အဝလွန်သော ကလေးသူငယ်များတွင် အဖြစ်များသည့် အမျိုးအစား (၂) သွေးချိုဆီးချိုရောဂါ
Posted_Date
Image
Body
ကမ္ဘာတစ်ဝန်းတွင် မြို့ပြလူနေမှုစနစ် တိုးတက်ပြောင်းလဲလာခြင်းနှင့်အတူ ကျန်းမာရေးနှင့်မညီညွတ်သော ခေတ်မီ အစားအသောက်ပုံစံများ၊ နည်းပညာအသုံးပြုမှု တိုးတက်လာသောကြောင့် ကိုယ်လက်လှုပ်ရှားမှု လျော့နည်းလာခြင်းနှင့် အထိုင်များသည့်အလေ့အကျင့် စသည် တို့ကြောင့် လွန်ခဲ့သည့်နှစ်များအတွင်း ကလေးသူငယ်များတွင် အဝလွန်ခြင်းသည် ကြီးမားသောကျန်းမာရေး စိန်ခေါ်မှုတစ်ခုဖြစ်လာပါသည်။ ကမ္ဘာ့အဝလွန် ရောဂါအဖွဲ့ချုပ်၏ အချက်အလက်များ အရ အသက်ငါးနှစ်မှ ၁၉ နှစ်ကြားကလေး များနှင့် ဆယ်ကျော်သက်လူငယ်များသည် ၂၀၂၅ ခုနှစ်တွင်၂၀၆ သန်းနှင့် ၂၀၃၀ ပြည့်နှစ်၌ ၂၅၄ သန်းတွင် အဝလွန်ခြင်း ဖြစ်မည်ဟု ခန့်မှန်းထားသည်။ ကလေး ဘဝတွင် အဝလွန်ခြင်းသည် အရွယ် ရောက်ပြီးသည်အထိ ဆက်ရှိနေတတ်ပြီး ကျန်းမာသောကိုယ်အလေးချိန်ရှိသူများနှင့်နှိုင်းယှဉ်ပါက သွေးချိုဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၁ ဒသမ ၄ ဆပိုများပါသည်။
အမေရိကန်နိုင်ငံရှိ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန၏ ခန့်မှန်းချက် များအရ ငယ်ရွယ်သူများတွင် အမျိုးအစား (၂) သွေးချိုဆီးချိုရောဂါပျံ့နှံ့မှုကို နှစ်စဉ် ၂ ဒသမ ၃ ရာခိုင်နှုန်း တိုးလာသည်ဟုယူဆ ပါက အသက် ၂၀ နှစ်အောက်လူငယ်များ တွင်ဖြစ်ပွားမှုသည် နှစ် ၄၀ တွင် လေးဆ တိုးလာမည်ဖြစ်သည်။
ယခင်က အမျိုးအစား(၂)သွေးချိုဆီးချို ရောဂါသည် ဇီဝဖြစ်ပျက်မှုဆိုင်ရာချို့ယွင်း မှုကြောင့်ဖြစ်ပြီး အရွယ်ရောက်ပြီးသူများနှင့် လူကြီးများတွင်အဖြစ်များသော ရောဂါ တစ်ခုအဖြစ် ကာလကြာရှည်စွာ သိထားကြသည်။ ကလေးသူငယ်များတွင် အမျိုး အစား(၂)သွေးချိုဆီးချိုရောဂါဖြစ်ပွားမှု များလာရခြင်းအကြောင်းရင်းမှာ ကလေး သူငယ်များတွင် အဝလွန်ဦးရေဆက်လက် တိုးလာခြင်းကြောင့်ဖြစ်သည်။ ကလေး သူငယ်များတွင်တွေ့ရသော အမျိုးအစား (၂)သွေးချိုဆီးချိုရောဂါသည် အမျိုးအစား (၁)သွေးချိုဆီးချိုရောဂါနှင့်မတူ၊ လူကြီး များတွင်ဖြစ်သော အမျိုးအစား(၂)သွေးချို ဆီးချိုရောဂါနှင့်လည်းကွဲပြားပြီး ဘီတာဆဲလ်၏ လုပ်ဆောင်ချက်များ ပိုမိုလျင်မြန် စွာလျော့နည်းလာမှုနှင့် သွေးချိုဆီးချိုရောဂါ၏ နောက်ဆက်တွဲပြဿနာများ လျင်မြန်စွာဖြစ်ပေါ်လာခြင်းကဲ့သို့သော ထူးခြားသည့်အင်္ဂါရပ်များရှိကြောင်း တွေ့ ရသည်။
