“မျက်မှောက်ခေတ် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းကွန်ရက်အသစ်များ ပေါ်ထွန်းလာမှုနှင့် မြန်မာနိုင်ငံ၏ ဆုံချက်အခွင့်အလမ်း”
Posted_Date
Image
Body
နိဒါန်း
မျက်မှောက်ခေတ် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းကြီးများသည် ရုရှား-ယူကရိန်းစစ်ပွဲ၊ အီရန်-အစ္စရေးစစ်ပွဲနှင့် အရှေ့အလယ်ပိုင်းပဋိပက္ခများ၊ တရုတ်-အမေရိကန် ဘက်စုံအားပြိုင်မှုများ နှင့် အိန္ဒိယ-ပါကစ္စတန်စစ်ပွဲများကြောင့် သမားရိုးကျ နိုင်ငံတကာပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းများ (ဥပမာ - ဆူးအက်တူးမြောင်း၊ ပင်လက်နက်) စသည့် ကုန်သွယ်ရေး လမ်းကြောင်း များအား မှီခိုနေရမှုအပေါ် အကန့်အသတ်ရှိနေပြီဖြစ်ပါသည်။ ယူကရိန်းစစ်ပွဲကြောင့် ရုရှားနှင့် ဥရောပ ကုန်သွယ်ရေးလမ်းကြောင်း၏ အသုံးပြုမှု ၆၀% အထိ ကျဆင်းခဲ့ရပြီး အီရန်-အစ္စရေးနှင့် အနောက်နိုင်ငံများအကြား ပဋိပက္ခများကြောင့်လည်း ပါရှန်ပင်လယ်ကွေ့ဒေသမှ စွမ်းအင်တင်ပို့မှု များအား ကြီးမားစွာထိခိုက်စေခဲ့ပါသည်။ ယင်းကဲ့သို့ ပဋိပက္ခများကြောင့် ကမ္ဘာ့ကုန်သွယ်ရေးသည် သမားရိုးကျလမ်းကြောင်းများမှ မိတ်ဖက်အခြေပြုကွန်ရက်များဆီသို့ လျင်မြန်စွာပြောင်းလဲလျက်ရှိ သည်။
ထို့အတူ ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးအရ လမ်းကြောင်းနယ်ပယ်သစ်များ တိုးချဲ့ ဖော်ထုတ်ရင်း ကမ္ဘာ့မြောက်ဘက်စွန်း အာတိတ်သမုဒ္ဒရာကိုပတ်၍ အတိုဆုံးမဟာဗျူဟာ ဆက်သွယ် ရေးလမ်းကြောင်း (Line of Communication - LOC) များလည်း ပေါ်ထွက်လာခဲ့ပါသည်။ ရုရှား နိုင်ငံ၏ မဟာဗျူဟာမြောက်ရေလမ်းကြောင်းများချိတ်ဆက်ရေး အထူးသဖြင့် မိတ်ဖက်နိုင်ငံများ ရေကြောင်းဆိုင်ရာအသိုက်အဝန်း (Maritime Multilateral Collegium) ကိုလည်း အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် တည်ဆောက်နေမှုများသည် ယနေ့ခေတ် Sea Power ၏ အရေးပါမှုကို မီးမောင်းထိုးပြလျက်ရှိပါသည်။ ဤရေလမ်းကြောင်းသစ်များသည် အထင်ရှားဆုံးသာဓကများဖြစ်ပြီး ၂၀၃၀ ပြည့်နှစ် အရောက်တွင် ယင်းလမ်းကြောင်းသစ်များမှတစ်ဆင့် ကုန်သွယ်မှုပမာဏ ၄၀% အထိ တိုးတက်အသုံးပြုလာမည်ဖြစ်ကြောင်းတွေ့ရှိရပါသည်။
သို့ဖြစ်ရာ ယနေ့ မိမိတို့ အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) စီမံကိန်း၊ ထိုင်းနိုင်ငံ၏ "One Port, Two Sides" စီမံကိန်း၊ အိန္ဒိယနိုင်ငံ၏ Eastern Maritime Corridor(EMC) စီမံကိန်း၊ India-Middle East-Europe Corridor (IMEC) စီမံကိန်းများနှင့် ရုရှားနိုင်ငံ၏ International North–South Transport Corridor (INSTC) စီမံကိန်းများအပါအဝင် နိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းစီမံကိန်းများတွင် မြန်မာနိုင်ငံ အနေဖြင့် မဟာဗျူဟာကျကျ ပထဝီဝင်အနေအထား အားသာချက်များကို အချိန်ကိုက်အသုံးပြု၍ အာရှတိုက်၏ ကုန်သွယ်ရေးဗဟိုချက်အဖြစ် ရပ်တည်နိုင်မည့် အလားအလာများစွာ ရှိနေပါသည်။
