ဂျူးမြစ်မှပေးသော ကျန်းမာရေး ကောင်းကျိုးများ

Posted_Date

Image

ဂျူးမြစ်မှပေးသော ကျန်းမာရေး ကောင်းကျိုးများ

Body

ဂျူးမြစ်

ဂျူးမြစ်ကို အင်္ဂလိပ်ကဲ့သို့ Chive Root ဟုခေါ်ပြီး ရုက္ခဗေဒအမည်မှာ Allium Hookeri ဖြစ်ကာ  မျိုးရင်းကို  Chinese chives ဟုခေါ်သကဲ့သို့  Liliaceae  ဟု လည်း ခေါ်ဆိုကြသည်။ ဂျူးမြစ်သည်ထူထဲပြီး   အသားများသောအမြစ်ဖြစ်ကာ အိမ်တွင်းဥယျာဉ်များတွင် စိုက်ပျိုးလေ့ရှိ သော မျိုးစိတ်တစ်ခုဖြစ်သည်။  ဂျူးမြစ် ပင်သည်  တောထဲတွင်ပေါက်ရောက်ပြီး အိမ်စားသုံးရန်နှင့်    စျေးကွက်တင်ပို့ရန် စိုက်ပျိုးကြသည်။

ဂျူးမြစ်တွင် အမျှင်ဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များစွာ   ပါဝင်သောကြောင့် ကျန်းမာရေးအတွက်   အကျိုးကျေးဇူးများစွာရရှိစေသည်။ ဂျူးမြစ်ကို နေ့စဉ် စားသုံးခြင်းဖြင့် သွေးဖိအားပုံမှန်ဖြစ်စေ ခြင်း၊ နှလုံးသွေးလွှတ်ကြောဆိုင်ရာရောဂါ များ၊ အယ်လ်ဇိုင်းမားဖြစ်ခြင်းနှင့် အိုမင်း ရင့်ရော်မှုကိုကာကွယ်နိုင်ခြင်း    စသည့် ကောင်းကျိုးများစွာကို ရရှိစေသည်။  ထို့ပြင်  အဆီဓာတ်နည်းသည့်အတွက် ကျန်းမာရေးနှင့် ညီညွတ်သည့်အစားအစာအဖြစ် သတ်မှတ်ထားသောကြောင့် ဂျူး မြစ်ကို   ဖြည့်စွက်စာအဖြစ်    စားသုံးခဲ့ ပါက  တစ်ချိန်တည်းတွင် ရောဂါများစွာ ဖြစ်ပွားမှုမှ ကာကွယ်ပေးသည့်အာနိသင်ကိုလည်း   ရရှိစေသဖြင့်  ကျန်းမာရေးအတွက် လွန်စွာကောင်းမွန်သောဂျူးမြစ် ကို လူတိုင်းစားသုံးသင့်သည်။ လတ်ဆတ် ဖြူဖွေးသောဂျူးမြစ်များသည် အေးမြ သောဆောင်းရာသီတွင် ဈေးများသို့ပိုမို ဝင်ရောက်မှုရှိပြီး ပူပြင်းသောနွေရာသီတွင် ဝင်ရောက်လေ့ရှိသော်လည်း    အမြစ်တို ကာ  မည်းညစ်ညစ်အရောင်ဖြစ်နေတတ် သည်။

ဂျူးမြစ်စားသုံးသည့်ပုံစံ

ဂျူးမြစ်ကို အတို့အမြှုပ်အနေဖြင့်ဖြစ်စေ၊  အချဉ်သုပ်၍ဖြစ်စေ၊   ဘူးသီး၊ ဂေါ်ရခါးသီး၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငါးခေါင်းနှင့်ရောပြီး ချဉ်ရည်ဟင်းချက်၍ ဖြစ်စေ၊ ရှမ်းထမင်းချဉ်သုပ်နှင့် တွဲဖက်၍ ဖြစ်စေ၊ မြေပဲ၊ ပဲပုပ်၊ အသားတု၊ ငရုတ်သီးအစိမ်းမှုန့်တို့နှင့် ရောပြီး အကြွပ်ကြော်၍ဖြစ်စေ  သက်သတ်လွတ်သမားများ အများဆုံးစားသုံးကြသည်။  အချိုကြိုက် သူများမှာ   ထမင်းသုပ်နှင့်  တို့၍စားကြသည်။

ဂျူးမြစ်မှရနိုင်သည့် အာဟာရဓာတ်များ

    ဂျူးမြစ်တွင် ဗီတာမင်-A၊ ဗီတာမင်-K၊ ဗီတာမင်- C၊ ဗီတာမင်-B6၊ ဗီတာမင်-E၊ ဖောလိတ်၊  အမျှင်ဓာတ်၊  ကယ်လ်လိုရီ၊ ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်၊ ပရိုတင်း၊ မဂ္ဂနိစ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီ ယမ်၊ ပိုတက်ဆီယမ်နှင့် ကြေးနီတို့ပါဝင်သည်။  ဂျူးမြစ်တွင် အက်စစ်ဓာတ်နှင့် အမျှင်ဓာတ်ပမာဏ မြင့်မားစွာပါဝင်သည့် အပြင် ဖိုင်တိုစတာရောလ်၊   ဖီနောလ်၊ အက်စ်ကောဘစ်အက်စစ်နှင့် အမျှင်ဓာတ် ပမာဏမြင့်မားစွာပါဝင်ပြီး   အဆီဓာတ် အနည်းငယ်ပါဝင်သည်။

