MSME စာရင်းဝင် ဝဥ၏တန်ဖိုးမြင့်ထုတ်ကုန်အမျိုးမျိုး ဝဥကြာဆံရဲ့ကောင်းကျိုးအဖြာဖြာ

Posted_Date

Image

MSME စာရင်းဝင် ဝဥ၏တန်ဖိုးမြင့်ထုတ်ကုန်အမျိုးမျိုး  ဝဥကြာဆံရဲ့ကောင်းကျိုးအဖြာဖြာ

Body

ဝဥကြာဆံက အစာခြေမှုလုပ်ငန်းစဉ် နှေးကွေးတာကြောင့် အစာပိုစားခြင်းကိုရှောင်ရှားဖို့ ကူညီပေးတဲ့အနေနဲ့ အချိန်ကြာကြာ ဗိုက်ပြည့်စေပါတယ်။ အူလမ်းကြောင်းမှာရှိတဲ့ ကျန်းမာတဲ့ဗက်တီးရီးယားပိုးတွေဟာ   အူလမ်းကြောင်း ကျန်းမာရေးကို တိုးတက်ကောင်းမွန်လာစေဖို့ ကူညီပေးနိုင်တဲ့ အမျှင်ဓာတ်ကို ကျွေးမွေးတာကြောင့်  အူလမ်းကြောင်းကျန်းမာရေးကို တိုးတက်စေပါတယ်။ ဝဥကြာဆံမှာ  ဗိုက်ပြည့် စေသော်လည်း သကြားဓာတ်၊ အဆီဓာတ်နဲ့ အာဟာရဓာတ်တွေ မပါရှိတာကြောင့် ဗိုက်ဝစေပြီးတော့ ကိုယ်တွင်းအချိုဓာတ်တွေကို လျော့ကျစေပါတယ်။ ဝမ်းချုပ်သူတွေ၊ သွေးတိုးဆီးချိုရှိသူတွေ၊   ကိုယ်အလေးချိန် ထိန်းလိုသူတွေအတွက်  အထူးသင့်လျော်တဲ့   ကျန်းမာရေးဓာတ်စာအဖြစ်  ဝယ်ယူစားသုံးကြပါတယ်။ ဆီးချိုရောဂါကုသဆေးတွေ၊ ဝမ်းရောဂါဆေးတွေနဲ့ သွေးတိုးရောဂါကုဆေးဝါးတွေ ထုတ်လုပ်တဲ့အခါမှာလည်း    ပါဝင်ပစ္စည်းများအဖြစ်  အသုံးဝင်တဲ့   အပင်မျိုးဖြစ်ပါတယ်။

ဝဥအခြောက်နဲ့ ဝတုံဟင်းလျာဘယ်လိုလုပ်သလဲ

ဝဥအခြောက်ပြုလုပ်ပုံလေးကို  အရင်တင်ပြပါမယ်။ ဝဥကိုတူးဖော်ပြီးတဲ့အခါ အပြားညီအောင် ဓားနဲ့ပါးပါးလှီးပြီး နေရောင်မှာ အခြောက်လှန်းရပါတယ်။ ဝဥအစိုခုနစ်ပိဿာခန့် အခြောက်လှန်းရင် ဝဥအခြောက်တစ်ပိဿာခန့် ရရှိပါတယ်။ ဝဥရဲ့ပြင်ပအခွံက အရောင်အမျိုးမျိုးရှိပေမယ့် ဝဥအတွင်းသားကတော့ အဖြူရောင်ပဲဖြစ်ပါတယ်။

ဝဥအခြောက်ကနေ  အသင့်စားလို့ရတဲ့   ဝတုံလုပ်နည်းကို ထပ်မံတင်ပြလိုပါတယ်။ ဝတုံလုပ်နည်း အဆင့်ဆင့်ရှိပါတယ်။ ပထမဆုံးအနေနဲ့ ကိုယ်ကြိုက်တဲ့ အရွယ်အစားရှိတဲ့   ဝဥတစ်လုံးကိုတူးယူပါ။

၅ဝ ကျပ်သားကနေ ၁ဝဝ ကျပ်သားအရွယ်လောက်ဆို အဆင်ပြေပါတယ်။ ဝဥကိုအခွံခြစ်ပြီးတော့ ရေစင်အောင်ဆေးပြီး  အစိတ်ငယ်လေးတွေဖြစ်အောင် ခွဲစိတ်ပြီးတဲ့အခါ   နူးအိအောင်ပြုတ်ရပါတယ်။