အရှေ့ဘက်ပင်လယ်စင်္ကြံ(Eastern Maritime Corridor) စီမံကိန်း

Eastern Maritime Corridor
၂၀၁၉ ခုနှစ်အတွင်းပြုလုပ်ခဲ့သည့် အရှေ့ စီးပွားရေးဖိုရမ်၌ ရုရှား-အိန္ဒိယ နှစ်နိုင်ငံ တွေ့ဆုံစဉ် ရုရှားနိုင်ငံရှိ Vladivostok ဆိပ်ကမ်းနှင့် အိန္ဒိယနိုင်ငံရှိ Chennai ဆိပ်ကမ်းတို့အကြား တိုက်ရိုက် ပင်လယ်ရေကြောင်းဆက်သွယ်မှုထူထောင်ရန် သဘောတူညီချက်တစ်ရပ်ကို စတင်ဆွေးနွေး ညှိနှိုင်း ခဲ့ကြသည်။ အရှေ့ဘက်ပင်လယ်စင်္ကြံ၏ အဓိကရည်ရွယ်ချက်သည် ရုရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံ အကြား ကုန်စည်ကူးသန်းပို့ဆောင်ရာတွင် အချိန်နှင့် ကုန်ကျစရိတ်ကို လျှော့ချနိုင်ရေးအတွက် ဖြစ်သည်။ လက်ရှိ အိန္ဒိယနှင့် ရုရှား နှစ်နိုင်ငံတို့၏ အနောက်ဘက်ပင်လယ်စင်္ကြံဖြစ်သည့် Mumbai ဆိပ်ကမ်းမှ Saint Petersburg ဆိပ်ကမ်းဆီသို့ အကွာအဝေး (၈၆၇၅) ရေမိုင်ရှိပြီး ရက်ပေါင်း(၄၀) ခန့်အကြာ ခုတ်မောင်းဖြတ်သန်းကြရသည်။ အနာဂတ်တွင် အကောင်အထည်ပေါ်လာမည့် အရှေ့ဘက်ပင်လယ်စင်္ကြံဖြစ်သော Chennai ဆိပ်ကမ်းနှင့် Vladivostok ဆိပ်ကမ်းသည် အကွာအဝေး (၅၆၄၇) ရေမိုင်ခန့်ရှိပြီး ရက်ပေါင်း(၂၈)ရက်ခန့်သာ ခုတ်မောင်းရမည်ဖြစ်သော ကြောင့် လက်ရှိအနောက်ဘက်ရေလမ်းကြောင်းထက် အကွာအဝေး (၃၀၀၀) ရေမိုင်ခန့်အထိ လျော့ကျသွားပြီး ခုတ်မောင်းချိန် (၁၂) ရက်ခန့် သက်သာသွားမည်ဖြစ်သည်။
၎င်းအရှေ့ဘက်ပင်လယ်စင်္ကြံ ရေလမ်းကြောင်းသည် ဂျပန်ပင်လယ်၊ တောင်တရုတ်ပင်လယ် ရှိ ကိုရီးယားကျွန်းဆွယ်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်နှင့် မလက္ကာရေလက်ကြားတို့ကို ဖြတ်သန်း၍ ကပ္ပလီ ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ဝင်ရောက်ကာ နီကိုဘာကျွန်းစုများအနီးမှ Chennai သို့ ဦးတည်ရောက်ရှိစေမည်ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းရေလမ်းကြောင်း အကောင်အထည်ပေါ်လာပါက သက်ဆိုင်ရာနိုင်ငံများသာမက အရှေ့တောင်အာရှနိုင်ငံများဖြစ်သော မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနိုင်ငံတို့နှင့် ကုန်သွယ်မှုများအတွက် အကောင်းဆုံး တံခါးပေါက်ဖြစ်လာနိုင်သည်။
နိုင်ငံတကာ မြောက်-တောင် သယ်ယူပို့ဆောင်ရေးစင်္ကြံ (International North-South Transport Corridor - INSTC) စီမံကိန်း

International North-South Transport Corridor (INSTC)