ဆေးဖက်ဝင်ပုံ

     တိုင်းရင်းဆေးဆရာများသည် ဂျူးမြစ် အရွက်မှထွက်ရှိသည့် အရည်ကို   ဆားနှင့် ရောစပ်၍ အစာအိမ်အနာပေါက်ခြင်းနှင့် တခြားအစာအိမ်နှင့် ပတ်သက်သော ရောဂါ များကို ကုသရာတွင် အသုံးပြုကြသည်။ အပင်၏ အစိတ်အပိုင်းများဖြစ်သည့်  ပင် စည်နှင့် အမြစ်တို့ကို ဆူပွက်အောင်ရေနွေး နှင့်ပြုတ်ခြင်း သို့မဟုတ်  ဓာတုပစ္စည်းများ တွင်  ပျော်ဝင်စေသည့်နည်းလမ်းဖြင့်  ရရှိသည့်  ဂျူးမြစ်အနှစ်ကို   နဖူးပေါ်လိမ်း သုတ်ပေးခြင်းဖြင့်  မြင့်မားသည့်ကိုယ်အပူချိန်နှင့်    သွေးတိုးခြင်းတို့ကို   ကျဆင်းစေ သည်။

နှလုံးကိုကျန်းမာစေသော ဂျူးမြစ်

    ဂျူးမြစ်တွင်  ဖောလိတ်ဓာတ်ပါဝင်သောကြောင့်  နှလုံးသွေးကြောနံရံကို ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးပြီး  ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝ သဖြင့် ရုတ်တရက်နှလုံးရပ်ခြင်းနှင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးသည်။ သွေးကြောများကို  ဓာတ်တိုးပစ္စည်းများကြောင့်  ထိခိုက်ပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။

ကိုယ်ခံအားကောင်းစေသောဂျူးမြစ်

     ဂျူးမြစ်တွင် ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးနိုင်သည့် ဗီတာမင်-A ပါဝင် သောကြောင့်  နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီး ခန္ဓာကိုယ်ကိုကျန်းမာစေ သကဲ့သို့ ကူးစက်ရောဂါများကို တိုက်ထုတ်ပေးသည့်အပြင် ဗီတာမင်-E ကြွယ်ဝမှု ကြောင့်လည်း  ကိုယ်ခံအားနှင့်   အသား အရေကိုပါ ကောင်းမွန်စေသည်။

အာရုံကြောစနစ်ကိုကျန်းမာစေသောဂျူးမြစ်

    ဂျူးမြစ်တွင် အာရုံကြောကျန်းမာရေးကို အဓိကထောက်ပံ့ပေးသည့်  ဗီတာမင်- B6 က အာရုံကြောကို အားဖြည့်ပေးပြီး နေ့စဉ် စိတ်ဖိစီးမှုကြောင့် ခံစားရနိုင်သည့် ပင်ပန်းနွမ်းနယ်ခြင်းနှင့် ခြေကုန်လက်ပန်း ကျခြင်းတို့ကို သက်သာစေနိုင်သည့်အပြင် အာရုံကြောကို   အားဖြည့်ပေးနိုင်သည့် မဂ္ဂနိစ်၊   ဗီတာမင်-C နှင့်   ဖောလိတ်တို့ လည်း ကြွယ်ဝစွာပါဝင်သည်။

အမြင်အာရုံ ကောင်းမွန်စေသောဂျူးမြစ်

    ဓာတ်တိုးပစ္စည်းများသည် အမြင်အာရုံကို များစွာထိခိုက်စေနိုင်ပြီး အချိန်ကြာရှည် စွာထိခိုက်မှုကြောင့်  အမြင်အာရုံထိခိုက်မှုကို   ကာကွယ်ရန်    ဗီတာမင်-C    နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း   ကြွယ်ဝသည့် ဂျူးမြစ်ကဲ့သို့ အစားအစာများကို စားပေး ရန် လိုအပ်သည်။ ဂျူးမြစ်စားသုံးပေးခြင်း ဖြင့် ရေတိမ်ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သည်။

သွေးပေါင်ထိန်းညှိပေးသော ဂျူးမြစ်

      ဂျူးမြစ်တွင်ပါဝင်သည့် ပိုတက်ဆီယမ်က သွေးစီးဆင်းမှုကို ကောင်းစေပြီး နှလုံး ကြွက်သားများ၏   ကျုံ့နိုင်၊ ဆန့်နိုင်မှုကို ကောင်းမွန်စေသကဲ့သို့ သွေးတွင်းအောက် ဆီဂျင်ပမာဏကိုကောင်းမွန်စေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ အောက်ဆီဂျင် အကောင်းဆုံး   ထောက်ပံ့ပေးနိုင်သည်။ ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်နေသည့် ဂျူးမြစ်သည် သွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်သဖြင့် သွေးတိုးရှိသူ များအတွက်     သင့်လျော်သည့်စားစရာ တစ်ခုဖြစ်သည်။

