လုပ်ငန်းခွင်၌ သွေးချို ဆီးချိုရောဂါကို စီမံခန့်ခွဲနိုင်သော နည်းလမ်းများ
Posted_Date
Image
Body
ယနေ့ကမ္ဘာတစ်ဝန်း၌ သွေးချိုဆီးချို ရောဂါ၏ ကပ်ရောဂါအသွင် ကူးစက်ပျံ့နှံ့မှုကိုရင်ဆိုင်နေရချိန်တွင် အထိုင်များ သော လူနေမှုပုံစံနှင့်လုပ်ငန်းခွင်၌ လှုပ်ရှားသွားလာမှု နည်းပါးခြင်းတို့သည်ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါလက္ခဏာစု၊ သွေးတွင်းဂလူးကို့စ် ပမာဏမြင့်မားခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ အပါအဝင် သွေးချိုဆီးချိုရောဂါဆိုင်ရာ နာတာရှည်ကျန်းမာရေး အန္တရာယ်များကိုပိုမိုဆိုးရွားစေနိုင်သည်။
အလုပ်စားပွဲတွင် ကြာကြာထိုင်ခြင်းသည် အန္တရာယ်မရှိဟု ထင်ရသော်လည်း သွေးတွင်းဂလူးကို့စ်ထိန်းချုပ်မှုကို စီမံခန့်ခွဲနေရသူ သွေးချိုဆီးချို ဝေဒနာရှင်များအတွက် ကြာရှည်ထိုင်ခြင်းက သွေး တွင်းသကြားဓာတ်ထိန်းညှိမှုကို တိတ် တဆိတ်ထိခိုက်စေနိုင်သည်။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်နေသော်လည်း မကြာခဏဆိုသလို စားပွဲတွင် အချိန်ကြာကြာထိုင်ခြင်းသည် သွေးလည်ပတ်မှုနှေးကွေး ပြီး ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေနိုင်သည်။ အကန့်အသတ်ရှိသော လှုပ်ရှားမှု၊ စိတ်တင်းကျပ်မှု၊ စိတ်ဖိစီးမှုနှင့် အလွန်အကျွံပြုပြင်ထားသော သရေစာများကို အလွယ် တကူရရှိ စားသုံးနိုင်ခြင်း စသည့်အချက်များကြောင့် ကျန်းမာရေးအန္တရာယ်များ လွယ်ကူစွာဝင်ရောက်နိုင်သည်။
နေ့စဉ်အလုပ်တွင် လှုပ်ရှားမှုတိုးမြင့် စေရန် မကြာခဏလမ်းလျှောက်ခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော သရေစာများစားသောက်ခြင်းကို ရှောင်ရှားရန် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများနှင့် အဆာပြေမုန့်များ ယူဆောင် လာခြင်း၊ နေ့စဉ်လှုပ်ရှားမှုပုံစံများနှင့် ခန္ဓာကိုယ်တုံ့ပြန်မှုကို စောင့်ကြည့်ရန် သွေး တွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးခြင်း၊ အထိုင်များသည့်အချိန်ကို လျှော့ချရန်မတ်တတ်ရပ် စားပွဲခုံများ သို့မဟုတ် တခြားပရိဘောဂများကို အသုံးပြုခြင်းနှင့် သွေး တွင်းဂလူးကို့စ်ပမာဏကို တိုးမြင့်စေ သော