၂၀၁၈ ခုနှစ်အတွင်း အစပြုခဲ့သည့် International North-South Transport Corridor (INSTC) (နိုင်ငံတကာ မြောက်-တောင် သယ်ယူပို့ဆောင်ရေးစင်္ကြံ) အဖြစ် အိန္ဒိယ၊ အီရန်၊ အဇာဘိုင်ဂျန်၊ ရုရှား၊ အာရှအလယ်ပိုင်းနိုင်ငံများနှင့် ဥရောပနိုင်ငံအချို့ကြား ကုန်စည်ပို့ဆောင်ရေး အတွက် ရေလမ်းနှင့် ကုန်းလမ်းကြောင်း (မီးရထား/ကား)များ ကွန်ရက်ပေါင်းစုံပါဝင်သည့် ဘက်စုံ လမ်းကြောင်း အကောင်အထည်ဖော်ဆောင်လျက်ရှိသည်။ INSTC သည် ကက်စပီယံပင်လယ်ကို ဖြတ်ကျော်ကာ ရုရှားနှင့် အာရှကို ဆက်သွယ်ပေးမည့် အဓိကလမ်းကြောင်းသုံးသွယ်အဖြစ် ဖော်ဆောင်ထားရှိသည်။ Eastern Route (အရှေ့ဘက်လမ်းကြောင်း) တွင် ရုရှား-ကာဇက်စတန်-တာ့ခ်မင်နစ္စတန်-အီရန် အိန္ဒိယတို့ကို ကုန်းလမ်း (မီးရထား/ကား) ဖြင့် ချိတ်ဆက်ဆောင်ရွက်ထား ရှိသည်။ Central Route (ဗဟိုချက်မလမ်းကြောင်း) တွင် ရုရှား-ကက်စပီယံပင်လယ်-အီရန်-အိန္ဒိယ တို့ကို ရေလမ်းနှင့် ကုန်းလမ်းပေါင်းစပ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကက်စပီယံပင်လယ်ကို ဖြတ်သန်းရသော လမ်းကြောင်းဖြစ်ကာ ရုရှား၏ Astrakhan ဆိပ်ကမ်းမှ အီရန်၏ Bandar-e-Anzali ဆိပ်ကမ်းသို့ ချိတ်ဆက်ပို့ဆောင်မည်ဖြစ်သည်။ Western Route (အနောက်ဘက်လမ်းကြောင်း) တွင် ရုရှား-အဇာဘိုင်ဂျန်-အီရန်-အိန္ဒိယ တို့အား ကုန်းလမ်း (မီးရထား/ကား) ဖြင့် ချိတ်ဆက် သွားမည်ဖြစ်သည်။ ၎င်းဘက်စုံ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းသည် (၄၅၀၀) မိုင်ခန့်သာ အကွာအဝေးရှိပြီး ယနေ့ ဆူးအက်တူးမြောင်းမှတစ်ဆင့် သယ်ယူပို့ဆောင်မှုများထက် အချိန်နှင့်ငွေ ကုန်ကျမှုသက်သာစေမည်ဖြစ်သည်။ ရုရှားမှ အိန္ဒိယသို့ ကုန်ပစ္စည်းပို့ဆောင်ရာတွင် ခရီးအကွာအဝေး ၄၀% လျှော့ချနိုင်ပြီး ကုန်ကျစရိတ် ၃၀% ခန့်နှင့် ယခင်ပုံမှန်လမ်းကြောင်းထက် ရက်ပေါင်း ၂၅ ရက် မှ ၄၀ ရက်အထိ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
အိန္ဒိယ-အရှေ့အလယ်ပိုင်း-ဥရောပ စီးပွားရေးစင်္ကြံ (India-Middle East-Europe Corridor - IMEC) စီမံကိန်း

India-Middle East-Europe Corridor (IMEC)
အိန္ဒိယ -အရှေ့အလယ်ပိုင်း-ဥရောပ စီးပွားရေးစင်္ကြံ (IMEC) သည် အာရှ၊ ပါရှန်ပင်လယ်ကွေ့ နှင့် ဥရောပတို့အကြား ချိတ်ဆက်မှုနှင့် စီးပွားရေးပေါင်းစည်းမှုကို မြှင့်တင်ခြင်းဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းလာစေရန် ရည်ရွယ်ထားသော စီးပွားရေးစင်္ကြံ တစ်ခုဖြစ်သည်။ စင်္ကြံသည် အိန္ဒိယမှ ဥရောပသို့ အဆိုပြုထားသော လမ်းကြောင်းဖြစ်ပြီး အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဆော်ဒီအာရေးဗီးယား၊ အစ္စရေးနှင့် ဂရိတို့မှ တစ်ဆင့်လမ်းကြောင်း ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် အိန္ဒိယ၌ ကျင်းပပြုလုပ်သည့် G20 ထိပ်သီးအစည်းအဝေးတွင် အိန္ဒိယ၊ အမေရိကန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဆော်ဒီအာရေးဗီးယား၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် ဥရောပ သမဂ္ဂတို့မှ အစိုးရများက နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းသည် သီးခြားစင်္ကြံ ၂ ခုဖြင့် ဖွဲ့စည်းထားရှိပြီး အရှေ့စင်္ကြံလမ်းသည် အနောက်ဘက် ကမ်းရိုးတန်းရှိ မန်ဒြာ ဆိပ်ကမ်းကို ဖူဂျာရတ်နှင့် ချိတ်ဆက်မည်ဖြစ်ပြီး ဆော်ဒီအာရေဗျနှင့် ဂျော်ဒန်မှတစ်ဆင့် ကုန်ပစ္စည်း များကို အစ္စရေးနိုင်ငံ ဟိုင်ဖာဆိပ်ကမ်းသို့ ပို့ဆောင်ရန် ရထားကို အသုံးပြုမည်ဖြစ်သည်။ အနောက် စင်္ကြံသည် ဟိုင်ဖာမှ ပြင်သစ်ရှိ မာဆယ်လီ၊ အီတလီနှင့် ဂရိရှိ အခြားဆိပ်ကမ်းများအပါအဝင် ဥရောပရှိ ဆိပ်ကမ်းများသို့ ဆက်သွယ်ထားရှိမည်ဖြစ်သည်။
အီတလီသည် တရုတ်ဦးဆောင်သော ခါးပတ်လမ်းစီမံကိန်း (Belt and Road Initiative) မှ နုတ်ထွက်ရန် စိတ်အားထက်သန်နေပြီး G7 ပါဝါကွဲနေသည့်အချိန်တွင် IMEC စီမံကိန်းထွက်ပေါ် လာခြင်းဖြစ်သည်။ IMEC စင်္ကြံသည် အိန္ဒိယကို အရှေ့အလယ်ပိုင်းဒေသ၊ ဥရောပတို့နှင့် ဆက်သွယ် ပေးမည့် နိုင်ငံစုံပါဝင်သော ရထားလမ်းနှင့် ရေလမ်းကြောင်းစီမံကိန်းတစ်ခုဖြစ်လာသည်။ IMEC နိုင်ငံ များ၏ စုစုပေါင်း GDP (EU အပါအဝင်) သည် ခန့်မှန်းအမေရိကန်ဒေါ်လာ ၄၇ ထရီလီယံရှိပြီး ကမ္ဘာ့ စုစုပေါင်း GDP ၏ ၄၀ ရာခိုင်နှုန်းခန့်ကို ကိုယ်စားပြုတည်ရှိပါသည်။
စီမံကိန်းအတွင်း နယ်စပ်ဖြတ်ကျော် ကုန်စည်နှင့်ဝန်ဆောင်မှုများ သယ်ယူပို့ဆောင်ရေး အတွက် ယုံကြည်စိတ်ချရပြီး စရိတ်သက်သာသော သင်္ဘောမှ မီးရထားသယ်ယူပို့ဆောင်ရေးစနစ်ကို ဖော်ဆောင်မည်ဖြစ်သည်။ အိန္ဒိယ၊ ယူအေအီး၊ ဆော်ဒီအာရေးဗီးယား၊ ဂျော်ဒန်၊ အစ္စရေးနှင့် ဥရောပ တို့ကြား ချောမွေ့သော သယ်ယူပို့ဆောင်ရေးကို ခွင့်ပြုပေးမည့် ဆူးအက်တူးမြောင်း၊ တောင်မြောက် သယ်ယူပို့ဆောင်ရေးစင်္ကြံနှင့် တရုတ်ပိုးလမ်းကြောင်းများကဲ့သို့ လက်ရှိရေကြောင်းနှင့် ရထားလမ်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများကို အားဖြည့်ပေးမည်။ IMEC သည် အရှေ့အလယ်ပိုင်း၊ ဥရောပတို့နှင့် ချိတ်ဆက်ခြင်းဖြင့် အိန္ဒိယ၏ ပထဝီဝင်နိုင်ငံရေးသြဇာကို အားကောင်းစေပြီး ဒေသ တွင်းနှင့် ကမ္ဘာ့နိုင်ငံရေးတွင် ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်သည်။ ထို့အပြင် ၎င်းသည် အိန္ဒိယ၏ အရေးကြီးသော သဘာဝအရင်းအမြစ်များ စီးဆင်းမှုကို လွယ်ကူချောမွေ့ စေခြင်းဖြင့် အိန္ဒိယ၏ စွမ်းအင်လုံခြုံရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။
ရုရှားနိုင်ငံ၏ ခေတ်သစ် Maritime Collegium အစုအဖွဲ့
