ဂုဏ်ယူဝင့်ကြွား ပန်းကလေးများ

Posted_Date

Image

ဂုဏ်ယူဝင့်ကြွား ပန်းကလေးများ

Body

ဂုဏ်ယူဝင့်ကြွား ပန်းကလေးများ

 

ပန်းပေါင်းစုံဖြာ ဝေစည်ကာ

သင်းပျံ့ ချိုကြည်သာ၊

သာပါပေတောင်း သာပေ့တောင်း

တို့ရင်ထဲက ပန်းအပေါင်း။

ပန်းပေါင်းစုံလင် ပန်းသဘင်

အလှကိုယ်စီ ယဉ်၊

ယဉ်ပါပေတောင်း ယဉ်ပေ့တောင်း

တို့ရင်ထဲက ပန်းအပေါင်း။

      ယနေ့ကျောင်းနေအရွယ်မောင်မယ် တို့သည်    မိဘပြည်သူတို့၏   ရင်သွေးရတနာ ပန်းကလေးများဖြစ်ကြသလို နိုင်ငံတော်၏ ရင်သွေးရတနာပန်းကလေးများလည်း ဖြစ်ကြသည်။   ထိုရတနာပန်းကလေးများသည် လှပသော အဆင်းရှိကြသည်။ သင်းပျံ့သောအချင်းလည်းရှိကြသည်။ အဆင်းလည်းရှိ၊ အချင်းလည်းရှိသော ရတနာပန်းကလေးများဖြစ်ကြသည်။ အဆင်းလည်းရှိ၊ အချင်းလည်းရှိသော ရတနာပန်းကလေးများသည် မိဘပြည်သူများက မြတ်မြတ်နိုးနိုးတန်ဖိုးထားရသလို နိုင်ငံတော်ကလည်း မြတ်မြတ်နိုးနိုး တန်ဖိုးထားရသူများဖြစ်သည်။ ယနေ့ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၄ ရက်နံနက်ခင်းသည် အခြားနေ့များထက် တစ်မူထူး၍ မင်္ဂလာကျက်သရေရှိနေသည်။ နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်တွင် မိဘပြည်သူတို့၏ ရင်သွေးရတနာများဖြစ်ကြသော  နိုင်ငံတော်၏ ရင်သွေးရတနာများအား နိုင်ငံတော်က ဂုဏ်ပြုချီးမြှင့်သော  မင်္ဂလာပွဲသဘင်ကို  ဆင်ယင်ကျင်းပနေသည့် မြင်ကွင်းကြောင့်ဖြစ်သည်။ ဂုဏ်ပြုချီးမြှင့်ခြင်း ခံရသူများသည်ကား “၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင်    ဘာသာစုံဂုဏ်ထူးနှင့် ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ”ပင်ဖြစ်သည်။