ဖိစီးမှုမှကာကွယ်ရန် စိတ်ဖိစီးမှုအား စီမံခန့်ခွဲနိုင်သော နည်းစနစ်များကို လေ့ကျင့်ရန်လိုအပ်သည်။ အထူးသဖြင့် တည်ငြိမ်သော စွမ်းအင်၊ အာရုံစူးစိုက်မှုနှင့် ရေရှည်သွေးတွင်း ဂလူးကို့စ်ထိန်းချုပ် မှုတို့ကို ပံ့ပိုးပေးရန်အတွက် နေ့စဉ် ရိုးရှင်း သောအလေ့အကျင့်များကို ရေရှည်ပြု လုပ်ရန်လိုအပ်သည်။
Diabetologia တွင် ထုတ်ဝေသည့်လေ့လာမှုတစ်ခုတွင် အမျိုးအစား-၂ သွေးချိုဆီးချိုရောဂါ ရှိသူများသည် အလုပ် ချိန်အတွင်းကြာကြာထိုင်ခြင်းကို မကြာခဏမတ်တတ်ရပ်ခြင်းနှင့် ပေါ့ပါးစွာလမ်းလျှောက်ခြင်းတို့ဖြင့် အစားထိုးသည့်ပုံစံသည် တစ်နေ့လျှင် တစ်ကြိမ်ပြုလုပ်သော လေ့ကျင့်ခန်းများနှင့်နှိုင်းယှဉ်ပါက ၂၄ နာရီကြာ သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှုကိုပိုကောင်းစေပြီး အင်ဆူလင်အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်။ တစ်နည်းဆိုရသော် အလုပ်ချိန်အတွင်း သွေးတွင်းသကြားဓာတ်ထိန်းချုပ် မှုအတွက် တစ်နေ့တာလုံးတွင် မကြာခဏအချိန်အနည်းငယ် လမ်းထလျှောက်ခြင်းကို ပုံမှန်ပြုလုပ်ခြင်းသည် လေ့ကျင့်ခန်း တစ်ခုတည်း ပြုလုပ်ခြင်းထက် ပို၍ပင် အစွမ်းထက်ကြောင်း ပြသထားသည်။
ကွန်ပျူတာ အသုံးပြုခြင်းကဲ့သို့သော အထိုင်များသောသူများအတွက် လက်တွေ့ကျသော အပြောင်းအလဲတစ်ခုဖြစ်ပြီး ပို၍ပင်အသုံးဝင်ပါသည်။
ဓာတ်ခွဲခန်းအခြေပြုစမ်းသပ်လေ့လာမှုများအရ ကြာရှည်ထိုင်ခြင်းကိုလျှော့ချရန် အချိန်အနည်းငယ် လမ်းထလျှောက်ခြင်းကို ပုံမှန်ပြုလုပ်ခြင်းသည်ကျန်းမာ ရေးနှင့်ညီညွတ်ပြီး အဝလွန်သူများနှင့် အမျိုးအစား-၂ သွေးချိုဆီးချိုရောဂါရှိသူများတွင် ဂလူးကို့စ်နှင့် အင်ဆူလင်ပမာဏကို လျှော့ချရာတွင် ထိရောက်မှုရှိသည်ဟု အကြံပြုထားသည်။ လွတ်လပ်စွာနေထိုင်သော အခြေအနေများတွင် မတ်တတ်ရပ်ခြင်းနှင့် အလယ်အလတ်ပြင်းထန်သော လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် ထိုင်ချိန် ကိုအစားထိုးခြင်းနှင့် ကျန်းမာသန်စွမ်း သော အထိုင်များသူများတွင် အလယ်အလတ်မှ ပြင်းထန်သော လေ့ကျင့်ခန်းတစ်ကြိမ် (စက်ဘီးစီးခြင်း)ဖြင့် အစားထိုး ခြင်းသည် အင်ဆူလင်လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေကြောင်း မကြာသေး မီကပြသခဲ့သည်။
