့်မြောက်ခဲ့ပြီးနောက် အမှတ်စဉ်များ တစ်ခုပြီးတစ်ခု ဆက်ကာ ဆက်ကာ တာဝန်ကျေပွန် ပြည့်မြောက်လာကြမည်ဖြစ်ရာ နိုင်ငံသားကောင်းတို့၏ သမိုင်း မှတ်တိုင်များပင်ဖြစ်ပြီး နောင်မျိုးဆက်သစ် လူငယ်လူရွယ်များအတွက် စံနမူနာကောင်းများအဖြစ် ဂုဏ်ယူကြရပါမည့်အကြောင်း။
(မြန်မာ့အလင်း) (MDN)