ဇေယျာသီရိဗိမာန်အတွင်းတွင် ရောက်ရှိနေကြသော   ထူးချွန်ကျောင်းသား၊  ကျောင်းသူတို့၏ရင်ထဲတွင်    လမင်းထိန်ထိန်သာနေသလို  အခမ်းအနားသို့ ကြွရောက်ချီးမြှင့်လာကြသော နိုင်ငံတော်လုံခြုံရေးနှင့်  အေးချမ်းသာယာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ      ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တာဝန်ရှိသူများ၊ မိဘပြည်သူများ၏ရင်ထဲတွင်လည်း လမင်းထိန်ထိန်သာနေသည်။    ခန်းမတစ်ခုလုံးသည်  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ   ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တာဝန်ရှိသူများ၊    မိဘပြည်သူများ၏    ဂုဏ်ယူဝမ်းမြောက်ကြည်နူးကာ ပီတိပွားနေကြသော ရွှင်ရွှင်လန်းလန်း အပြုံးပန်းများနှင့် ထူးချွန်ကျောင်းသား၊  ကျောင်းသူတို့၏  ဖျတ်လတ်သွက်လက် တက်ကြွနေသော ရွှင်ရွှင်လန်းလန်း အပြုံးပန်းများဖြင့်  မွှေးကြူသင်းပျံ့နေသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကျောင်းနေအရွယ်  မောင်မယ်များ၏ပညာရေးကို မျက်ခြည်ပြတ်မခံဘဲ အမြဲတစေအာရုံစိုက်နေသည်။   ကျောင်းနေအရွယ် မောင်မယ်များအားလုံး  ဘက်စုံပညာရေးမှတစ်ဆင့် ဗလငါးတန်ဖွံ့ဖြိုးပြီး  စိတ်ဓာတ်ကြံ့ခိုင်သည့် စွမ်းရည်ပြည့်ဝ နှလုံးလှသူများဖြစ်ပေါ်လာအောင် အမြဲတစေ  ဝါယမစိုက်နေသည်။ ပညာရေးကောင်းမွန်အောင် ဆောင်ရွက်ခြင်းဖြင့် ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုစေမည်ဖြစ်ရာ ဒေသတွင်းစီးပွားရေး တိုးတက်ကောင်းမွန်စေရန် ပညာတတ်လူသားအရင်းအမြစ်များ ပေါများကြွယ်ဝအောင် ဆောင်ရွက်ရန်   အာသီသပြင်းပြနေသည်။ မျက်ခြည်မပြတ်သော  အာရုံ၊ စိုက်ထုတ်နေသောဝါယမ၊ ပြင်းပြနေသော  အာသီသတို့ကြောင့် သွားရောက်ခဲ့သည့်နေရာဒေသ အသီးသီးတို့၌ မိဘပြည်သူများနှင့်တွေ့ဆုံပြီး ပညာရေးကို ဝိုင်းဝန်းအားပေးကူညီကြရန် အမြဲတစေတိုက်တွန်းနေသည်။ ယခုအခါသည် ပညာရေး ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံတော်က အလေးပေးဆောင်ရွက်နေသည့် အချိန်အခါဖြစ်သည်။

ကျောင်းနေအရွယ်  မောင်မယ်များကို စိတ်ဓာတ်ခွန်အားကြံ့ခိုင်စေရန်  အမြဲတစေမြှင့်တင်ပေးနေရုံမက   အားပေးမြှောက်စား ဂုဏ်ပြုချီးမြှင့်ပေးနေသော အချိန်အခါလည်းဖြစ်သည်။ ယခုကျင်းပသော “၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးနှင့် ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား”သည်    ပညာရေးရင်းနှီးမြှုပ်နှံမှု မြောက်မြားစွာထဲမှ ပြယုဂ်တစ်ခုဖြစ်ပြီး ကျောင်းနေအရွယ် လူငယ်မောင်မယ်များကို စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးနေမှု၊ ဂုဏ်ပြုချီးမြှင့်မြှောက်စားပေးနေမှု မြောက်မြားစွာထဲမှ ပြယုဂ်တစ်ခုလည်းဖြစ်သည်။

