အသက်အရွယ်ကြီးသူများ အခါးများများစားပါ

Posted_Date

Image

အသက်အရွယ်ကြီးသူများ အခါးများများစားပါ

Body

လူသားတို့  အသက်ရှည်ရန် အားနှစ်မျိုးလိုအပ်သည်။ ထိုအားနှစ်မျိုး မှာ သွေးအားနှင့် လေအားတို့ဖြစ်သည်။ ဓာတ်သဘောအားဖြင့်ဆိုလျှင် သွေးသည်  အာပေါဓာတ်ဖြစ်ပြီး  လေသည်  ဝါယောဓာတ်ဖြစ်သည်။ ဆန့်ကျင်ဘက်ဓာတ်နှစ်မျိုးဖြစ်သည်။  ထိုဆန့်ကျင်ဘက်ဓာတ်နှစ်မျိုး ပေါင်းစပ်ကာ သွေးဟူသောအာပေါဓာတ်က တွန်းပို့လျက်ရှိပေသည်။

ဆန့်ကျင်ဘက်ဓာတ်နှစ်မျိုးပေါင်းလျှင် အကျိုးရှိသည်ကို  ခန္ဓာကိုယ်တွင်းက သက်သေပြလျက်ရှိပေသည်။အသက်ကြီးလာသောအခါ သွေးအားယုတ်လာသည်ဟု ပြောစမှတ် ပြုကြသည်။ အမှန်က သွေးက ခန္ဓာကိုယ်အတွင်းတွင် အပြည့်ရှိသည်။

သွေးကိုတွန်းပို့ပေးမည့်   ဝါယောဓာတ်က    အားယုတ်လာခြင်းကြောင့် အားနည်းလာခြင်းဖြစ်သည်။ သွေးထောက်ပံ့မှု မရောက်ရှိသောလက္ခဏာကို အစွန်အဖျားနေရာများမှ ပြသည်။  ငယ်ထိပ်တွင် ဆံပင်များကျွတ်ပြီး ပြန်မပေါက်တော့သောကြောင့် ထိပ်ပြောင်လာသည်။ ခြေထောက် ရှိ ခြေသန်း၊ ခြေသူကြွယ်ခြေချောင်းလေးများတွင် အက်ကွဲကြောင်းများဖြစ်ပေါ်လာသည်ကို  တွေ့ရမည်ဖြစ်သည်။  ခန္ဓာကိုယ်အရေပြားတွင် အက်ကွဲရာများပေါ်လာသည်ကို တွေ့ရမည်ဖြစ်သည်။

အသက်ကြီးလာလျှင်    လေဆက်စေရန်   အခါးစားပေးရမည်ဟု ရှေးလူကြီးများကဆိုသည်။ အခါးဟူရာတွင်လည်း နှစ်မျိုးရှိသည်။ ပူခါး နှင့်  အေးခါးဟူ၍ အာယုဗ္ဗေဒဆေးကျမ်းများတွင် တမာအခါးကိုလည်း ကောင်း၊ မုရားကြီးရွက်အခါးကို လည်းကောင်း၊ တောင်မရိုးအခါးကို လည်းကောင်း ဝါး၍ လျှာဖြင့်စမ်းကြည့်သောအခါ  အပူခါးအရသာကို တွေ့ရမည်ဖြစ်သည်။ တမာအခါးမှာ ပိုးကိုနိုင်သည်။ တောင်မရိုးအခါး မှာ အဖျားကိုနိုင်သည်။ မုရားကြီးရွက်အခါးမှာ ပန်းနာ၊ ချောင်းဆိုးနှင့် အဆုတ်နာရောဂါအမျိုးမျိုးတို့ကို နိုင်သည်ဟုဆိုသည်။

ခွေးတောက်ရွက်သည်လည်း   ပူခါးမျိုးဖြစ်သည်။  လူကြီးများတွင် ဖြစ်သော အညောင်းများသည့် ပါဒရက်ရောဂါအမျိုးမျိုးကိုနိုင်သဖြင့် ခွေးတောက်ရွက်ဟင်းချိုကို  ကြက်ရိုးဖြင့်ချက်၍  ရှေးဆရာကြီးများက ဓာတ်စာပေးသည်ကို တွေ့ရဖူးသည်။

ရှေးလူကြီးများသည်   လက်ဖက်စစ်စစ်ကို  နှမ်းဆီဖြင့်စိမ်ပြီး နေ့လယ်ထမင်းစားပြီးတိုင်း အနည်းငယ်စားပေးကြသည်။ လူကြီးများအတွက် လေဆက်ပြီး အသက်ရှည်စေသောဆေးဖြစ်သည်ဟု ဆိုသည်။ လက်ဖက်သည်  အေးခါးအရသာဖြစ်သဖြင့် ပူခါးအရသာဖြစ်သွားအောင် နှမ်းဆီဖြင့်စိမ်စားခြင်းဖြစ်သည်။  အသက်ရာကျော်ရှည်သောဘိုးဘွားများသည် ဤဓာတ်စာကို စားခဲ့ကြသည်ဟု မှတ်သားရဖူးသည်။

လေမသက် အနေခက်၊ လေမစုန် ငွေကုန်ဟု ရှေးလူကြီးများပြောကြသည်။ လူကြီးများအတွက် ကျန်းမာရေးမှာ လေကအရေးကြီးဆုံးဖြစ်သည်ဟုဆိုသည်။ လေလည်ခြင်းကို ရှက်စရာဟုယူဆကြသော်လည်း လေလည်နေသည့်လူကြီးများမှာ ကျန်းမာနေသည်ကို တွေ့ရပေသည်။ ဆေးပညာအရလည်း အသက် ၆၅ နှစ်ကျော်လျှင် လေအရွယ်ရောက်ပြီ ဖြစ်သဖြင့် လေဆက်မည့်ဓာတ်စာများ စားပေးသင့်ကြောင်း ရေးသား လိုက်ရပါသည်။

MWD