ပြုတ်ပြီးရင် ညက်အောင်  ဆုံနဲ့ထောင်းရပါမယ်။ ဒါမှမဟုတ် အသားကြိတ်စက်ဖြစ်စေ၊ အသီးဖျော်စက်မှာဖြစ်စေ   ရေနွေးအတူရောပြီးတော့   ကြေညက်အောင်ကြိတ်ပေးတဲ့အချိန်မှာ ရေနွေးနည်းလို့မရပါဘူး။ ကြိတ်ပြီးတဲ့ ဝဥအမှုန့်တွေကို ဇလုံထဲကိုပြောင်းထည့်ပြီး  ရေနွေးနဲ့နှံ့စပ်အောင်ထပ်မွှေရပါမယ်။

ထောင်းပြီးတဲ့ဝဥတွေကို  တချို့က ရေသန့်နဲ့ရောနယ်ကြပါတယ်။ ဝဥတစ်ပိဿာကို ရေသန့် ၅ လီတာအထိ မွှေပေးရပါတယ်။

နောက်တစ်ဆင့်မှာ ဝဥအစိုတစ်ပိဿာကို ထုံး ၂ ကျပ်ခွဲသားဖျော်ထည့်ပြီး ခပ်မြန်မြန်လက်နှစ်ဖက်နဲ့ ထပ်မွှေရမှာဖြစ်ပြီး ကွမ်းစားထုံးကိုသုံးမယ်ဆိုရင် ၂ ကျပ်ခွဲသားနဲ့  အိမ်ဆောက်ထုံးဆိုရင် ၁ ကျပ်သားကို ရေနွေးနဲ့ဖျော်ပြီး ထည့်မွှေပေးရတာဖြစ်ပါတယ်။ အားလုံးမွှေပြီးတဲ့အခါ ရေနွေးနဲ့စိမ်နှပ်ထားပြီး ကိုယ့်စိတ်ကြိုက် အရွယ်အစားလှီးပြီး   စားသုံးဖို့ အသင့်ဖြစ်နေတဲ့ ဝတုံလေးကိုရပြီ ဖြစ်ပါတယ်။ ဒီဝတုံလေးတွေကို ဝဥကြော်၊ ဝဥချဉ်ငန်စပ်သုပ်၊ ဝဥအချိုသုပ်၊ ဝဥဟင်းလျာတွေအဖြစ် အမျိုးမျိုးချက်ပြုတ်စားသုံးနိုင်ပါတယ်။

ဝဥဆန်ဆိုတာ ဝဥကြာဆံ ခေါ် ဝဥခေါက်ဆွဲဖတ်ကို   ဆန်စေ့ပုံစံသေးသေးလေးတွေဖြစ်အောင်လုပ်ထားပြီး ဈေးကွက်မှာ အဖြူစွတ်စွတ်အရောင်ကနေ ဆင်စွယ်ရောင်အထိ အမျိုးမျိုးတွေ့ရပါတယ်။

ဝဥဆန်မှာ ရေစိမ်ထားတဲ့ဆန်ထုပ်နဲ့  အခြောက်ထုပ်ဆိုပြီး နှစ်မျိုးရှိပါတယ်။     ရေစိမ်ထုပ်ကိုဖြစ်စေ၊ အခြောက်ထုပ်ကိုဖြစ်စေ ရေဆေးပြီး ရေနွေးပူပူထဲမှာ ၁၀ မိနစ်ကနေ ၁၅ မိနစ်အတွင်း ထည့်ပြုတ်ရပါတယ်။ ကျက်ရင် ဆယ်ယူပြီး ထမင်းပူပူလိုမျိုး စားသုံးနိုင်ပါတယ်။ တချို့ ဝဥဆန်ရေစိမ်ထုပ်တွေမှာ ၅ မိနစ်လောက်ပဲ အချိန်ပေးရပါတယ်။ 

ဝဥကြာဆံရဲ့ကောင်းကျိုးများ

မြန်မာလို   ဝဥကြာဆံတွေက အမျှင်ဓာတ်များပြီး  ကယ်လိုရီနည်းတဲ့  ခေါက်ဆွဲတွေဖြစ်တာကြောင့် အစာခြေစနစ်အတွက် အပါအဝင် ကျန်းမာရေးအကျိုးကျေးဇူးတွေကို  ပေးစွမ်းနိုင်ပါတယ်။ တစ်နည်းအားဖြင့် ဝဥကြာဆံဆိုတာ ဝဥကို အမှုန့်ပြုလုပ်ပြီး  ဆန်ခါစစ်ယူထားတဲ့ Glucomannan  အမှုန့်ကို ရေအဆ ၅၀ ခန့်နဲ့ရောပြီး    ကယ်စီယမ် ဆားရေနှင့်ရောစပ်ကာ ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ Glucomannan မှာ  ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်တဲ့ အမျှင်ဓာတ်တွေ မြင့်မားစွာပါဝင်နေတာကြောင့် ဝဥကြာဆံက လွန်ခဲ့တဲ့နှစ်နှစ်ခန့်မှစပြီး ဈေးကွက်အတွင်း ဝယ်ယူစားသုံးမှုများပြားလာတဲ့    စားသောက်ကုန်ပစ္စည်း တစ်မျိုးဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံနဲ့ ဂျပန်နိုင်ငံအပါအဝင် အာရှနိုင်ငံအများစုမှာ Diet ပြုလုပ်နေသူတွေအကြား