ကလေးသူငယ်များတွင် အဝလွန်ခြင်းကိုဖြစ်စေသည့်အချက်များ
လွန်ခဲ့သော ၂၀၀၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာကလေး သူငယ်များတွင် အဝလွန်ခြင်းဖြစ်နိုင်သောအချက်များနှင့် ဆက်စပ်နိုင်ခြေကို စနစ်တကျပြန်လည် သုံးသပ်လေ့လာမှု၏ တွေ့ရှိချက်အရ ကလေးသူငယ်ငါးဦးတွင် တစ်ဦးသည် အဝလွန်ခြင်းကို ခံစားရနိုင်ကြောင်း၊ အားကစားဝါသနာပါသော ကလေးများနှင့် လေ့ကျင့်ခန်းပုံမှန်လုပ်သောကလေးများသည် အဝလွန်နိုင်ခြေ နည်းပါးကြောင်း ဖော်ပြခဲ့သည်။ နံနက် စာမစားခြင်းသည် ကလေးသူငယ်များ အဝလွန်ခြင်းအန္တရာယ်နှင့် ဆက်စပ်နေကြောင်း တွေ့ရသည်။ တစ်ရက်လျှင် နှစ်နာရီထက်ပို၍ ကွန်ပျူတာအသုံးပြုခြင်း၊ တီဗွီကြည့်ခြင်း၊ ဖုန်းနှင့်ဂိမ်းကစား ခြင်းများကို ပိုမိုအာရုံစိုက်လာကြသောကြောင့် အထိုင်များပြီး ကိုယ်အလေးချိန် ပိုတက်နိုင်သည်။ ထို့ပြင် တီဗွီနှင့် ကွန်ပျူတာဖန်သားပြင်ကြည့်နေစဉ် ကျန်းမာ ရေးနှင့်မညီညွတ်သော အစားအသောက်များကို သတိလက်လွတ်စားသောက်ခြင်း၊ အထိုင်များသောအပြုအမူကြောင့် ကိုယ်လက်လှုပ်ရှားမှုနည်းလာခြင်းနှင့် အိပ်ချိန် ကိုလျှော့ချခြင်းတို့ကြောင့် အဝလွန်ခြင်း ဖြစ်လာစေသည်။
ကလေးသူငယ်များတွင် အဝလွန်သတ်မှတ်မှုစနစ်
BMI အညွှန်းကိန်းသည် ကလေးသူငယ် များတွင် ကိုယ်အလေးချိန်များခြင်းနှင့် အဝလွန်ခြင်းကိုဆုံးဖြတ်ရန် လက်ခံထားသော စံတစ်ခုဖြစ်သည်။ ကလေးသူငယ် များတွင် BMI အညွှန်းကိန်းသည် အသက်အရွယ်နှင့်အမျှ ပြောင်းလဲလာသည်။ ကလေးများတွင် BMI သည် မွေးစမှအသက် တစ်နှစ်အထိတိုးလာပြီး အသက်ငါးနှစ်မှ ကိုးနှစ်အထိတွင် လျော့နည်းသွားသည်။အသက်ကိုးနှစ်မတိုင်မီ BMI စောစောပြန် တက်ခြင်းသည် အရွယ်ရောက်ပြီးချိန်တွင် အဝလွန်ခြင်းအန္တရာယ်ကိုခံစားရနိုင်သည်။ ကလေးသူငယ်များတွင် ကိုယ်အလေးချိန်များခြင်း သို့မဟုတ် အဝလွန် ခြင်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၂၀၀၇ ၏ BMI အညွှန်းကိန်းသတ်မှတ်မှုစနစ်ပေါ် တွင် အခြေခံသည်။ အလွန်အမင်းဝခြင်း (Morbid Obesity) ၏ အဓိပ္ပာယ်ဖွင့်ဆို ချက်သည် အမေရိကန်ရောဂါထိန်းချုပ်မှု စံနှုန်း(US CDC)၏ ကြီးထွားမှုဇယားအရ ၁၂၀ ရာခိုင်နှုန်းထက်ကျော်လွန်ခြင်း သို့မဟုတ် BMI ၃၅ ထက်လွန်ခြင်းကိုအသုံးပြုနိုင်သည်။
သွေးချိုဆီးချိုရောဂါဖြစ်နိုင်ခြေ အန္တရာယ်ရှိသူများ
