ပညာရေး အလင်းတံခါးများ

Posted_Date

Image

ပညာရေး အလင်းတံခါးများ

Body

နယ်စပ်ဒေသဟူသည်  သဘာဝအလှတရားများ ကြီးမားသော်လည်း ငြိမ်းချမ်းရေးအတွက် စိန်ခေါ်မှုများနှင့် ပညာရေးအတွက်   အခက်အခဲများ  တိုက်ရိုက်ကြုံတွေ့နေရသည့် ဒေသများဖြစ်သည်။

ထိုအခက်အခဲများအတွက် ကောင်းမွန်သည့်အနာဂတ်ကို ဖန်တီးပေးထားသည့် ပညာရေးအလင်းရောင် တံခါးပေါက်များရှိသည်။  ဤအရာမှာ  နယ်စပ်ရေးရာဝန်ကြီးဌာနမှ   ဖွင့်လှစ်ထားသော ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ   စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များပင်ဖြစ်သည်။

ထိုကျောင်းတော်ကြီးများမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးကဏ္ဍများကို   မြှင့်တင်ဖော်ဆောင်ပေးမည့် မျိုးဆက်သစ်လူသား အရင်းအမြစ်အလင်းတိုင်များအား  ဘက်စုံပညာရေးစနစ်ဖြင့်  လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိသည်။

ယခုဆိုလျှင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ  ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့   ငါးနှစ်သင်တန်းအမှတ်စဉ်(၇)၊   ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ    စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်) အမှတ်စဉ် (၂၁)နှင့် (၂၂)နှင့်ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)    အမှတ်စဉ် (၁၈)နှင့် AGTI ဒီပလိုမာသင်တန်းအမှတ်စဉ်(၁၉)တို့ သင်တန်းဆင်းပွဲ အခမ်းအနားများ ကျင်းပပြီးစီးခဲ့သည်မှာ လွန်ခဲ့သောရက် အနည်းငယ်မျှသာ ရှိပေဦးလိမ့်မည်ဖြစ်သည်။

အနာဂတ်အလင်းတိုင်များ

    အနာဂတ်တွင် ကျောင်းဆင်းကျောင်းသား တစ်ဦးသည် မြန်မာနိုင်ငံအနှံ့ စာသင်ကျောင်းများ၌ တိုင်းရင်းသားလူငယ်များ၏ ပညာရေးအလင်းရောင်ကို  ထွန်းညှိပေးနိုင်သော ဆရာကောင်း တစ်ဦးဖြစ်နေပေလိမ့်မည်။

အနာဂတ်တွင် ကျောင်းဆင်းကျောင်းသူ တစ်ဦးသည် မြစ်များကိုဖြတ်၍ တံတားတစ်စင်း   တည်ဆောက်ပေးနိုင်သော ဖြောင့်ဖြူးနေသည့် နိုင်ငံတော်လမ်းမကြီးများကို တာဝန်ယူဖောက်လုပ်ပေးနိုင်သော အင်ဂျင်နီယာကောင်း တစ်ဦးဖြစ်နေပေလိမ့်မည်။

အနာဂတ်တွင် ကျောင်းဆင်းကျောင်းသား၊  ကျောင်းသူတို့သည်  မိမိတို့ဘဝအတွက်သာမက မိမိဒေသအတွက်၊ မိမိတိုင်းရင်းသားများအတွက်၊  မိမိနိုင်ငံအတွက်အကျိုးပြုမည့် ဝန်ထမ်းကောင်းများအဖြစ် တာဝန်ထမ်းဆောင်နေပေလိမ့်မည်။ကျောင်းတော်ကြီးများမှ မွေးထုတ်ပေးလိုက်သော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးကဏ္ဍများကို  ဖော်ဆောင်ပေးမည့်   မျိုးဆက်သစ်လူသားအရင်းအမြစ် အလင်းတိုင်များဟုပင် ဆိုရပေမည်။