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၁၃)ရက်နေ့၌ ရုရှားသမ္မတပူတင်သည် “Russian Maritime Collegium” ဖွဲ့စည်းမိန့်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ ယနေ့ ရုရှားနိုင်ငံ၏ Maritime Collegium အဖွဲ့အစည်းအနေဖြင့် ကမ္ဘာ့ပင်လယ်သမုဒ္ဒရာအသီးသီးရှိ ကုန်သွယ်ပို့ဆောင်ရေး ရေလမ်းကြောင်းများနှင့် စီးပွားရေးစင်္ကြံများအား ချိတ်ဆက်၍ Blue Economy အား ပြည့်ဝစွာ ပုံဖော်နိုင်ရေး “မိတ်ဖက်နိုင်ငံများ ပေါင်းစုပါဝင်သော ရေကြောင်းဆိုင်ရာ အသိုက်အဝန်း (Multilateral Maritime Collegium) အဖွဲ့အစည်းအား အကောင်အထည်ဖော်နိုင်ရေး ရည်မှန်း ဆောင်ရွက်လျက်ရှိသည်။ ၎င်းတို့ရည်မှန်းထားသည့် Multilateral Maritime Collegium အဖွဲ့အစည်းတွင် ရုရှားနိုင်ငံဦးဆောင်ပါဝင်ထားရှိသော BRICS ၊ SCO နှင့် CIS အဖွဲ့အစည်းများမှ နိုင်ငံများလည်း အဓိကပါဝင်လာနိုင်ပြီး အင်ဒို-ပစိဖိတ်ရပ်ဝန်းရှိ အရှေ့အလယ်ပိုင်းဒေသ၊ အရှေ့အာရှ ဒေသ၊ အရှေ့တောင်အာရှဒေသ၊ တောင်အာရှဒေသနှင့် အာဖရိကဒေသများကို ဟန်ချက်ညီ ချိတ်ဆက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လာမည်ဖြစ်သည်။

Russian transport routes
ရုရှားနိုင်ငံအနေဖြင့် Multilateral Maritime Collegium အဖွဲ့အစည်းအား ရုရှားရေကြောင်း အကျိုးစီးပွားများ အဓိကတည်ရှိရာ အာတိတ်သမုဒ္ဒရာနှင့် ကမ္ဘာ့မြောက်ဘက်ခြမ်း ရေလမ်းကြောင်း များ ပိုမိုထိန်းချုပ်လွှမ်းမိုးနိုင်ရေး၊ နိုင်ငံတကာရေကြောင်းအကျိုးစီးပွား ကွန်ရက်များနှင့် ချိတ်ဆက် အကောင်အထည်ဖော်နိုင်ရေး ရည်ရွယ်ချက်များဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့တက်လာပြီးနောက် အာတိတ်သမုဒ္ဒရာရှိ Greenland ပိုင်ဆိုင် နိုင်ရေး ကြိုးပမ်းနေမှုအခြေအနေများ၊ နိုင်ငံတစ်နိုင်ငံတည်း “ဧကဝင်ရိုးကမ္ဘာ (Unipolar World)” တည်ထောင်လိုသည့် ဆောင်ရွက်ချက်များကို ရုရှားနိုင်ငံအနေဖြင့် “ဗဟုဝင်ရိုးကမ္ဘာ (Multipolar World)” ပုံစံအား ဖြစ်ပေါ်လာစေရေးအတွက် မိတ်ဖက်နိုင်ငံများ အချင်းချင်း အမျိုးသား အကျိုးစီးပွားများ ပေါင်းစည်းပါဝင်လာစေမည့် Multilateral Maritime Collegium အဖွဲ့အစည်း တစ်ခုအား အကောင်အထည်ဖော်လိုခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) စီမံကိန်း

China’s Belt and Road Initiative (BRI)
တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) စီမံကိန်းသည် မြန်မာနိုင်ငံအတွက် စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အခွင့်အလမ်းများစွာကို ဖန်တီးပေး နိုင်သည့် အရေးပါသော ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ဖြစ်ပါသည်။ ဤကမ္ဘာ့အဆင့် စီမံကိန်းကြီးနှင့် ချိတ်ဆက်မိခြင်းဖြင့် မြန်မာနိုင်ငံသည် ပထဝီအနေအထား၏ မဟာဗျူဟာမြောက်အရေးပါမှုကို အသုံးပြုကာ ဒေသတွင်း ဆက်သွယ်ရေးနှင့် ကုန်သွယ်ရေးဗဟိုချက်အဖြစ် မားမားမတ်မတ် ရပ်တည် နိုင်ရန် အလားအလာများစွာ ရှိလာပါသည်။ အထူးသဖြင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China-Myanmar Economic Corridor-CMEC) သည် ဤချိတ်ဆက်မှု၏ အဓိက ဗဟိုချက်မတစ်ခုဖြစ်ပြီး ဆိပ်ကမ်းများ၊ လမ်းမကြီးများ၊ ရထားလမ်းများ၊ စွမ်းအင်ဝန်ဆောင်မှု စီမံကိန်းများနှင့် အထူး စီးပွားရေးဇုန်များအထိ ဖွံ့ဖြိုးတိုးတက်မှုများ ပေါ်ပေါက်လာနိုင်ပါသည်။