ရေပန်းစားလူကြိုက်များပြီး သုညခေါက်ဆွဲအမည်ဖြင့်လည်း  ကျော်ကြားပါတယ်။  ဒါကြောင့် ဝဥခေါက်ဆွဲတွေက ကယ်လိုရီပမာဏနည်းပါးသော်လည်း   အားဖြည့်ပေးတဲ့ ထူးခြားတဲ့အစားအစာတစ်ခုလို့ ဆိုကြပါတယ်။

ဝဥခေါက်ဆွဲ ခေါ် ဝဥကြာဆံ

တချို့က ဝဥခေါက်ဆွဲလို့ခေါ်ကြတဲ့ ဝဥကြာဆံက ဗိုက်ပြည့်စေသော်လည်း  သကြားဓာတ်၊  အဆီဓာတ်နဲ့ အာဟာရဓာတ်တွေ မပါရှိတာကြောင့် ဗိုက်ဝစေပြီးတော့ ကိုယ်တွင်းအချိုဓာတ်တွေကို  လျော့ကျစေပါတယ်။  ဝမ်းချုပ်သူတွေ၊  သွေးတိုးဆီးချိုရှိသူတွေနဲ့  ကိုယ်အလေးချိန်ထိန်းလိုသူတွေအတွက် အထူးသင့်လျော်တဲ့   ကျန်းမာရေး ဓာတ်စာအဖြစ် ဝယ်ယူစားသုံးကြပါတယ်။  ဝဥကြာဆံကို  မိမိတို့နှစ်သက်ရာ အသား အသီးအရွက်များနဲ့ ကြော်စားခြင်း၊ ပြုတ်စားခြင်း၊  သုပ်စားခြင်းတို့ပြုလုပ်နိုင်ပါတယ်။  ဝဥခေါက်ဆွဲက သွေးထဲက သကြားဓာတ်ပမာဏကို ထိန်းညှိပေးတာကြောင့်  ကျန်းမာရေးအတွက် အထူးသင့်တော်ပါတယ်။ ဝဥခေါက်ဆွဲကို ရေနွေးပူပူထဲမှာ အနည်းဆုံး ၁၅ မိနစ်ခန့်ပြုတ်ပြီး ရေနဲ့အေးအောင်ဆေးချပြီး ကြိုက်နှစ်သက်ရာနဲ့ရောပြီး သုံးဆောင်နိုင်ပါတယ်။   ဝဥခေါက်ဆွဲမှာ ရေဓာတ် ၉၇ ရာခိုင်နှုန်းနဲ့  Glucomannan အမျှင် ၃ ရာခိုင်နှုန်း ပါတာကြောင့် ကယ်လိုရီပမာဏ သုည ရာခိုင်နှုန်းဖြစ်ပြီး ဝိတ်မတက်စေတာ ဖြစ်ပါတယ်။

ဝဥကရတဲ့ Glucomannan Fiber Glucomannan အမျှင်က အလွန်ပျစ်သောအမျှင်ဖြစ်ပြီး Gel လေးမျိုးဖြင့် ရေကိုစုပ်ယူနိုင်ပြီး ပျော်ဝင်နိုင်တဲ့အမျှင်အမျိုးအစားဖြစ်ပါတယ်။ Glucomannan အမျှင်အပျစ်က Prebiotic အဖြစ်  လုပ်ဆောင်ပြီး အစာအိမ်အတွင်းနေထိုင်တဲ့ ဗက်တီးရီးယားတွေကို အစာကျွေးတဲ့အလုပ်ကို  လုပ်ဆောင် တာကြောင့် အစာအိမ် Flora သို့မဟုတ် Microbiota လို့ခေါ်ပါတယ်။ အဲဒီဗက်တီးရီးယားတွေက အူမကြီးရောင်ရမ်းမှုကို လျှော့ချနိုင်ကာ ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး အခြားသော  ကျန်းမာရေး အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါတယ်။  ကာဗိုဟိုက်ဒရိတ်များစွာကို မစားသုံးမီ Glucomannan ကို  သောက်သုံးခြင်းက ဆာလောင်မှုဟော်မုန်း Ghrelin ပမာဏကို လျော့ကျစေတယ်လို့ လေ့လာမှုတစ်ခုက  ဆိုထားပါတယ်။