ပညာရေးအလင်းတံခါး

    ပညာရေးသည် လူသားမျိုးနွယ်၏ တိုးတက်မှုအတွက် အဓိကသော့ချက်တစ်ခုပင်ဖြစ်သည်။ ၎င်းသည် လူတစ်ဦးချင်းစီအတွက် ပိုမိုကောင်းမွန်သော ဘဝတစ်ခုသို့ ပို့ဆောင်ပေးနိုင်ခြင်း၊ လူ့ဘောင်အဖွဲ့အစည်း တစ်ခုလုံးကို ပိုမိုတိုးတက်ငြိမ်းချမ်းနိုင်ခြင်း၊ တရားမျှတသော အခြေအနေသို့  ရောက်ရှိနိုင်ခြင်းများဖြစ်စေသည်။

ပညာရေးသည် အလင်းတံခါးတစ်ချပ်ဖြစ်သည်။ ထိုတံခါးကိုဖွင့်လှစ်ခြင်းဖြင့် နိုင်ငံသားတို့၏ အသိပညာ၊ အတွေးအခေါ်နှင့်  အတတ်ပညာတို့ကိုရရှိပြီး   ပိုမိုတောက်ပသော   အနာဂတ်တစ်ခုကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ထိုတံခါးများကိုဖွင့်လှစ်နိုင်ရန်   နိုင်ငံတော်၊ နိုင်ငံသား၊ ဆရာ၊ ဆရာမနှင့်ကျောင်းသားများအားလုံးတွင်   တာဝန်ကိုယ်စီရှိပေသည်။“အသိပညာသည် အရာရာကိုအနိုင်ယူနိုင်သော စွမ်းအားဖြစ်သည်”ဟူသည့်အတိုင်း အခက်အခဲများ ရှိနိုင်သော်လည်း ပညာရေး၏ အလင်းရောင်သည်   ပိုမိုတိုးတက်သော နိုင်ငံတော်တစ်ခုဖြစ်လာစေမည်မှာအမှန်ပင်ဖြစ်သည်။

အထက်တန်းအောင်မြင်ပြီးသည့်နောက် မြန်မာနိုင်ငံ၌  မတ်လကဲ့သို့ခြောက်သွေ့သည့်ရာသီတွင်   အခြေခံပညာအထက်တန်းစာမေးပွဲကို ဖြေဆိုကြရသည်။ ဇွန်လ၊ ဇူလိုင်လကဲ့သို့သော မိုးတွင်းကာလမှာ  အောင်စာရင်းများထွက်သည်။အောက်တိုဘာလ၊ နိုဝင်ဘာလလိုဆောင်းအေးအေးမှာ တက္ကသိုလ်၊ ကောလိပ်များ စတင်တက်ရောက်ကြရသည်။

ထို့ကြောင့်  ကျောင်းသားဘဝတွင် စိတ်လှုပ်ရှားမှု အပေးဆုံးနှင့် ထူးခြားမှုအရှိဆုံးကာလသည် နွေရာသီအစနှင့် ဆောင်းရာသီအစကဲ့သို့ကာလများကို ရည်ညွှန်းရပေမည်။ ယခုအချိန်တွင်     အထက်တန်းအောင်မြင်ထားသည့်  ကျောင်းသား၊ ကျောင်းသူများအတွက်   တက္ကသိုလ်ရွေးချယ်ရန် အလုပ်များနေချိန်ဖြစ်၏။ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  မိမိတို့ဘဝတိုးတက် မြင့်မားလာစေရေးအတွက် မှန်ကန်သောရွေးချယ်မှုများ ဖြစ်စေရန်   ရင်ခုန်ဖွယ်ရာတွေးခေါ် မြော်မြင်စဉ်းစားမှုများဖြင့် အလုပ်များနေကြသကဲ့သို့  မိဘများမှာလည်း ကလေးအတွက်စဉ်းစားပေးလိုက်၊ တိုင်ပင်လိုက်နှင့် မိသားစုအတွင်း စိတ်လှုပ်ရှားဖွယ်အချိန်ကာလလည်းဖြစ်ပေသည်။

အဓိကအကျဆုံးအချက်မှာ  ကာယကံရှင်  ကျောင်းသား၊ ကျောင်းသူများ၏ မွေးရာပါဗီဇ၊ ပါရမီနဲ့ဝါသနာပင်ဖြစ်သည်။ နောက်တစ်ချက်မှာ    ကျောင်းသား၊ ကျောင်းသူများ၏ ဆန္ဒပြင်းပြမှုနဲ့ စိတ်ပါဝင်စားမှုပင်ဖြစ်သည်။ထို့ပြင် ရရှိမည့်ဘွဲ့၊ ဒီဂရီကိုအခြေခံပြီး သေချာသောအနာဂတ်ကောင်း ဖန်တီးနိုင်မှု၊  နိုင်ငံအတွက်  အကျိုးပြုနိုင်မှုဆိုသည့်အချက်များကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

ကောင်းမွန်သည့်ရည်ရွယ်ချက်

     နယ်စပ်ရေးရာဝန်ကြီးဌာနက တိုင်းရင်းသားများအတွက် တက္ကသိုလ်/ကောလိပ်များဖွင့်လှစ်ထားသည်။ ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်မှာ  ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည်  ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသည့် လူငယ်များဖြစ်လာစေရန်၊ ဒို့တာဝန်အရေးသုံးပါးကို   သက်ဝင်ယုံကြည်၍ ထိန်းသိမ်းစောင့်ရှောက်သော လူငယ်များဖြစ်လာစေရန်၊  အဆင့်မြင့်တက္ကသိုလ်ပညာရပ်များ တတ်မြောက်၍  ကျောင်းဆင်းပြီးသွားပါက  မိမိဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကျရာကဏ္ဍမှ တက်ကြွစွာပါဝင် ဆောင်ရွက်နိုင်စေရန်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားလူမျိုးများ၏  လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် ဆောင်ရွက်လိုသည့် စိတ်ဓာတ်ထက်သန်စေရန်၊   အေးချမ်းသာယာ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်စေသော နိုင်ငံတော်အဖြစ်တည်ဆောက်ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်လိုသည့် စိတ်ဓာတ်များ   မွေးမြူပေးရန်တို့ဖြစ်သည်။

ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့်ကောလိပ်

     ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သည် အရည်အသွေးမြင့်မားသည့် ပညာရေးဝန်ထမ်းကောင်းများဖြစ်ထွန်းအောင် လေ့ကျင့်ပျိုးထောင်ပေးနေသော  စစ်ကိုင်းမြို့၌တည်ရှိသည့် တက္ကသိုလ်ကြီးဖြစ်သည်။ မူလတန်းဆရာအတတ်သင်တန်း၊ အထူးမူလတန်းဆရာအတတ်သင်တန်း၊  အလယ်တန်းဆရာအတတ်သင်တန်း၊ ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း၊ ပညာရေးဘွဲ့ပေါင်းကူး သင်တန်း၊ ပညာရေးဘွဲ့သင်တန်း၊ မဟာဒဿန(ပညာရေး) ဘွဲ့သင်တန်းနှင့် မဟာပညာရေးဘွဲ့သင်တန်း   စသည့် ပညာရေးသင်တန်းများ   ဖွင့်လှစ်ကာ သင်ကြားပေးလျက်ရှိသည်။ ငါးနှစ်တာသင်တန်း ကာလပြီးဆုံးပါက   အထက်တန်းပြ  ဆရာ၊ ဆရာမများ ခန့်အပ်ပေးသည်။

ရန်ကုန်နှင့်စစ်ကိုင်းတို့တွင်  ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များ   တည်ရှိသည်။ ကောလိပ်များတွင်   ဝိဇ္ဇာဘွဲ့(မြန်မာ၊ ပထဝီ၊ သမိုင်း)၊ သိပ္ပံဘွဲ့(သင်္ချာ၊ ဓာတု၊ ရူပ)၊ အင်ဂျင်နီယာဘွဲ့(မြို့ပြ၊ အီလက်ထရောနစ်၊ စက်မှု၊ လျှပ်စစ်စွမ်းအား)ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။ ဝိဇ္ဇာ/သိပ္ပံဘွဲ့များအတွက် လေးနှစ်၊    အင်ဂျင်နီယာဘွဲ့အတွက် သုံးနှစ်ကာလဖြစ်သည်။ ဘွဲ့ရရှိပြီးပါက ဝန်ကြီးဌာနများတွင် အကြီးတန်းစာရေး၊ အငယ်တန်းအင်ဂျင်နီယာ(၃) ရာထူးများ ခန့်အပ်ပေးလျက်   နိုင်ငံအနှံ့တာဝန်ထမ်းဆောင်လျက်ရှိသည်။