China-Myanmar Economic Corridor
မြန်မာနိုင်ငံအနေဖြင့် Belt and Road Initiative (BRI) နှင့် ချိတ်ဆက်မိခြင်းသည် နက်ရှိုင်း သော ပထဝီနိုင်ငံရေးဆိုင်ရာ အရေးပါမှုနှင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို ဆောင်ကြဉ်းပေး နိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ရှည်လျားသော နယ်နိမိတ်ချင်း ထိစပ်လျက် ရှိပြီး အိန္ဒိယသမုဒ္ဒရာသို့ ချက်ချင်းဆိုသလို ထွက်ပေါက်ရရှိသည့် မဟာဗျူဟာမြောက် အားသာချက် ရှိသောတည်နေရာတွင် တည်ရှိပါသည်။ ဤအားသာချက်ကြောင့်ပင် မြန်မာနိုင်ငံသည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China-Myanmar Economic Corridor - CMEC) ၏ အဓိက အစိတ်အပိုင်းအဖြစ် BRI ၏ မဟာဗျူဟာတွင် အလွန်အရေးကြီးသော Focal Point တစ်ခုအဖြစ် ပါဝင်လာရခြင်းဖြစ်သည်။ CMEC ၏ စီမံကိန်းများတွင် ကျောက်ဖြူဆိပ်ကမ်းကဲ့သို့ နက်ရှိုင်းသော ပင်လယ်ရေနက်ဆိပ်ကမ်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ မဟာဓာတ်အားလိုင်းများ သွယ်တန်းခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး အခြေခံ အဆောက်အအုံများ မြှင့်တင်ခြင်းစသည့် ကဏ္ဍများပါဝင်သည်။ ဤဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းစီးပွားရေးကို မြှင့်တင်ပေးရုံသာမက အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ် နှင့် အရှေ့တောင်အာရှနိုင်ငံများသို့ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလွယ်ကူစွာ စီးဆင်း နိုင်ရန် ကုန်းလမ်းကူးသန်းဆက်သွယ်ရေးလမ်းကြောင်း (Land Bridge) အဖြစ် အသုံးဝင်စေမည်ဖြစ် ပါသည်။ အထူးသဖြင့် ကျောက်ဖြူဆိပ်ကမ်းနှင့် ဆက်စပ်စီမံကိန်းများသည် မြန်မာနိုင်ငံအား အိန္ဒိယသမုဒ္ဒရာရှိ ဆိပ်ကမ်းကောင်းကြီးတစ်ခုအဖြစ် အဆင့်မြှင့်တင်ပေးကာ ဒေသတွင်း ရေကြောင်း ကုန်သွယ်ရေးတွင် ပိုမိုအရေးပါသောနေရာမှ ပါဝင်လာစေနိုင်မည်ဖြစ်သည်။
ထိုင်းနိုင်ငံ၏ "One Port, Two Sides" စီမံကိန်း

Thailand’s proposed land bridge project