ထိုင်နေသောအချိန်ကိုလျှော့ချပြီး အချိန်ခဏပေး၍ လမ်းပုံမှန်လျှောက်ခြင်း အလုပ်သွားချိန်တွင် ဓာတ်လှေကားများအစား လှေကားထစ်များတက်ပါ။အလုပ်ချိန်အတွင်း အားကစားခန်းမသို့ တစ်နာရီသွားရန်မလိုအပ်ပါ။ အရေးကြီး ဆုံးက ကြာရှည်ထိုင်ခြင်းကို လျှော့ချရန်မိနစ် ၃၀ ကြာတိုင်း မတ်တတ်ရပ်ပါ သို့ မဟုတ် နှစ်မိနစ်မှ သုံးမိနစ်ခန့် လမ်းလျှောက်ပါ။ ဖုန်းခေါ်ဆိုစဉ်တွင် အလျင်အမြန်လမ်းလျှောက်ခြင်း၊ လုပ်ဖော်ကိုင်ဖက်တစ်ဦးအား မက်ဆေ့ချ်ပို့ခြင်းအစား ထိုသူ၏စားပွဲသို့ လမ်းလျှောက်သွား၍ တွေ့ဆုံခြင်း သို့မဟုတ် ရေဘူးကိုရေထပ်ဖြည့်ခြင်းကဲ့သို့ အနည်းငယ်သော လှုပ်ရှားမှုများကို ခဏခဏပြုလုပ်ခြင်းသည် ဇီဝဖြစ်စဉ်ပြန်လည် နိုးကြားစေနိုင်ပါသည်။ နေ့လယ်စာစားပြီးချိန်၌ ထိုင်နေမည့်အစား အနီးတစ်ဝိုက်တွင် လမ်းလျှောက် ရန် အစီအစဉ်ဆွဲပါ။ ရှစ်နာရီကြာသည့် နေ့စဉ်အလုပ်ချိန်အတွင်း အဆိုပါကြွက်သား လှုပ်ရှားမှုတိုင်းအတွက် လောင်စာအဖြစ် သွေးမှဂလူးကို့စ်ကို အသုံးပြုသောကြောင့် သွေးတွင်းသကြားဓာတ်ကို ပိုမိုတည်ငြိမ်စေပြီး ဇီဝဖြစ်စဉ် ကျန်းမာရေးအတွက် သိသာထင်ရှားသော အကျိုးကျေးဇူးများရရှိစေသည်။ ဦးနှောက်သို့ သွေးစီးဆင်းမှုကိုတိုးစေပြီး စိတ်နိုးကြားမှု၊ သိမြင်မှုဆိုင်ရာလုပ်ဆောင်မှု၊ စိတ်ခံစားချက်နှင့်တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးကာ ပင်ပန်းနွမ်းနယ်မှုများကို လျှော့ချ ရန်ကူညီပေးသည်။
အလုပ်ချိန်အတွင်း ကြာရှည်ထိုင်ခြင်းကို လျှော့ချရန်နှင့် ဂလူးကို့စ်ထိန်းချုပ်မှုကို တိုးတက်ကောင်းမွန်စေရန် အလုပ်ချိန် တစ်နေ့တာတွင် မကြာခဏလမ်းလျှောက် ခြင်း သို့မဟုတ် အသေးစား လှုပ်ရှားမှုများကိုပြုလုပ်ပါ။ သွေးလှည့်ပတ်မှုကိုမြှင့်တင် ရန်နှင့် ကြာရှည်ထိုင်ခြင်းနှင့် ဆက်စပ်နေသော အန္တရာယ်များကို လျှော့ချရန်နာရီတိုင်း မတ်တတ်ရပ်ခြင်း၊ ဆန့်ထုတ်ခြင်း သို့မဟုတ် မိနစ်အနည်းငယ်ကြာ လမ်းလျှောက်ခြင်းများကိုပြုလုပ်ပါ။ လမ်း လျှောက်သတိပေးချက်များ သတ်မှတ်ခြင်း သို့မဟုတ် အက်ပ်များကိုအသုံးပြုခြင်းသည် ပုံမှန်လှုပ်ရှားသော အလေ့အထ ကိုထိန်းသိမ်းရန် ကူညီပေးနိုင်သည်။ ထို့ပြင် အားလပ်ချိန်များကို လှုပ်ရှားမှုအတွက် အသုံးပြုသင့်သည်။ အားလပ်ချိန်များတွင် တက်ကြွစွာလှုပ်ရှားခြင်းဖြင့် အနားယူခြင်းသည် သွေးတွင်းသကြားဓာတ်ကို လျော့ကျစေမည်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်စေကာ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများကိုလည်း ပေးစွမ်းနိုင် သည်။
အမြန်ရအဆာပြေစာများ အစား ကျန်းမာရေးနှင့်ညီညွတ်သော သရေစာများရွေးချယ်ခြင်း
ရုံးအများစု၏ လက်ဖက်ရည်သောက်သည့် အချိန်တွင် ဘီစကွတ်များ၊ သကြားပါသောအချိုရည်များသည် လျင်မြန်သော စွမ်းအင်ကိုပေးစွမ်းနိုင်သော်လည်း သွေး တွင်းဂလူးကို့စ် ရုတ်တရက်မြင့်တက်ခြင်း၊ ထို့နောက် လျော့နည်းခြင်းနှင့် ဆာလောင် ခြင်းတို့ကိုခံစားရစေသည်။ ပြုပြင်ထား သောသရေစာများထက် အမျှင်ဓာတ်၊ ပရို တင်းနှင့် ကျန်းမာရေးနှင့်ညီညွတ်သော အဆီများဖြင့် ရောစပ်ထားသည့် အာဟာရ ဓာတ်များပြီး သကြားဓာတ်နည်းသော အစားအစာများ၊ အဆာပြေမုန့်များကို ရွေးချယ်စားသုံးခြင်းဖြင့် သွေးတွင်းသကြား ဓာတ်ပမာဏ ရုတ်တရက်မြင့်တက်ခြင်း ကိုကာကွယ်ပေးပြီး စွမ်းအင်ကိုထောက်ပံ့ ပေးနိုင်သည်။ အစေ့အဆန်များ၊ အခွံမာ သီး၊ ဒိန်ချဉ်၊ ကြက်ဥပြုတ်နှင့် အသီးအနှံ များပါသော သရေစာတွင် အာဟာရဓာတ် များပြည့်ဝသည့်အပြင် အစာချေဖျက်မှုကို ပိုမိုနှေးကွေးစေပြီး စိတ်ကျေနပ်မှုပို ရစေသည်။ ရုံးတွင် ကျန်းမာရေးနှင့်မညီ ညွတ်သော အစားအစာရွေးချယ်မှုများ၏ သွေးဆောင်မှုကိုရှောင်ရှားရန် ကျန်းမာ ရေးနှင့်ညီညွတ်ပြီး ပမာဏထိန်းချုပ်ထားသော အစားအစာများနှင့် အဆာပြေများကို လုပ်ငန်းခွင်သို့ယူဆောင်လာပါ။
တစ်နေ့တာလုံးရေဓာတ်ပြည့်ဝနေစေခြင်း
ရေသောက်ခြင်းသည် သွေးကြောထဲမှပိုလျှံနေသော ဂလူးကို့စ်များကို ဖယ်ရှား ပေးနိုင်ပြီး တစ်နေ့တာလုံး ဇီဝဖြစ်စဉ်လုပ်ဆောင်မှုကို ကောင်းမွန်စေသည်။ ရေ ဓာတ်ခန်းခြောက်ခြင်းသည် သွေးလမ်းကြောင်းအတွင်းရှိ သကြားဓာတ်ကိုချေဖျက်ရန် အရည်နည်းပါးသောကြောင့် သွေးတွင်းဂလူးကို့စ်ပမာဏကို မြင့်မားစေပြီး သွေးတွင်းသကြားဓာတ် မညီမျှမှုကို ပိုမိုဆိုးရွားစေနိုင်သည်။ အထူးသဖြင့် လေအေးပေးစက်ရှိသော ရုံးပတ်ဝန်းကျင် တွင် ဆာလောင်ခြင်းနှင့်အတူ ရေငတ်ခြင်းကိုခံစားရစေသည်။ ထို့ကြောင့် ရေကိုလက်လှမ်းမီအောင်ထားပါ။ စားပွဲပေါ်ရှိပြန်ဖြည့်နိုင်သော ရေပုလင်းသည် ရေဓာတ် ခန်းခြောက်ခြင်းအန္တရာယ်ကို လျော့ပါးသက်သာစေနိုင်သည်။