အရည်အချင်းသတ်မှတ်ချက်

     ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့်   ဖွံ့ဖြိုးရေးဒီဂရီကောလိပ်အတွက်  ဝင်ခွင့်အရည်အချင်း  သတ်မှတ်ချက်များရှိသည်။ တိုင်းရင်းသားမိဘနှစ်ပါးမှမွေးဖွားသော နိုင်ငံသားဖြစ်ရမည်။ နိုင်ငံတော်အပေါ် သစ္စာရှိသူဖြစ်ရမည်။   ဒို့တာဝန်အရေးသုံးပါးကို လေးစားလိုက်နာသူဖြစ်ရမည်။ နိုင်ငံတော်အပေါ်ချစ်မြတ်နိုး၍ တိုင်းရင်းသားများ၏   လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရှင်သန်စေပြီး  တိုင်းရင်းသား အချင်းချင်းအကြား အပြန်အလှန်နားလည် လေးစားသူဖြစ်ရမည်။

ရေးဖြေ၊ လူတွေ့၊ ဆေးစစ်

    နေပြည်တော်ကောင်စီနယ်မြေ တိုင်းဒေသကြီး/ပြည်နယ်များနှင့်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများမှပြုလုပ်သည့်   ဝင်ခွင့်စာမေးပွဲ(ရေးဖြေ၊ လူတွေ့) ဖြေဆိုအောင်မြင်ရန်လည်း လိုအပ်သည်။နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း   အောင်မြင်သည့် ကျောင်းသား၊  ကျောင်းသူများလည်း ဝင်ရောက်ဖြေဆိုနိုင်ပြီး အောင်မြင်သူများကိုသာ ရွေးချယ်လက်ခံသည်။ ရေးဖြေ၊ လူတွေ့အောင်မြင်ပြီးပါက ဆက်လက်၍ ဆေးစစ်ရမည်။ ဆေးစစ်ချက်မအောင်မြင်လျှင်လည်း တက်ရောက်ခွင့် မရနိုင်ပါ။ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူအဖြစ် ရွေးချယ်ခြင်းမခံရပါက နစ်နာမှုမရှိစေရေးအတွက်  အခြားတက္ကသိုလ်၊ ကောလိပ်များသို့ ကြိုတင်လျှောက်ထားနိုင်သည်။

အခြားသတ်မှတ်ချက်များ

     လျှောက်ထားသူသည်  သတ်မှတ်သည့်နှစ် ဇန်နဝါရီလ ၁ ရက်တွင် အသက် ၂၀ နှစ် ခြောက်လထက်မကျော်လွန်သူဖြစ်ရမည်။    ကျောင်းသားများသည် အနည်းဆုံး အရပ် ၅ ပေ ၂ လက်မနှင့်အထက်၊  ကျောင်းသူများသည် အနည်းဆုံး အရပ် ၅ ပေရှိရမည်။ကျောင်းသားများသည် ကိုယ်အလေးချိန် အနည်းဆုံး ပေါင် ၁၀၀၊ ကျောင်းသူများသည်  အနည်းဆုံး ၉၅ ပေါင်ရှိရမည်။ အရပ်အမြင့်အလိုက် ရှိသင့်သော ကိုယ်အလေးချိန်အပြင် Body Mass Index (BMI)နှင့်လည်းကိုက်ညီရမည်ဖြစ်သည်။တက်တူး (ဆေးမင်ကြောင်) ထိုးထားသူများနှင့် သင်တန်းတက်ရောက်ရန် ဆန္ဒမရှိသူများအား ပြန်လည်စေလွှတ်သည်။ ၎င်းကျောင်းသား၊  ကျောင်းသူနေရာ၌ အစားထိုးရွေးချယ်ပေးမည် မဟုတ်ပါ။