ဒါကြောင့် Glucomannan က ကယ်လိုရီစားသုံးမှုကို လျော့ကျစေပြီး ကိုယ်အလေးချိန်ကျစေတဲ့ ပြည့်ဝတဲ့ ခံစားချက်ကို    မြှင့်တင်ပေးတာသေချာပါတယ်။

Glucomannan မှာ ဆီးချိုရောဂါနဲ့ အင်ဆူလင်ခံနိုင်ရည်ရှိသူတွေအတွက်  သွေးတွင်းသကြားဓာတ်နဲ့  အင်ဆူလင်ပမာဏကိုလည်း လျှော့ချပေးနိုင်ကြောင်းလည်း ပြသထားပါတယ်။

Glucomannan ဖြည့်စွက်စာ Glucomannan   ဖြည့်စွက်စာက  ဝမ်းချုပ်တဲ့ ကလေးတွေအတွက်  ဝမ်းသွားတဲ့ အကြိမ်ရေကို တိုးမြင့်စေနိုင်တယ်လို့ တွေ့ရပေမယ့် ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်းကို အောင်မြင်စွာ ကုသရာမှာတော့  သိသာတဲ့ အကျိုးသက်ရောက်မှု မရှိပါဘူး။  

အချို့သော သက်ကြီးသုတေသနပြုချက်တွေအရ Glucomannan က ကလေးနဲ့ လူကြီးတွေဝမ်းချုပ်ခြင်းအတွက် ထိရောက်တဲ့ကုသမှုတစ်ခု ဖြစ်တယ်လို့ ဆိုကြပါတယ်။  အချုပ်အားဖြင့် Glucomannan ရဲ့ ဝမ်းနှုတ်ဆေး အာနိသင်နဲ့  အူကျန်းမာရေးအတွက်   အကျိုးကျေးဇူးတွေကြောင့် ကလေးတွေနဲ့လူကြီးတွေရဲ့ ဝမ်းချုပ်တာကို   ထိရောက်စွာ ကုသနိုင်ပါတယ်။

ဝဥခေါက်ဆွဲရဲ့ဖြစ်နိုင်ခြေရှိတဲ့ ဘေးထွက်ဆိုးကျိုးများ

ဝဥက ကျန်းမာရေးအတွက်   ကောင်းကျိုးများပေမယ့် အစာခြေစနစ်ပြဿနာရှိသူတွေ၊ ရောဂါအခံရှိသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊  နို့တိုက်မိခင်တွေအနေနဲ့ ဝဥကို ဆရာဝန်နဲ့တိုင်ပင်ပြီးမှ စားသင့်ပါတယ်။ သာမန်လူတွေ အနေနဲ့လည်း  အလွန်အကျွံစားတာကို  ရှောင်ကြဉ်သင့်ပါတယ်။ ဝဥခေါက်ဆွဲက လူအများစုအတွက် ဘေးကင်းတယ်လို့ ယူဆထားကြပြီး ဖြစ်နိုင်ခြေရှိတဲ့ ဘေးထွက်ဆိုးကျိုး အများကြီးမရှိသော်လည်း လိုတာထက်ပိုစားရင်တော့ အသက်ရှူရခက်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းသွားခြင်း၊ အစာအိမ်အောင့်ခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ ဖောရောင်ခြင်း ကဲ့သို့သော အစာခြေလမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ အရေပြား နီမြန်းခြင်းနှင့် ရောင်ရမ်းခြင်း   စတဲ့ ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

 သွေးတွင်းသကြားဓာတ် ထိန်းပေးနိုင်တာကြောင့် ဝဥခေါက်ဆွဲမှာ ကယ်လိုရီနဲ့ကာဗိုဟိုက်ဒရိတ် အနည်းငယ်ပါရှိတဲ့ အံ့ဖွယ်ရှာဖွေတွေ့ရှိမှု တစ်ခုလို့ ထင်ရပေမယ့် အခြားအစားအစာများလိုပဲ ၎င်းတို့ကို အသင့်အတင့်စားသုံးဖို့ သတိပေးလိုပါတယ်။   ဝဥခေါက်ဆွဲကိုစားတဲ့အခါမှာ ရေများများသောက်ဖို့ အရေးကြီးပါတယ်။   ဩစတြေးလျနိုင်ငံမှာ ဝဥခေါက်ဆွဲကို စားသုံးဖို့ခွင့်ပြုခဲ့သော်လည်း အစာအိမ်နဲ့ဝမ်းသွားမှုကို အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ၁၉၈၆ ခုနှစ်မှာ ၎င်းကိုဖြည့်စွက်စာအဖြစ် စားသုံးဖို့ကို  တားမြစ်ခဲ့တာရှိပါတယ်။