ငယ်ရွယ်စဉ်တွင် အဝလွန်ခြင်းနှင့် အဆီပိုများခြင်း (အထူးသဖြင့် ဝမ်းဗိုက်တစ်ဝိုက်တွင်အဆီများစုပုံခြင်း)၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ အနီရောင်အသားနှင့် ပြုပြင်ထားသောအသားများ စားခြင်း၊ သကြားပါသောအချိုရည်များ သောက်သုံးခြင်း၊ မိဘ သို့မဟုတ် မွေးချင်းများတွင် သွေးချိုဆီးချိုရောဂါရှိခြင်း၊ မိခင်ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါရှိခြင်း၊ လမစေ့ဘဲမွေးခြင်းနှင့် မွေးကင်းစ ကိုယ်အလေးချိန်နည်းခြင်း၊ ဇီဝဖြစ်ပျက်မှုဆိုင်ရာ ရောဂါလက္ခဏာစုနှင့် အပျိုဖော် ဝင်ပြီးနောက် အမျိုးသမီးများ သားဥအိမ်တွင် ရေအိတ်များတည်ခြင်းတို့နှင့် ဆက် စပ်မှုရှိသည်။ ကလေးများနှင့် ဆယ်ကျော်သက်အရွယ်တွင် အမျိုးအစား(၂)သွေးချိုဆီးချို ရောဂါဖြစ်တတ်သော်လည်း မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သည်။ ဆယ်ကျော်သက်မိန်းကလေးများသည် ယောက်ျားလေးများထက် ရောဂါ ဖြစ်နိုင်ခြေပိုများသည်။
နောက်ဆက်တွဲပြဿနာများ
ငယ်ရွယ်စဉ် အမျိုးအစား(၂) သွေးချိုဆီးချိုရောဂါဖြစ်သူများသည် အရွယ်ရောက်ပြီးချိန်တွင် သွေးကြောဆိုင်ရာ နောက်ဆက်တွဲပြဿနာများ ရှိနေကြောင်း တွေ့ရပြီး အာရုံကြောများ၊ မျက်လုံးနှင့် ကျောက်ကပ်အပါအဝင် ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်း အားလုံးနီးပါးကို ထိခိုက် စေနိုင်သည်။ ရေရှည်နောက်ဆက်တွဲပြဿနာများသည် နှစ်များစွာကြာလာ သည်နှင့်အမျှ တဖြည်းဖြည်းကြီးထွားလာ ပြီး နောက်ဆုံးတွင် ပြင်းထန်သွေးချိုဆီးချို ရောဂါနှင့် အသက်အန္တရာယ်ပင် ဖြစ်နိုင် သည်။ ထို့ကြောင့် အမျိုးအစား(၂)သွေးချို ဆီးချိုရောဂါရှိသူ ကလေးသူငယ်များတွင် အရွယ်မတိုင်မီ သွေးကြောများဆိုင်ရာ နောက်ဆက်တွဲပြဿနာများကို တားဆီးရန်အတွက် ထိရောက်စွာစောင့်ကြည့် ကုသရန် လိုအပ်ပါသည်။
သွေးစစ်ဆေးခြင်းနှင့် ရောဂါသတ်မှတ်ခြင်း
(က) ညဘက် ၈ နာရီမှ ၁၀ နာရီကြား အစာမစားဘဲစစ်ဆေးခြင်း၊ ၁၂၆ mg/dl သို့မဟုတ် ထို့ထက်ပိုလျှင် သွေးချိုဆီးချိုရောဂါကိုညွှန်ပြသည်။
(ခ) 75g OGTT (ဂလူးကို့စ်အမှုန့် ၇၅ ဂရမ်ကို အရည်ဖျော်တိုက်ပြီး နှစ်နာရီ အကြာတွင် သွေးစစ်ဆေးခြင်း)၊ ၂၀၀ mg/dl သို့မဟုတ် ထို့ထက်ပိုလျှင် သွေးချိုဆီးချိုရောဂါကိုညွှန်ပြသည်။
(ဂ) လွန်ခဲ့သောသုံးလအတွင်း ပျမ်းမျှ သွေးတွင်းသကြားဓာတ် ဟေမိုဂလိုဘင် (A1C) ကိုစစ်ဆေးခြင်း၊ ၆ ဒသမ ၅ ရာခိုင် နှုန်း သို့မဟုတ် ထို့ထက်ပိုလျှင် သွေးချို ဆီးချိုရောဂါကိုညွှန်ပြသည်။
ထပ်လောင်းစစ်ဆေးမှုများ