ယခုကျင်းပသည့် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်စား   နိုင်ငံတော်လုံခြုံရေးနှင့်   အေးချမ်းသာယာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားရာတွင် “ပညာရေးသည်   တစ်ဦးတစ်ယောက်ချင်းအတွက်  အရေးကြီးရုံသာမက  လူ့ပတ်ဝန်းကျင်နှင့်    နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အဓိကကျကြောင်း၊ လူငယ်များအတွက်   အတတ်ပညာသာမက  အသိပညာ ဗဟုသုတပြည့်ဝရေးသည်   နိုင်ငံအတွက်  အလွန်အရေးကြီးကြောင်း၊   ထူးချွန်မောင်မယ်များအနေဖြင့် အခြေခံပညာသင်ယူစဉ်တွင် အလေ့အကျင့်ကောင်းများနှင့် အစွမ်းကုန်ကြိုးစားခဲ့ကြသလို  အဆင့်မြင့်ပညာများကို ဆက်လက်သင်ယူရာတွင်လည်း မိမိတို့ဝါသနာပါသည့်၊  စိတ်ဝင်စားသည့် ပညာရပ်များကို မှန်မှန်ကန်ကန်ရွေးချယ်ပြီး   အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းသွားကြရန်  တိုက်တွန်းလိုကြောင်း၊ အဆင့်မြင့်ပညာ သင်ယူသည့်အခါတွင် သိပ္ပံဘာသာရပ်များကို  လေ့လာသင်ယူမည်ဆိုပါက   နိုင်ငံ၏   စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍများကို အထောက်အကူပြုနိုင်မည်ဖြစ်သကဲ့သို့ ဝိဇ္ဇာဘာသာရပ်များကို လေ့လာ သင်ယူခြင်းအားဖြင့်လည်း  မြန်မာမှု၊ မြန်မာ့ဟန်၊  မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများကို    ကာကွယ်ထိန်းသိမ်းမြှင့်တင်နိုင်မည်ဖြစ်ပြီး  နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး  ကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်  (၂ )ခုစလုံးကို တန်ဖိုးထားလေ့လာကြရန် မှာကြားလိုကြောင်း၊  ထူးချွန်မောင်မယ်များအနေဖြင့် မိမိအကျိုး၊ အများအကျိုးနှင့်   နိုင်ငံ့အကျိုးသယ်ပိုးနိုင်သည့်သူဖြစ်ရန်   ပထမဦးစွာ     မိမိကိုယ်မိမိကောင်းမွန်အောင် ကြိုးစားကြရန် လိုအပ်ကြောင်း၊ ယနေ့အချိန်တွင် လူငယ်များ၏ အနာဂတ်ကိုဖျက်ဆီးနေသည့်   မူးယစ်ဆေးဝါးကို အထူးရှောင်ကြဉ်ကြရန် မှာကြားလိုကြောင်း၊ “ဗလငါးတန်”နှင့်ပြည့်စုံသည့်လူငယ်များဖြစ်အောင်  ကြိုးစားပြီး ကျင့်ကြံနေထိုင်ကြရန် မှာကြားလိုကြောင်း၊   လူရယ်လို့ဖြစ်လာပါကစည်းကမ်းရှိရန်၊   ဥပဒေများကိုလေးစား လိုက်နာတတ်ရန်လိုကြောင်း၊ လူငယ်များအနေဖြင့်    သစ်တောသစ်ပင်များကို ချစ်မြတ်နိုးပြီး ကောင်းမွန်သည့်သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကိုထိန်းသိမ်းကြရန်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် တတ်အားသရွေ့ ပါဝင်ကြရန်မှာကြားလိုကြောင်း”  စသည်တို့ကို တိုက်တွန်းမှာကြားသည်။ 

ထူးချွန်မောင်မယ်တစ်ဦးချင်းစီ၏ လူနေမှုအဆင့်အတန်းမြင့်မားပြီး   နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် ရည်သန်၍ တိုက်တွန်းသည့် မှာကြားချက်များဖြစ်သည်။

ဦးလည်မသုန်နာယူမှတ်သားပြီး တစိုက်မတ်မတ် ပြုဆောင်ကြရမည်ဖြစ်သည်။ထို့နောက်  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တာဝန်ရှိသူများက ဘာသာစုံဂုဏ်ထူးရှင်    ကျောင်းသား၊  ကျောင်းသူတစ်ဦးချင်းစီအား ရွှေစင်တစ်ကျပ်သား ဒင်္ဂါးပြားများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသည်။

အခြေခံပညာကျောင်းများမှ သင်ကြားလေ့ကျင့်ပေးနေသော ကျောင်းနေအရွယ်ကလေးများ    ပညာရေး အဟောသိကံ ဖြစ်စေမည့်၊  သင်ယူမှုအခွင့်အလမ်း အလှမ်းဝေးစေမည့်၊ ပညာသင်ယူရန် အဟန့်အတားဖြစ်စေမည့် စသည့်စိန်ခေါ်မှုများကို နိုင်ငံတော်အစိုးရက ကူညီပံ့ပိုးဖြေရှင်းပေးနေသည့်အပြင် အတန်းကူးပြောင်းမှုနှုန်း မြင့်မားအောင် စီမံဆောင်ရွက်ပေးနေသည်။   အဆက်ဆက်က မသင်မနေရမူလတန်းပညာရေးကိုသာ အကောင်အထည်ဖော်နိုင်ခဲ့ရာ ယခုအခါတွင် ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (KG+9)အထိ မသင်မနေရပညာရေးကို   အောင်မြင်စွာ  အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်သည်။