မျှတသောအစားအစာများကိုကြိုတင်စီစဉ်ခြင်း
အလုပ်များသောရက်များတွင် နေ့လယ် စာအတွက် အများအားဖြင့် သန့်စင်ပြီး ကာဗိုဟိုက်ဒရိတ်နှင့် အဆီများသော အမြန် စားအစားအစာများကိုမှာယူခြင်း သို့မဟုတ် အစားအစာများကို လုံးဝရှောင်ခြင်းသည် သွေးတွင်းသကြားဓာတ်ကို အပြောင်းအလဲမြန်စေပါသည်။ တစ်ပတ်လျှင် မျှတသော နေ့လယ်စာနှစ်ကြိမ် သို့မဟုတ် သုံးကြိမ်မျှစားနိုင်ရန် အလေးထားကြိုတင် စီစဉ်ရန်လိုအပ်ပါသည်။ မျှတ သောအစားအစာတွင် အဆီမပါသောပရို တင်း၊ ရောင်စုံဟင်းသီးဟင်းရွက်များ၊ ကျန်းမာရေးနှင့် ညီညွတ်သော အဆီများနှင့်အစာခြေနှေးသော ကာဗိုဟိုက်ဒရိတ်တို့ပါဝင်သင့်သည်။ အလုပ်များသော ရက်သတ္တပတ်အတွင်း ပင်ပန်းနွမ်းနယ်မှု ကိုလျှော့ချရန် တနင်္ဂနွေနေ့များတွင် အစားအသောက်ပြင်ဆင်ခြင်း သို့မဟုတ် နေ့လယ်စာအတွက် ညကတည်းက အဆင်သင့် ကြိုတင်စီစဉ်သိမ်းဆည်းထားခြင်းဖြင့် စိတ်သက်သာရာရစေသည်။
စိတ်ဖိစီးမှုနှင့်စိတ်ပင်ပန်း နွမ်းနယ်မှုကို စီမံခန့်ခွဲခြင်း
စိတ်ဖိစီးမှုကို မကြာခဏ လျစ်လျူရှုထားသော်လည်း သွေးချိုဆီးချိုရောဂါကိုစီမံခန့်ခွဲရာတွင် စိတ်ကျန်းမာရေးသည် အဓိကအခန်းကဏ္ဍမှပါဝင်ပါသည်။ စိတ် ဖိစီးမှုသည် ခန္ဓာကိုယ်တွင် သွေးတွင်းသကြားဓာတ်ပမာဏကို မြင့်တက်စေသည့် ကော်တီဆောကဲ့သို့သော ဟော်မုန်း များထုတ်လွှတ်မှုကို ဖြစ်ပေါ်စေသောကြောင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန် စစ်ဆေးပါ။ ထို့ကြောင့် စိတ်ဖိစီးမှုကို သက်သာစေသော အလေ့အကျင့်များနှင့် အသက်ပြင်းပြင်းရှူသော လေ့ကျင့်ခန်း များကို နေ့စဉ်ပုံမှန်လုပ်ဆောင်ခြင်းက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး စိတ်ကြည်လင်မှုကို မြှင့်တင်ပေးနိုင်ပါသည်။ တစ်နေ့တာအတွင်း စိတ်ဖိစီးမှု အသေးစားများကို စီမံခန့်ခွဲရန် မိနစ်အနည်းငယ်ခန့် အသက်ပြင်းပြင်းရှူခြင်း၊ စားပွဲတွင် ဖြည်းညင်းစွာ ဆန့်ထုတ်ခြင်း၊ လေကောင်းလေသန့်ရရန် အပြင်ထွက်လမ်းလျှောက်ခြင်းဖြင့် အာရုံကြောစနစ် ကို ဟန်ချက်ညီအောင်ပြန်ပြောင်းပေးနိုင်ပါသည်။