အိမ်ထောင်မပြုဖူးသူ လူပျို၊ အပျိုဖြစ်ရမည်။ အမျိုးသားဆန်သော အမျိုးသမီး သို့မဟုတ် အမျိုးသမီးဆန်သော အမျိုးသား မဖြစ်စေရပါ။ ရပ်ရွာ၏လူမှုရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်  စိတ်ဝင်စားသူဖြစ်ရမည်။    ပြည်ထောင်စု တိုင်းရင်းသားဖြစ်ပြီး  သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားကို  တတ်ကျွမ်းရမည်။  

တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့်   အမှတ်စာရင်းမူရင်းတင်ပြနိုင်ရမည်။အရေးကြီးဆုံးအချက်မှာ ဘွဲ့ရရှိပြီးပါက နိုင်ငံတော်ကပေးအပ်သော တာဝန်နှင့်စေလွှတ်ရာ ဒေသသို့ ဦးလည်မသုန် သွားရောက်တာဝန် ထမ်းဆောင်လျက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ပါမည်ဟု ကတိပြုသူဖြစ်ရမည်။

နိုင်ငံတော်မှပေးအပ်သော တာဝန်ထမ်းဆောင်ခြင်းမှ   ပျက်ကွက်ပါက ဝန်ထမ်းဆိုင်ရာ   တည်ဆဲဥပဒေနှင့် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ကိုယ်တိုင်ဝန်ခံကတိပြု    လက်မှတ်ရေးထိုးရသည်။ မိဘအုပ်ထိန်းသူများမှ အာမခံကတိပြု လက်မှတ်ရေးထိုးရမည်။ သက်ဆိုင်ရာမြို့နယ်၊ တိုင်းဒေသကြီး/ ပြည်နယ်   အုပ်ချုပ်ရေးအဖွဲ့အစည်းမှလည်း ထောက်ခံရမည်။ ကိုယ်ပိုင်အထက်တန်းကျောင်း/ ဘော်ဒါဆောင်များတွင် အောင်မြင်သူများ လျှောက်ထားခွင့်မရှိပါ။

ကျောင်းတော်ကြီးများ၌ ရေးဖြေ၊ လူတွေ့၊ ဆေးစစ်ချက်များအောင်မြင်ပြီးပါက  ဤကျောင်းတော်များတွင် တက်ရောက်သင်ကြားခွင့်ရပေပြီ။  ဤတက္ကသိုလ်/ကောလိပ်များသည်  စာပေအတတ်ပညာ၊ အသိပညာများ ဖြန့်ဖြူးသင်ကြားပေးသကဲ့သို့   လူမှုဆက်ဆံရေးပေးသည့် ဌာနသဖွယ်လည်းဖြစ်သည်။ ကျောင်းတွင် ယောက်ျားလေးများနှင့် မိန်းကလေးများ တွေ့ဆုံဆက်ဆံ၍  တစ်အူထုံ့ဆင်းမောင်နှမအရင်းပမာ သိကျွမ်းခင်မင်ကြ၏။  တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ ဆုံစည်းကြ၏။ ဤသို့ဖြင့် တစ်ဦးအပေါ်တစ်ဦး နားလည်မှုရှိလာကြ၏။ အပြန်အလှန်ခင်မင်ကြ၏။ တစ်ဦးနှင့်တစ်ဦးကူညီကြ၏။  ထိုကလေးများ ကျောင်းဆင်းသွား၍ နိုင်ငံ့တာဝန်၊ ဒေသတာဝန်များကို ထမ်းဆောင်ရသည့်အခါ ကျောင်းတွင်ရခဲ့သော   ခိုင်မာသည့်စိတ်ဓာတ်နှင့် အလေ့အထကောင်းများကြောင့် ပိုမိုအသိကြွယ်ကြ၏။ တိုးတက်သောအမြင်များရှိကြသည်။ စည်းလုံးမှုလည်း ပိုမိုအားကောင်းခဲ့သည်။