အစာခြေစနစ်ကို ကောင်းမွန်စေသော ဂျူးမြစ်

     ဂျူးမြစ်တွင် ပျော်ဝင်လွယ်သည့်အမျှင်ဓာတ်နှင့်  ပျော်ဝင်မလွယ်သည့်အမျှင် ဓာတ်တို့ပါဝင်နေသဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေသကဲ့သို့  အူနံရံများကို ကျန်းမာစေသည်။ ဂျူးမြစ်သည် အူမကြီးကို သန့်စင်စေပြီး   ဝမ်းမှန်စေသောကြောင့် အစာခြေစနစ်အတွက်  သင့်လျော်သည့် စားစရာတစ်ခုဖြစ်သည်။

ဆီးရွှင်စေသောဂျူးမြစ်

     ဂျူးမြစ်တွင်  ဆိုဒီယမ်ပါဝင်မှုနည်းပါး ပြီး ကိုယ်တွင်းမှပိုလျှံနေသည့် ရေဓာတ် များနှင့် ဆိုဒီယမ်များကို ခန္ဓာကိုယ်ပြင်ပသို့ ဆီးအဖြစ်စွန့်ထုတ်ရန် လှုံ့ဆော်ပေး သည်။  ကိုယ်တွင်းမှ  အဆိပ်အတောက်များကို    ဖယ်ရှားပေးပြီး  ကျောက်ကပ် များကို  ကျန်းမာစေသည်။  ဆီးသွားများသောကြောင့်   သွေးတိုးဖြစ်နိုင်ခြေကို လျှော့ချပေးပြီး ခန္ဓာကိုယ်တွင် ရေဝိတ် တက်သကဲ့သို့  မဖြစ်စေရန်  ကာကွယ်ပေးနိုင်သည်။

ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးသောဂျူးမြစ်

    ဂျူးမြစ်တွင် ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝနေမှုသည်  ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းများကြောင့် ထိခိုက်နိုင်မှုမှ  အထိရောက်ဆုံး  ကာကွယ်ပေးသည်။   ဓာတ်တိုးပစ္စည်းများလွန်းသဖြင့်  ဖြစ်ပေါ်ခံစားရနိုင်သည့်  ကင်ဆာရောဂါ မဖြစ်စေရန်  ကာကွယ်ပေးသကဲ့သို့ ကင်ဆာကျိတ်များ ပွားများမလာစေရန် လည်း ကူညီပေးသည်။

ဂျူးမြစ်နိဂုံး

     အချုပ်အားဖြင့် ဂျူးမြစ်ကို နေ့စဉ်ပုံမှန် စားသုံးပါက သွေးဖိအားပုံမှန်ဖြစ်စေခြင်း၊ နှလုံးသွေးလွှတ်ကြောဆိုင်ရာရောဂါများ၊ အယ်လ်ဇိုင်းမားဖြစ်ခြင်းနှင့် အိုမင်းရင့်ရော် ခြင်းကိုကာကွယ်နိုင်ခြင်း၊   အဆီဓာတ် နည်းပါးခြင်းနှင့် ခုခံအားကောင်းစေခြင်း၊ ဗက်တီးရီးယား၊   ဗိုင်းရပ်စ်နှင့်မှိုကြောင့် ဖြစ်သည့်ရောဂါများ၊  အရိုးပါးရောဂါ၊ အဆုတ်နှင့် အူလမ်းကြောင်းကင်ဆာများ ကို ကာကွယ်နိုင်ခြင်း စသည့်ကောင်းကျိုး များရရှိစေမည်ဖြစ်ကြောင်း၊ ဂျူးမြစ်ကို ဟင်းသီးဟင်းရွက်အဖြစ် စားသုံးပေးပါက သွေးတိုး၊ အစာအိမ်အနာပေါက်ခြင်းနှင့် ခန္ဓာကိုယ်အပူချိန်အလွန်မြင့်တက်ခြင်းတို့ကို လျော့နည်းစေကြောင်းနှင့် ဖိုင်တို စတာရောလ်၊ ဖီနောလ်၊ အက်စ်ကောဘစ် အက်စစ်နှင့် အမျှင်ဓာတ်ပမာဏ   မြင့်မား စွာပါဝင်ပြီး အဆီဓာတ်နည်းသောကြောင့် ကျန်းမာရေးနှင်ညီညွတ်သည့်အစားအစာအဖြစ် သတ်မှတ်ထားသဖြင့် ဂျူးမြစ်ကို ဖြည့်စွက်စာအဖြစ်  စားသုံးခြင်းဖြင့်  ရောဂါများ၏ အန္တရာယ်မှ ကာကွယ်ပေး နိုင်မည်ဖြစ်ပါကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။

MWD