ကလေးသူငယ်များတွင် အမျိုးအစား (၁) နှင့်အမျိုးအစား (၂) သွေးချိုဆီးချိုရောဂါတို့ကိုခွဲခြားရန်အတွက် သွေးတွင်း ပန်ကရိယ Autoantibodies နှင့် C-peptide ပမာဏကို တိုင်းတာရန်လိုအပ်ပါသည်။
စစ်ဆေးသင့်သော ကလေးသူငယ်များ
အမေရိကန် သွေးချိုဆီးချိုရောဂါအသင်း၏ အကြံပြုချက်မှာ အမျိုးသမီးငယ် များ အပျိုဖော်ဝင်လျှင် သို့မဟုတ် အသက် ၁၀ နှစ်ကျော်လျှင် စစ်ဆေးသင့်ပါသည်။ အဝလွန်ခြင်းနှင့် သွေးချိုဆီးချိုရောဂါဖြစ် နိုင်ခြေအန္တရာယ်ရှိသော အကြောင်းရင်း တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော လူငယ်များ (မိဘနှင့်မွေးချင်းများတွင် သွေးချိုဆီးချိုရောဂါရှိခြင်း၊ ကိုယ်ဝန် ဆောင်စဉ် ဆီးချိုရောဂါရှိသူမိခင်များမှ မွေးဖွားခြင်း၊ အင်ဆူလင်ခုခံမှုများသော သွင်ပြင်လက္ခဏာများဖြစ်သည့် လည်ပင်း တစ်ဝိုက်နှင့် ချိုင်းအရေပြားမည်းခြင်း၊ သွေးတိုးခြင်းနှင့် သွေးတွင်းကိုလက် စထရောများခြင်း၊ မွေးကင်းစကလေး ကိုယ်အလေးချိန်နည်းခြင်း သို့မဟုတ် များခြင်း၊ အပျိုဖော်ဝင်ပြီးနောက် သားဥ အိမ်တွင်ရေအိတ်ရှိခြင်း) တွင် အခြေခံ စစ်ဆေးမှုကို စောစောပြုလုပ်ရန်စဉ်းစား သင့်သည်။ စမ်းသပ်မှုများပုံမှန်ဖြစ်ပါက အနည်းဆုံးနှစ်နှစ်ကြာလျှင် ထပ်မံစစ်ဆေး ရန် သို့မဟုတ် BMI ပိုများလာပါက မကြာ ခဏစစ်ဆေးရန် အကြံပြုထားသည်။
ကလေးသူငယ်များတွင် သွေးချိုဆီးချိုရောဂါ ကုသမှု
ကလေးသူငယ်များတွင်ဖြစ်သော အမျိုးအစား(၂) သွေးချိုဆီးချိုရောဂါကုသမှုတွင် မိသားစုဗဟိုပြုကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်စားသောက်မှုပုံစံကို လူငယ် အားလုံးနှင့်မိသားစုများ သို့မဟုတ် အရွယ် ရောက်ပြီးသူပြုစ စောင့်ရှောက်သူများက လိုက်နာရန်လိုအပ်ပါသည်။ ကျန်းမာရေး နှင့်ညီညွတ်သော စားသောက်မှုအစီအစဉ် တွင် ကစီဓာတ်မပါသော ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲမျိုးစုံ၊ အစေ့အဆန် များနှင့် အဆီနည်းသော နို့ထွက်ပစ္စည်းများကို များများစားရန်၊ အသားများကိုလျှော့စားရန်၊ အဖျော်ယမကာ၊ အချိုပါ သောအစားအစာများ၊ သန့်စင်ပြီးအစေ့ အဆန်များနှင့် လွန်ကဲစွာပြုပြင်ထားသော အစားအစာများကို လျှော့စားရန်ဖြစ်ပါသည်။ နေ့စဉ်အလယ်အလတ်မှ ပြင်းထန်သော ပုံမှန်ကိုယ်လက်လှုပ်ရှားမှုကို အနည်းဆုံးမိနစ် ၆၀ ပြုလုပ်ရန်၊ ကြွက်သား နှင့်အရိုးသန်မာစေသော လေ့ကျင့်ခန်း များကို အနည်းဆုံး တစ်ပတ်လျှင် သုံးရက် ပြုလုပ်ရန်နှင့် တီဗွီကြည့်ခြင်း၊ ဖုန်း သို့မဟုတ် ကွန်ပျူတာအသုံးပြုခြင်း၊ အွန်လိုင်းအသုံးပြု၍ စိတ်အပန်းဖြေခြင်းစသည့် အထိုင်များသောအချိန်ကို လျှော့ချရန်လိုအပ်ပါသည်။