ကျောင်းတော်ကြီးများမှ သူတို့၏စိတ်ကို ဖန်တီးပုံသွင်းပေး၏။ ကောင်းမွန်သော စံနမူနာများကိုသာ သင်ကြားပေး၏။ အပြုသဘောဖြစ်သော  လူ့တန်ဖိုး၊ ယဉ်ကျေးမှုများ၊ စံနှုန်းများ၊ အမျိုးသားရေးဘဝမှ အဖိုးတန်သော အဖြစ်အပျက်သာဓကများ၊ တိုင်းရင်းသားတို့၏ဓလေ့ထုံးစံများ၊ မှန်ကန်သော စိတ်ထားသဘောတရားများ၊ သမိုင်းရာဇဝင်များကို ပြဋ္ဌာန်းပေးထားသည်။

ထို့ကြောင့် အဖျက်စိတ်၊ အရိုင်းအစိုင်းစိတ်၊ မုန်းတီးမှု၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ ဘာသာရေးတစ်ခုနှင့်တစ်ခု  သဘောထားကွဲလွဲစေသော၊ အထင်အမြင်လွဲမှားစေသော၊  လူမျိုးကြီးဝါဒကို  အားပေးသော၊ မှားယွင်း၍နည်းမကျသော အစွဲအလမ်းများ   ကင်းစင်စေနိုင်သည်။ တစ်နည်းအားဖြင့်  စိတ်ပိုင်းဆိုင်ရာ အားနည်းချက်များကို တန်ဖိုးမြှင့်တင်ပေးလျက်ရှိသည်။

တက္ကသိုလ်/ကောလိပ်များမှ မွေးထုတ်ပေးလိုက်သော  ဆရာ၊  ဆရာမများ၊ ဝန်ထမ်းလောင်းများသည်  ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများအဖြစ်သာမက တာဝန်ကျရာ နိုင်ငံအနှံ့နှင့်နယ်စပ်ဒေသ အသီးသီး၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက်  ဘက်စုံ၊ ထောင့်စုံမှပါဝင်ဆောင်ရွက်သူများဖြစ်အောင် လေ့ကျင့်ပျိုးထောင် ပေးခဲ့ခြင်းပင်ဖြစ်သည်။

ပြည်ထောင်စုစိတ်ဓာတ် ပြန့်ပွားရေး

     တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသော မိမိတို့နိုင်ငံအနေဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊  အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး၊  ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားရေးတို့အတွက် ထာဝစဉ်ကြိုးစား တည်ဆောက်နေရမည်ဖြစ်သည်။ယင်းသို့ ကြိုးပမ်းတည်ဆောက်ရာတွင်  “နယ်စပ်ဒေသများတွင် လူမှုစီးပွားဘဝ အခြေခံအဆောက်အဦများ အမြန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များ ထူးချွန်ထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေရန်”  လုပ်ငန်းများကို အမျိုးသားရေး တာဝန်အဖြစ်ခံယူ၍ အရှိန်အဟုန်ဖြင့်  ဆောင်ရွက်သွားရပေမည်။

ဒီမိုကရေစီအောင်မြင်ရေးနှင့်   ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၏ကဏ္ဍသည် အဓိကကျလှသည်။  