အခြေခံပညာအလယ်တန်းဆင့် နဝမတန်း(KG+9)အထိ မသင်မနေရ ပညာရေးနှင့်အတူ အခြေခံပညာအလယ်တန်းဆင့် နဝမတန်း(KG+9)ကို ပြီးမြောက်အောင်မြင်သူများသည် အခြေခံပညာအထက်တန်း ကျောင်းများသို့ လည်းကောင်း၊ အခြေခံပညာနှင့်  စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများသို့လည်းကောင်း နှစ်သက်ရာ၊ ဝါသနာပါရာ၊ စိတ်ဝင်စားရာ အခြေခံပညာအထက်တန်းကျောင်းများသို့ စိတ်ကြိုက်ရွေးချယ်ကာ    သင်ယူနိုင်သည့် အခွင့်အလမ်းများကို   လမ်းဖွင့်ပေးထားသည်။ ကျောင်းပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရေးကို ချိတ်ဆက်ထားခြင်းဖြစ်ပေသည်။

ယခုအခါတွင် နိုင်ငံတော်အစိုးရက အမြော်အမြင်ကြီးကြီးနှင့် စေတနာထား ဆောင်ရွက်ပေးခဲ့ရာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းပေါင်း ၈၉ ကျောင်းကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။ 

အခြေခံပညာအထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်/သိပ္ပံအသီးသီးသို့တက်ရောက်ပြီးပညာသင်ယူနိုင်သကဲ့သို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း အောင်မြင်သူများသည်လည်း သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်/သိပ္ပံအသီးသီးသို့ တက်ရောက်ပြီး   ပညာသင်ယူနိုင်သည်။

အနာဂတ်ပညာတတ် လူငယ်များ များပြားလာစေရန် ရည်ရွယ်ပြီး ပညာရေးဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးတို့နှင့် တိုင်ပင်ဆွေးနွေးကာ   Polytechnic တက္ကသိုလ်များဖွင့်လှစ်နိုင်အောင် ဆောင်ရွက်ပေးခဲ့သည်။ ယခုအခါတွင် Polyte-chnic တက္ကသိုလ်  ၈ ခုအထိ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင်  ဥပဒေဆိုင်ရာ၊ စီးပွားရေး ဆိုင်ရာများနှင့် ပတ်သက်ပြီး သိရှိထားရန် လိုအပ်သည်။ ထို့ကြောင့် တက္ကသိုလ်အားလုံးတွင် ဥပဒေပညာရပ်ဆိုင်ရာနှင့် စီးပွားရေးပညာရပ်ဆိုင်ရာ B.A(Law)နှင့်   B.A(Eco)ဘွဲ့များကို  သင်ကြားနိုင်အောင်  ဆောင်ရွက်ပေးထားပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့်   ကျောင်းနေအရွယ် မောင်မယ်တို့၏  အနာဂတ် လမ်းချောမွေ့ဖြောင့်တန်းနေအောင် ပညာပန်းများဖြင့်  လမ်းခင်းပေးနေခြင်းဖြစ်သည်။   ထိုသို့စီမံဆောင်ရွက်ပြီး  ပညာပန်းများဖြင့် လမ်းခင်းပေးနေခြင်းသည် မျိုးဆက်သစ်လူငယ်များ  ပညာရည်မြင့်မားပြီး ပညာရည်မြင့်မားသော မျိုးဆက်သစ်လူငယ်များနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော    နိုင်ငံတော်ကြီးကို  တည်ဆောက်လိုသောကြောင့်ဖြစ်သည်။

ထိုသို့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်  တည်ဆောက်ရာတွင်  ပညာရည်ပြည့်ဝသော   လူသားအရင်းအမြစ်များသည် အခရာဖြစ်လေသည်။ ပညာရည်ပြည့်ဝသည့် လူသားအရင်းအမြစ်များ ဖြစ်ပေါ်လာအောင် သင်ကြားလေ့ကျင့်ပေးရာတွင် အခြေခံပညာရေး၏ အခန်းကဏ္ဍသည်  ပင်မမဏ္ဍိုင်ဖြစ်ပေသည်။ ပင်မမဏ္ဍိုင်ဖြစ်သည့် အခြေခံပညာရေးကဏ္ဍတွင်    သင်ယူနေကြသော ကျောင်းနေအရွယ်  မောင်မယ်များ၏အတန်းကူးပြောင်းမှုနှုန်း  အညွှန်းကိန်းသည်  မြင့်မားနေရပေမည်။   အတန်းကူးပြောင်းမှုနှုန်း အညွှန်းကိန်း  မြင့်မားလေလေ အတန်းပညာတတ်မြောက်မှုနှုန်း အညွှန်းကိန်း မြင့်မားလေလေဖြစ်သည်။ အတန်းပညာ တတ်မြောက်မှုနှုန်း အညွှန်းကိန်း မြင့်မားလေလေ  ပညာရည်ပြည့်ဝမှုနှုန်းအညွှန်းကိန်း မြင့်မားလေလေဖြစ်သည်။