ထိုင်းအစိုးရသည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့အကြား ကုန်သွယ်ရေး လမ်းကြောင်းသစ်တစ်ခုဖြစ်သည့် ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိသော ကုန်းလမ်းကူးသန်း ဆက်သွယ်ရေးလမ်းကြောင်းသစ် (Land Bridge) စီမံကိန်းအတွက် ဥပဒေမူကြမ်းကို ထုတ်ပြန်ခဲ့ သည်။ ၎င်းစီမံကိန်း ကို ၂၀၃၀ ပြည့်နှစ်တွင် အပြီးသတ်ရန် ရည်မှန်းထားပြီး ဘတ်ငွေ ၁ ထရီလျံ (အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံ) ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသည်။ အဆိုပါ ကုန်းလမ်း ဆက်သွယ်ရေးလမ်းကြောင်းသစ်စီမံကိန်းတွင် ထိုင်းနိုင်ငံ၏ အနောက်ဘက်ခြမ်း ကပ္ပလီပင်လယ်ရှိ ရနောင်းခရိုင်နှင့် အရှေ့ဘက်ခြမ်း ထိုင်းပင်လယ်ကွေ့ရှိ ချွန်ဖွန်ခရိုင်တို့တွင် ရေနက်ဆိပ်ကမ်း နှစ်ခုပါဝင်သည်။ ထိုဆိပ်ကမ်းနှစ်ခုကို မီးရထားလမ်းနှင့် ကားလမ်းစနစ်များဖြင့် ချိတ်ဆက်မည် ဖြစ်သည်။ "Southern Special Economic Corridor" ဟု ခေါ်သော တောင်ပိုင်းစီးပွားရေးစင်္ကြံကို တည်ထောင်ရန်လည်း ရည်ရွယ်သည်။ ထိုင်းအစိုးရသည် ကမ္ဘာ့အကြီးစားသင်္ဘောကုမ္ပဏီကြီးများ အပါအဝင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူ ၁၀၀ ကျော်၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ စီမံကိန်းအတွက် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၆ ခုနှစ် တတိယသုံးလပတ်တွင် စတင်ရန်လျာထားပြီး ၂၀၃၀ ပြည့်နှစ်တွင် အပြီးသတ် လုပ်ဆောင်နိုင်ရန် မျှော်မှန်းထားပါသည်။
မြန်မာနိုင်ငံ၏မဟာဗျူဟာမြောက်ဆုံချက် (Myanmar Strategic Pivot)

မြန်မာနိုင်ငံ၏မဟာဗျူဟာမြောက်ဆုံချက် (Myanmar Strategic Pivot)
ယင်းသို့ မျက်မှောက်ခေတ် ပထဝီနိုင်ငံရေးနှင့် ပထဝီစီးပွားရေးအခြေအနေများ လိုက်လျော ညီထွေစွာ ပြောင်းလဲလာသည့် နိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်း ကွန်ရက်အသစ်များ ပေါ်ထွန်းလာမှုများနှင့်အတူ မြန်မာနိုင်ငံအနေဖြင့် အခွင့်အလမ်းကောင်းများ ဖန်တီးပုံဖော်ရယူ နိုင်ရေးသည်လည်း အလွန်အရေးကြီးလှပေသည်။ ရုရှားနိုင်ငံသည် ပထဝီဝင်အနေအထားအရ မြောက်မှတောင်သို့ ဆက်သွယ်သည့် ကုန်သွယ်ရေးလမ်းကြောင်းသစ်များ (Down North to South) ကို အဓိက မျှော်မှန်းပုံဖော်ဆောင်ရွက်နေပြီး လက်ရှိတွင်လည်း အိန္ဒိယနိုင်ငံ၊ အီရန်နိုင်ငံနှင့် အဇာဘိုင်ဂျန် နိုင်ငံများဖြင့် ပူးပေါင်း၍ နိုင်ငံတကာ မြောက်မှတောင် ကူးသန်းပို့ဆောင်ရေးစင်္ကြံ (International North-South Transport Corridor-INSTC) ၊ ရုရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံ အရှေ့ဖျား မြို့များ Chennai-Vladivostok အား ရေကြောင်းဖြင့် ချိတ်ဆက်မည့် Eastern Maritime Corridor တို့အား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့်အပြင် အာတိတ်သမုဒ္ဒရာအတွင်း ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေမှုများကိုလည်း တွေ့မြင်နေရသည်။