ကုသရေးရည်မှန်းချက်
သွေးချိုဆီးချိုရောဂါထိန်းချုပ်မှု အခြေအနေကို အကဲဖြတ်ရန် HbA1C ကို အနည်း ဆုံး သုံးလတစ်ကြိမ် စစ်ဆေးရပါမည်။ အမျိုးအစား (၂) သွေးချိုဆီးချိုရောဂါရှိ သော ကလေးသူငယ်များအတွက် HbA1C ရည်မှန်းချက်မှာ ၆ ဒသမ ၅-၇ ရာခိုင်နှုန်း ဖြစ်သည်။ ကုသမှုလိုအပ်ချက်ပေါ်မူတည် ၍ အိမ်တွင် သွေးတွင်းဂလူးကို့စ်ကို စဉ် ဆက်မပြတ်စစ်ဆေးပြီး မှတ်တမ်းတင်ရန် လိုအပ်သည်။ အဝလွန်သော ကလေးသူငယ်တစ်ဦးချင်းစီအတွက် အနည်းဆုံး ကိုယ်အလေးချိန် ၇-၁၀ ရာခိုင်နှုန်းလျော့ကျစေရန်နှင့် ရေရှည်ထိန်းသိမ်း ထားရန် လိုအပ်ပါသည်။
ပုံမှန်ပြသရန်လိုအပ်ခြင်း
ကလေးသူငယ်များတွင် သွေးချိုဆီးချို ရောဂါကို ကောင်းစွာစီမံခန့်ခွဲနိုင်စေရန်အတွက် ပုံမှန်ပြသရန်လိုအပ်သည်။သွေး တွင်းသကြားဓာတ် အခြေအနေများ၊ ပုံမှန် စားသောက်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှု၊ ကိုယ်အလေးချိန်နှင့် ဆေးဝါးများကို ပြန်လည်သုံးသပ်ခြင်းတို့ ပါဝင်သည်။
ကျန်းမာသောနေထိုင်မှုပုံစံ အပြောင်းအလဲများသည် ဆေးဝါးလိုအပ်မှုကို လျှော့ချ နိုင်သည်။ တစ်ခါတစ်ရံတွင် အရေးပေါ်ပြဿနာများဖြစ်သော သွေးတွင်းသကြား ဓာတ်နည်းခြင်း သို့မဟုတ် အလွန်မြင့် တက်ခြင်းတို့ ဖြစ်ပေါ်လာတတ်သည်။
ကလေး၏ကြီးထွားမှု၊ သွေးပေါင်ချိန်၊ ကိုလက်စထရောပမာဏ၊ ကျောက်ကပ် နှင့် အသည်းလုပ်ဆောင်ချက်၊ မျက်လုံးနှင့် ခြေဖဝါးတို့ကို အခါအားလျော်စွာစစ်ဆေးရန် လိုအပ်သည်။ နှစ်စဉ် တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးရန်လိုအပ်သည်။
အချုပ်အားဖြင့်ဆိုသော် ကလေးသူငယ် များတွင် အဖြစ်များလာသော အမျိုးအစား (၂) သွေးချိုဆီးချိုရောဂါကို ကာကွယ်ကုသ ရာတွင် မိသားစုနှင့်ပြုစု စောင့်ရှောက်သူများ၏ အခန်းကဏ္ဍက အရေးပါသည်။ ကလေးသူငယ်များ၏ ၅၀ ရာခိုင်နှုန်းအထိ ရောဂါလက္ခဏာမပြဘဲ ရှိနေနိုင်သဖြင့် ဖြစ်နိုင်ခြေရှိသော ကလေးများကို ကြိုတင် စစ်ဆေးသင့်ပါသည်။ ထို့ကြောင့် ဖြစ်ပွားမှု ကိုတားဆီးရန် သို့မဟုတ် ရွှေ့ဆိုင်းရန်နှင့် ကလေးများ အဝလွန်ခြင်းကို ထိန်းချုပ်ရန် အတွက် မိသားစုဗဟိုပြုကျန်းမာရေးနှင့် ညီညွတ်သောလူနေမှု ပုံစံကို မြှင့်တင်ရန် အရေးကြီးကြောင်း အသိပညာပေး ရေးသားလိုက်ရပါသည်။
MWD