သွေးတွင်းသကြားဓာတ်ကိုပုံမှန်စစ်ဆေးခြင်း
နေ့စဉ်လုပ်ဆောင်မှုများ၊ အစားအစာ များနှင့်စိတ်ဖိစီးမှုများသည် သွေးတွင်းဂလူးကို့စ်အတက်အကျကို မည်ကဲ့သို့အကျိုးသက်ရောက်ကြောင်း သိရှိရန် သွေး တွင်းသကြားဓာတ်ပမာဏကို ပုံမှန် စစ်ဆေးရန် လိုအပ်ပါသည်။ အထူးသဖြင့် အစာစားချိန်နှင့် လေ့ကျင့်ခန်းလုပ်ချိန် များတွင် သွေးတွင်းဂလူးကို့စ်ပမာဏကို စစ်ဆေးခြင်းဖြင့် အစားအသောက်နှင့် လှုပ်ရှားမှုများသည် ခန္ဓာကိုယ်အပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်သည်ကို နားလည်စေပြီး ဆေး သို့မဟုတ် အစား အစာစားသုံးမှုနှင့်ပတ်သက်၍ ထိန်းညှိ ရန်ဆုံးဖြတ်ချက်များချနိုင်မည်ဖြစ်သည်။
သွေးချိုဆီးချိုဝေဒနာရှင်များအတွက် အဆင်ပြေသော လုပ်ငန်းခွင်ကိုပြုစုပျိုးထောင်ခြင်း
ယနေ့ခေတ်လုပ်ငန်းခွင် အဖွဲ့အစည်းများ၏ ပတ်ဝန်းကျင်တွင် သွေးချိုဆီးချိုရောဂါကို စီမံခန့်ခွဲရာတွင် ဝန်ထမ်းများနှင့် အလုပ်ရှင်များနှစ်ဖက်စလုံး၏ ပူးပေါင်း ဆောင်ရွက်မှုလိုအပ်ပါသည်။ အလုပ်ရှင်နှင့် ဝန်ထမ်းများကြားတွင် စီမံခန့်ခွဲမထား သော သွေးချိုဆီးချိုရောဂါသည် ဝန်ထမ်းများ ပျက်ကွက်မှုတိုးလာခြင်း၊ ကုန်ထုတ်စွမ်းအား ကျဆင်းခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုကုန်ကျစရိတ်များ မြင့်မား လာစေနိုင်သည်။ လာမည့်ဆယ်စုနှစ်များအတွင်း သွေးချိုဆီးချိုရောဂါနှင့်ပတ်သက်သော ကျန်းမာရေး စောင့်ရှောက်မှုစရိတ်များ မြင့်တက်လာမည်ဟု ခန့်မှန်းထားသဖြင့် လုပ်သားအင်အားစုအတွင်း စနစ် တကျ သွေးချိုဆီးချိုရောဂါ စီမံခန့်ခွဲမှုသည် ဝန်ထမ်းများ၏ သုခချမ်းသာကို တိုးတက်စေရုံသာမက ကုန်ထုတ်စွမ်းအား နှင့် အလုပ်ရှင်နှင့်ဝန်ထမ်းများကြား ထိတွေ့ဆက်ဆံမှုကိုလည်း မြှင့်တင်ပေးပါသည်။ ကျန်းမာရေးအရင်းအမြစ်များကို လက်လှမ်းမီနိုင်စေရန်နှင့် ဝန်ထမ်းများ ၏ကျန်းမာရေးကို တာဝန်ယူရန် ဆေးဘက်ဆိုင်ရာ ပံ့ပိုးကူညီမှုတို့ကို ဆောင်ရွက် ပေးခြင်းအပြင် သွေးချိုဆီးချိုဝေဒနာရှင်များနှင့် လိုက်ဖက်သောလှုပ်ရှားမှုများကို အားပေးရန်နှင့် လုပ်ငန်းခွင်တွင် ပြည့်စုံသော ကျန်းမာရေးမူဘောင် တစ်ခုဖန်တီး ခြင်းဖြင့် သွေးချိုဆီးချိုဝေဒနာရှင်များရှင်သန်နိုင်သည့် ပတ်ဝန်းကျင်ကိုပြုစု ပျိုးထောင်ပေးရန် လိုအပ်ပါသည်။