ဝဥအကြောင်းအနှစ်ချုပ်

အချုပ်အားဖြင့် Zero Noddle ဖြစ်တဲ့ ဝဥကြာဆံ၊ ဝဥခေါက်ဆွဲက  ကယ်လိုရီပါဝင်မှုအလွန်နည်းတဲ့အပြင် အမျှင်တွေ အများကြီးပါလို့ နည်းနည်းစားရုံနဲ့ဗိုက်ပြည့်ပြီး အစာစားချင်စိတ်ကိုထိန်းပေးတာကြောင့် ဝိတ်ချ လိုသူတွေနဲ့ အထူးသင့်တော်တယ်။

ကိုယ်အလေးချိန်ကျခြင်းအတွက်လည်း အကျိုးရှိစေပါတယ်။  သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင်ကို လျှော့ချပေးလို့ ဆီးချိုသမားတွေ ထမင်းအစားထိုးစားနိုင်ပါတယ်။ ဒါတင်မကဘဲ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ကိုလက်စထရောပမာဏနဲ့ အစာခြေကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေရှိပါတယ်။  ကိုယ်တွင်းက ကိုလက်စထရောပမာဏကိုနည်းစေလို့ နှလုံးရောဂါနဲ့ လေဖြတ်တာတွေကာကွယ်နိုင်ပါတယ်။ အသားအရေကိုလှပစေပြီး လက်သည်းတွေအတွက်လည်း ကောင်းပါတယ်။   

ကိုယ်ခံအားကိုတိုးမြှင့်ပေးလို့ လူကြီးတွေစားဖို့သင့်တော်ပါတယ်။ အများစုက ဝဥကြာဆံကိုစားသုံးတဲ့အခါ ဘေးကင်းသော်လည်း  အချို့သူများအတွက်  အစာခြေဖျက်မှုပြဿနာ အနည်းငယ်ရှိနိုင်သလို အချို့သော ဆေးဝါးများရဲ့ စုပ်ယူမှုကိုလျှော့ချနိုင်တဲ့ ဘေးထွက်ဆိုးကျိုး အနည်းငယ်သာ ရှိပါတယ်။

ဝဥပင်က  ပန်းခိုင်ကရရှိတဲ့မျိုးဥတွေကိုဖြစ်စေ၊ မြေအောက်မှာရှိတဲ့ ဥပွားတွေကိုခွဲယူ၍ဖြစ်စေ၊ တစ်ပိဿာခန့်ရှိတဲ့ ဥတွေကိုခွဲခြမ်း၍ ဖြစ်စေ၊ အရွက်က သီးတဲ့မျိုးဥသီးတွေကို ဖြစ်စေနည်းအမျိုးမျိုးနဲ့ စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးချိန်ကနေ တူးဖော်တဲ့အချိန်ထိ ခြောက်လခန့်သာကြာမြင့်တဲ့   ကာလတိုအပင်မျိုးဖြစ်ပါတယ်။   မိသားစု အပိုဝင်ငွေအနေနဲ့ တစ်ဖက်တစ်လမ်းက အထောက်အကူပြုတဲ့အပင်ဖြစ်ပြီး   စနစ်တကျစိုက်ပျိုးရင်   အကျိုးဖြစ်ထွန်းမှု ပိုမိုများပြားတာဖြစ်လို့  တစ်နိုင်တစ်ပိုင် စိုက်ပျိုးတာကနေ စီးပွားဖြစ်အများအပြား စိုက်ပျိုးသင့်ပါတယ်။ ကျန်းမာရေးအာနိသင်များသည့်   စက်မှုကုန်ကြမ်းသီးနှံအဖြစ် ဘက်စုံအသုံးဝင်တဲ့ ဝဥပင်လေးတွေကို အခုထက်ပိုမိုစိုက်ပျိုးပြီး    အစိုအခြောက်အမျိုးမျိုး  ထုတ်လုပ်၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ(MSME)ရဲ့  တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်  ဈေးကွက်ချဲ့ထွင်တာမျိုးတွေ  ပြုလုပ် သင့်ပါကြောင်း  တင်ပြလိုက်ရပါတယ်။    ။

MWD