ပညာရည်ပြည့်ဝမှုနှုန်း အညွှန်းကိန်းမြင့်မားဖို့   အဓိကအချက်မှာ အတန်းကူးပြောင်းမှုနှုန်း အညွှန်းကိန်းမြင့်မားရေး ဖြစ်သည်။ ထို့ကြောင့် အတန်းကူးပြောင်းမှုနှုန်း အညွှန်းကိန်းမြင့်မားအောင် ကြိုးပမ်းလုပ်ဆောင်ကြရပေမည်။ ထိုသို့ကြိုးပမ်းလုပ်ဆောင်ကြရာတွင် “နိုင်ငံတော်ဖွံ့ဖြိုးဖို့  ပညာရေးကိုအားပေးစို့”ဆိုသည့်အတိုင်း  နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူလူထုတစ်ရပ်လုံးက  လက်တွဲညီညီဖြင့် တစ်ခဲနက် ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်သည်။

သို့မှသာ မိမိတို့နိုင်ငံသည် သူများနိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်နေပြီး ကမ္ဘာ့အလယ်တွင် ရင်ပေါင်တန်းနေနိုင်မည်ဖြစ်ပေသည်။ယနေ့ကျင်းပသော  “၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးနှင့် ဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတွင်” ထူးချွန်ထက်မြက်သော၊ သွက်လက်ဖျတ်လတ်သော၊ ကြံ့ခိုင်သန်စွမ်းသော  စသည့်စွမ်းရည်ပြည့် လူငယ်မောင်မယ်များကို ဂုဏ်ယူစွာမြင်တွေ့နေရသည်။ ကျောင်းနေဆဲ ကျောင်းနေအရွယ်မောင်မယ်တို့သည် မြင်တွေ့နေရသောအစ်ကို၊ အစ်မများကို အားကျအတုယူပြီး ကြိုးစားသင်ယူကြရမည်ဖြစ်သည်။ အခြေခံပညာသင် ကျောင်းများကလည်း နိုင်ငံတော်အတွက် လိုအပ်သည့် ပညာစွမ်းရည်ပြည့် လူသားအရင်းအမြစ်များ ဖြစ်ပေါ်လာအောင် သင်ကြားလေ့ကျင့် မွေးမြူပေးနေသည်။ 

အခြေခံပညာသင်  ကျောင်းများက သင်ကြားလေ့ကျင့်မွေးမြူပေးနေသော ကျောင်းနေအရွယ်မောင်မယ် အားလုံးတို့သည်  နောင်အခါတွင်  နိုင်ငံအကျိုးပြု ပညာစွမ်းရည်ပြည့် လူသားအရင်းအမြစ်များပင်ဖြစ်သည်။“မြန်မာ့ကျောင်းသား နိုင်ငံတော်အတွင်း ထင်လင်းရှိရမည်၊ စည်းကမ်းသေဝပ်ခြင်း အရင်းပြုသည်၊ဝီရိယလည်းရှိရမည်၊ ကိုယ်ကျင့်တရား ဧကန်မှန်ပေသည်။အများရှုစရာ၊ သနားကရုဏာ၊ တရားမှုမှာပိုပါသည်။ယဉ်ယဉ်ကျေးကျေး လွန်သိမ်မွေ့ပါသည်။ပညာတိုးတက်စေမည်၊ နိုင်ငံတန်ခိုးထက်စေမည်၊ တို့အမျိုးဇာနည်ပီပါပေသည်။မြန်မာကျောင်းသား ပညာရေးကျန်းမာရေးညီ”ဟူသော မြန်မာ့ကျောင်းသီချင်းကို လူသားအရင်းအမြစ်အညွန့်အဖူးကလေးများဖြစ်ကြသည့်   ကျောင်းနေအရွယ်မောင်မယ်တို့က ကြွေးကြော်ကျူးရင့်သီဆိုနေကြပြီဖြစ်သည်။  ကြားရသူတိုင်း၏ ရင်ထဲတွင်ပီတိရေ အလျဉ်များ တသွင်သွင် စီးဆင်းနေပါသတည်း။       ။

MOI