တရုတ်နိုင်ငံအနေဖြင့်လည်း ၎င်း၏ ပထဝီဝင်အနေအထားအရ အရှေ့မှ အနောက်သို့ (Forward East to West) နိုင်ငံတကာ စီးပွားကူးသန်းဆက်သွယ်ရေး လမ်းကြောင်းကြီးများအဖြစ် Belt and Road Initiative စီမံကိန်းအား ယနေ့ ပုံဖော်ဆောင်ရွက်လျက်ရှိရာ ယင်းသို့ ရုရှားနိုင်ငံ၏ ကမ္ဘာ့မြောက်မှတောင် (Down North to South) ကုန်သွယ်ရေးလမ်းကြောင်း၊ တရုတ်နိုင်ငံ၏ ကမ္ဘာ့ အရှေ့မှ အနောက် (Forward East to West) ကုန်သွယ်ရေးလမ်းကြောင်းများသည် ဆုံမှတ်များ ဖြစ်ပေါ်လာနိုင်ပြီး အိန္ဒိယနှင့် တရုတ်နိုင်ငံအကြား တည်ရှိနေသည့် မြန်မာနိုင်ငံ၏ ပထဝီ အနေအထားအရ မဟာဗျူဟာဆုံချက် (Strategic Pivot) တစ်ခုအဖြစ် မလွဲမသွေရောက်ရှိလာခဲ့ပြီ ဖြစ်ပေသည်။ ထိုသို့ အနာဂတ် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းများတွင် ဗဟိုကျစွာ တည်ရှိနေသည့် မြန်မာနိုင်ငံ၏ ထားဝယ်ရေနက်ဆိပ်ကမ်းကဲ့သို့ အထူးစီးပွားရေးဇုန်များသည် ရေကြောင်းအကျိုး စီးပွားဆိုင်ရာ အခွင့်အလမ်းကောင်းများစွာ ဖန်တီးနိုင်မည့်အခြေအနေများ ဖြစ်ပါသည်။ မိမိတို့နိုင်ငံ ၏ ထားဝယ်ရေနက်ဆိပ်ကမ်း တည်နေရာသည် ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာတို့အား ဆက်သွယ်သည့် လမ်းကြောင်းတွင် တည်ရှိနေသည့်အတွက် ပထဝီအနေအထားအရ အရေးကြီး သောနေရာတွင် တည်ရှိနေသည်။ ဥပမာအားဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်းမှ အရှေ့ဘက်ရှိ ထိုင်းနိုင်ငံ၏ ဘန်ကောက်မြို့၊ ကမ္ဘောဒီးယားနိုင်ငံ၏ ဖနွမ်းပင်မြို့၊ ဗီယက်နမ်နိုင်ငံ၏ ဟိုချီမင်းမြို့နှင့် ဗန်တော့မြို့များကို ကုန်းလမ်းမှ ဖြတ်သန်းဆက်သွယ်၍ တောင်တရုတ်ပင်လယ်အတွင်း ရောက်ရှိ သွားနိုင်မည့် ပထဝီဝင်အားသာချက်များကို မြင်တွေ့နိုင်သည်။ ယင်းလမ်းကြောင်းအကွာအဝေးအရ ကုန်းမိုင် ၈၀၀ ခန့်သာရှိရာ ယခင် ထားဝယ်ရေနက်ဆိပ်ကမ်းမှ ဗီယက်နမ်နိုင်ငံ ဗန်တော့မြို့ဆိပ်ကမ်း အထိ ရေမိုင် ၂၀၀၀ ကျော် ရှိသောကြောင့် ၃ ပုံ ၁ ပုံခန့် လျော့ကျသွားမည့်အနေအထားဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့အား ဖြတ်သန်းမည့် အတိုဆုံး လမ်းကြောင်းတစ်ခုဖြစ်ပေသည်။

အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့အား ဖြတ်သန်းမည့် အတိုဆုံးလမ်းကြောင်း
သို့ဖြစ်ရာ ယနေ့ မိမိတို့နိုင်ငံ၏ မိတ်ဖက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများအကြား ချိတ်ဆက် အကောင်အထည်ဖော်မည့် နိုင်ငံတကာကုန်သွယ်ရေးဆိုင်ရာ ကုန်းရေနှစ်သွယ်ကွန်ရက်စီမံကိန်း များအကြားတွင် မြန်မာနိုင်ငံ၏မဟာဗျူဟာမြောက်ဆုံချက် (Myanmar Strategic Pivot) အား ထိရောက်စွာ အသုံးပြု၍ ဟန်ချက်ညီပူးပေါင်းပါဝင်ခြင်းဖြင့် ရေရှည်တည်တံ့ပြီး ကြံ့ကြံ့ခံနိုင်ရည်ရှိ သော ဖွံ့ဖြိုးတိုးတက်မှုများ (Sustainable and Resilience Development) ဖြင့် ပြည့်စုံကြွယ်ဝသည့် နိုင်ငံတော်ကြီးတည်ဆောက်ရေးတွင် အဓိက အထောက်အပံ့ကောင်းများအဖြစ် ဖန်တီးရယူနိုင်မည် ဖြစ်ပါကြောင်း…။