ပညာရေးနှင့်လူ့ဘောင်အဖွဲ့အစည်း ပညာရေးသည်  လူတစ်ဦးချင်းစီ၏ ဘဝကိုသာမက၊ လူ့ဘောင်အဖွဲ့အစည်းတစ်ခုလုံးကိုပါ တိုးတက်ပြောင်းလဲစေနိုင်သည်။ ပညာတတ်လူ့ဘောင်သည်  ပိုမိုဖွံ့ဖြိုးတိုးတက်သော၊ တရားမျှတသော၊ ငြိမ်းချမ်းသောအဖွဲ့အစည်း တစ်ခုဖြစ်လာပေလိမ့်မည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု။    နိုင်ငံတစ်နိုင်ငံ၏စီးပွားရေးသည်  ပညာတတ်လူ့စွမ်းအား   အရင်းအမြစ်များအပေါ် အဓိကမူတည်သည်။ ပညာတတ်များသည် နည်းပညာမြင့်လုပ်ငန်းများ၊ သုတေ သနနှင့် တီထွင်မှုလုပ်ငန်းများတွင် ပါဝင်နိုင်ပြီး  နိုင်ငံ၏စီးပွားရေးကိုမြှင့်တင်ပေးနိုင်သည်။ ပညာရေးကောင်းမှသာ နိုင်ငံတစ်နိုင်ငံသည် ဆင်းရဲတွင်းမှရုန်းထွက်ပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ်သို့ ကူးပြောင်းနိုင်မည်ဖြစ်သည်။

လူမှုရေးတိုးတက်မှု။  ပညာရေးသည်  လူမှုရေးဆိုင်ရာပြဿနာများကို နားလည်ပြီး ဖြေရှင်းနိုင်စေရန် ကူညီပေးသည်။ ပညာတတ် များပြားလာသည်နှင့်အမျှ  လူ့ဘောင်အတွင်း သာတူညီမျှမှု၊ တရားမျှတမှု၊ ပညာရေးအခွင့်အလမ်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော အရေးကြီးသည့်ကဏ္ဍများတွင်   ပိုမိုတိုးတက်မှုများ ရရှိလာမည်ဖြစ်သည်။

နိုင်ငံရေးတည်ငြိမ်မှု။ ပညာတတ်ပြည်သူများသည် နိုင်ငံရေးဖြစ်စဉ်များကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပြီး ၎င်းတို့၏ရပိုင်ခွင့်နှင့် တာဝန်များကို သိရှိနားလည်ကြသည်။ ပညာတတ် အဖွဲ့အစည်းသည် တာဝန်ယူမှုရှိသောခေါင်းဆောင်များကို   ရွေးချယ်နိုင်ပြီး   နိုင်ငံရေးစနစ်ကို   ပိုမိုပွင့်လင်းမြင်သာအောင် ပြောင်းလဲရန် တွန်းအားပေးနိုင်သည်။

အကြီးအကဲလမ်းညွှန်ချက်

     နိုင်ငံတော်အကြီးအကဲက   ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်  ပညာရေးဘွဲ့  ငါးနှစ်သင်တန်းအမှတ်စဉ်(၇)မှ ကျောင်းသား၊ ကျောင်းသူများကို အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းက တွေ့ဆုံအမှာစကား ပြောကြားရာတွင် “နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၏  အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်များ   ပေါများခြင်းပင်ဖြစ်ကြောင်း၊    နိုင်ငံတော်အနေဖြင့်လည်း   အသိပညာ၊ အတတ်ပညာပြည့်စုံသည့်  ပညာတတ်များဖြင့် သာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ရန် ဦးတည်ဆောင်ရွက်လျက်ရှိပြီး  အရည်အသွေးပြည့်ဝသည့်   ဘက်စုံပညာရေးစနစ် တိုးတက်ဖြစ်ပေါ်ရေးကိုလည်း  ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာရေးနှင့် ပတ်သက်ပါက အားနည်းချက်ရှိခဲ့ခြင်းကြောင့်  ဒေသအချို့တွင်  ဖွံ့ဖြိုးတိုးတက်မှုများ    နောက်ကျနေခြင်းကိုလည်း  တွေ့မြင်နေရမည်ဖြစ်ကြောင်း။

နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ရေးသည်  ပြည်ထောင်စုသားအားလုံး၏ မွေးရာပါတာဝန်ဖြစ်ခြင်းကြောင့် နိုင်ငံသူ၊  နိုင်ငံသားအားလုံးက   စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ် အရင်းခံကာ  နိုင်ငံတော်ကို  ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ထိန်းသိမ်း သွားကြရန်လိုကြောင်း၊  မိမိတို့နိုင်ငံအတွက်  အသက်တမျှအရေးကြီးသည့်   ပြည်ထောင်စုစိတ်ဓာတ်ကို  မောင်တို့မယ်တို့အနေဖြင့်   အမိဖွံ့ဖြိုးရေးတက္ကသိုလ်တွင် အတူတကွပညာ သင်ကြရင်းဖြင့် ရင်ထဲတွင်စွဲမြဲခံယူကြပြီးဖြစ်သည်ဟုလည်း    ယုံကြည်ကြောင်း၊ ထို့ကြောင့် မောင်တို့မယ်တို့အနေဖြင့်    ဖွံ့ဖြိုးရေးတက္ကသိုလ်ကျောင်းဆင်းများ ပီသစွာ မိမိတို့တာဝန်ကျရာ ဒေသများတွင်   တိုင်းရင်းသားပြည်သူများအကြား  ပြည်ထောင်စုစိတ်ဓာတ်   ရှင်သန်ထွန်းကားလာပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံးချစ်ခင်ညီညွတ်လာအောင် စည်းရုံးဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ရည်မှန်းထားသည့်  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရန်အတွက် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် အရေးကြီးကြောင်း၊ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိရန် ပြည်သူလူထု၏စစ်မှန်သည့် လိုလားချက်ဖြစ်သော   လွတ်လပ်ပြီးတရားမျှတသည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဖြစ်စေရန်နှင့် ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရန်ကိုလည်း ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့်    မောင်တို့မယ်တို့အနေဖြင့်  လွတ်လပ်ပြီး တရားမျှတမှုရှိသည့် ရွေးကောက်ပွဲကို   သတ်မှတ်ကာလအတွင်း  အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်  တိုက်တွန်းမှာကြားလိုကြောင်း”လမ်းညွှန်ပြောကြားခဲ့သည်။

အခြေခံအုတ်မြစ်ကောင်း

     ဆိုရသော်    ပညာရေးဟူသည် လူ့ဘောင်အဖွဲ့အစည်းတစ်ခု၏ အခြေခံအုတ်မြစ်ပင်ဖြစ်သည်။ ထိုအုတ်မြစ်ခိုင်မာမှသာ နိုင်ငံတစ်နိုင်ငံအနေဖြင့် ဤတိုးတက်ပြောင်းလဲမှုကို ရင်ဆိုင်နိုင်မည်ဖြစ်သည်။ ပညာရေးသည် အတွေးအခေါ်၊ အသိပညာနှင့် အတတ်ပညာတို့ကို အလင်းတံခါးပမာ ဖွင့်လှစ်ပေးကာ နိုင်ငံသားတို့၏ဘဝကို အဓိပ္ပာယ်ရှိစေပေလိမ့်မည်။

ထို့ပြင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော တက္ကသိုလ်/ ကောလိပ်များမှ ကျောင်းဆင်းတိုင်းရင်းသား လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ပိုမိုခိုင်မာစေခဲ့ပေပြီ။ အတွေးအမြင်ကျယ်ခဲ့ပေပြီ။ ထိုသို့ အသိပညာကြွယ်ဝလာသည်နှင့်အညီ အမှား/အမှန်ကို  ခွဲခြားနိုင်ပြီး   ပိုမိုကောင်းမွန်သည့်   နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်တည်ငြိမ်ရေးအတွက် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ပါလိမ့်မည်။ အနာဂတ်အတွက် လမ်းပြကြယ်ပွင့်လေးများဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ကျောင်းတော်ကြီးများသည် ပိုမိုကောင်းမွန်သည့်နိုင်ငံတော်၏ အနာဂတ်ကောင်းများစွာကို ဖန်တီးပေးနိုင်သော တိုင်းရင်းသားလူငယ်များ၏ ဘဝကိုတောက်ပစေသော  အစွမ်းထက်သည့် အခြေခံအုတ်မြစ်ကောင်း ပညာရေး အလင်းတံခါးချပ်များပင်ဖြစ်ကြောင်း  တင်ပြလိုက်ရပါသည်။    ။