သွေးချိုဆီးချိုဝေဒနာရှင်များအတွက် အထိုင်များသော လုပ်ငန်းခွင်တွင် အဆင် ပြေစေရန် လူနေမှုပုံစံကိုပြန်လည်ပြင်ဆင် ခြင်းနှင့် နေ့စဉ်ပုံမှန်လုပ်ရိုးလုပ်စဉ်များတွင် ကျန်းမာရေးကို အထောက်အကူဖြစ်စေသော အသေးစား အလေ့အကျင့်များကို ပုံမှန်ပြုလုပ်စေခြင်း၊ အစားအသောက် လမ်းညွှန်ချက်များ ချမှတ်ပေးခြင်းနှင့်သွေးချိုဆီးချို ဝေဒနာရှင်များအတွက် သင့်တော်သောအာဟာရဓာတ်များ ပြည့်ဝသည့် အစားအသောက်များ လွယ်လင့်တကူ စားသောက်နိုင်စေရန် ဖြန့်ဝေပေးခြင်း၊ နှစ်စဉ် ပုံမှန်ကျန်းမာရေး စစ်ဆေးမှုများနှင့် သွေးတွင်းဂလူးကို့စ်ပုံမှန်စောင့်ကြည့်စစ်ဆေးမှု ပြုလုပ်ပေးခြင်းဖြင့် သွေးချိုဆီးချိုဝေဒနာရှင်တစ်ဦး၏ အစားအသောက်၊ လေ့ကျင့်ခန်းနှင့် ဆေးဝါးများကို အချိန်နှင့်တစ်ပြေးညီ ချိန်ညှိပေးနိုင်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် သွေးချိုဆီးချိုရောဂါသည် ကမ္ဘာတစ်ဝန်းရှိ လုပ်ငန်းခွင်အမျိုးမျိုးရှိ သန်းပေါင်းများစွာသော ဝန်ထမ်းများကို ထိခိုက်မှုရှိနေသည့် မကူးစက်နိုင်သော ရောဂါတစ်ခုဖြစ် ပြီး ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ခုဖြစ်လျက်ရှိသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့အတွက် ဆောင်ပုဒ်မှာ"Diabetes and the work-place; Know more and do more for diabetes at work" ဖြစ်ပြီး မြန်မာဘာသာဖြင့် "လုပ်ငန်းခွင် စွမ်းဆောင်ရည်မြင့်မားဖို့ ဆီးချိုကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများ အရှိန်မြှင့်ကြစို့"ဟု ဆီလျော် စွာပြန်ဆိုထားပါသည်။
သို့ဖြစ်၍ သွေးချိုဆီးချို ဝေဒနာရှင်များအတွက် အဆင်ပြေသော လုပ်ငန်းခွင်ကိုပြုစုပျိုးထောင်ရန် ရိုးရှင်းသောပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးခြင်းဖြင့်လုပ်ငန်းခွင် စွမ်းဆောင်ရည်မြင့်မားပြီးကျန်းမာပြည့်စုံသည့် လူနေမှုပုံစံတစ်ခု ကိုဖန်တီးနိုင်ကြောင်း ရေးသားတင်ပြ ခြင်းဖြင့် ယခုနှစ် "ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့" ကို ဂုဏ်ပြုလိုက်ရပါသည်။
