ခြေလှမ်း ၁၀၀၀၀ အစ ဒီဇင်ဘာအားကစားလ

Posted_Date

Image

ခြေလှမ်း ၁၀၀၀၀ အစ ဒီဇင်ဘာအားကစားလ

Body

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်အနက်  တတိယအချက်ဖြစ်သော နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး ဟူသောဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် ပြည်သူအများပါဝင်သော လူထုစုပေါင်း လမ်းလျှောက်ပွဲများနှင့် စုပေါင်းအားကစား လှုပ်ရှားမှုများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်စဉ် ဒီဇင်ဘာလတိုင်း ကျင်းပလျက်ရှိသည်။

ပြည်သူများအနေဖြင့် ကျန်းမာကြံ့ခိုင်ပြီး အသက်ရှည်ကျန်းမာ လန်းဖြာမှသာ မိမိတို့၏ နိစ္စဓူဝအမှုကိစ္စများကို  တက်ကြွရွှင်လန်းစွာ  အားစိုက်ခွန်စိုက် လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့အတွက်ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလကို အားကစားလအဖြစ်သတ်မှတ်ပြီး ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုများအဖြစ် ရက်သတ္တပတ် စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပခြင်းဖြစ်သည်။ စုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပဆောင်ရွက်ခြင်းသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက်ဖြစ်သည်။

တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ လူအများဖြင့်ဖြစ်စေ  စုပေါင်းဆောင်ရွက်သည့်  လှုပ်ရှားဆောင်ရွက်မှုအားလုံးသည်   ကိုယ်လက်လှုပ်ရှား အားကစားဖြစ်သည့်အတွက် ပါဝင်ဆောင်ရွက်သူအားလုံး ကျန်းမာရေးကို များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ ကျန်းမာပျော်ရွှင်သော သူများဖြစ်စေရေးအတွက်    သက်ရှိလူသားတိုင်း အားကစားနှင့်   ကင်းကွာသောနေ့များ မရှိစေရေး၊ အားကစားနည်း တစ်ခုခုကိုဖြစ်စေ၊  ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်း တစ်ခုခုကိုဖြစ်စေ မပျက်မကွက်ဆောင်ရွက်သင့်သည်။  ကျန်းမာရေး အတွက် ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်း များစွာရှိသည့်အနက် အရွယ်သုံးပါးစလုံး တစ်ဦးချင်းဖြစ်စေ၊ လူအများစုပေါင်း၍ဖြစ်စေ   လိုက်ပါလုပ်ဆောင်နိုင်သည့် လုပ်ဆောင်ရန် လွယ်ကူသော လေ့ကျင့်ခန်းမှာ လမ်းလျှောက်ခြင်းပင်ဖြစ်သည်။

လမ်းလျှောက်ခြင်းကို လူကြီး၊ လူငယ်၊ လူရွယ်မရွေးပြုလုပ်နိုင်ပြီး နံနက်စောစောတွင် လမ်းလျှောက် လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်  ကျန်းမာရေးကိုများစွာ အထောက်အကူပြုပြီး ယခုလို ဆောင်းရာသီ ဒီဇင်ဘာအားကစားလ အချိန်သည် လမ်းလျှောက်ရန် အကောင်းဆုံးဖြစ်သည်။

လူတစ်ယောက်သည် နေ့စဉ် ခြေလှမ်း ၁၀၀၀၀ ခန့် လမ်းလျှောက်သင့်သည်။ ငါးရက်တိုင်တိုင် ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ လမ်းမလျှောက်ဘဲနေခြင်းတို့ကြောင့် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများပျက်စီးမှု ဖြစ်ပေါ်စေနိုင်သည့်အပြင် ကိုယ်အလေးချိန်တိုးခြင်း၊ အာရုံခံစားမှု လျော့နည်းခြင်းမှတစ်ဆင့် ဆီးချိုရောဂါနှင့်နှလုံးရောဂါကို ဖြစ်ပွားစေနိုင်သည်။ ထို့ပြင် ပျက်စီးသွားသော သွေးကြောများ ပြန်လည်ကောင်းမွန်နိုင်ရန်အတွက် အချိန်အများကြီး လိုအပ်မည်ဖြစ်သည်။ တစ်ရက်ကိုခြေလှမ်း ၅၀၀၀ အောက်နည်းပြီး လမ်းလျှောက်သူများသည် ဇီဝရုပ်ဖြစ်ပျက်ခြင်းမူ မမှန်မှုတွေကြောင့် ရောဂါပိုမိုဖြစ်လွယ်စေသည်။ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ တစ်ရက်လျှင် ခြေလှမ်း ၁၀၀၀၀ ခန့် လမ်းလျှောက်သူများသည် ဇီဝရုပ်ဖြစ်ပျက်မှုမမှန်ခြင်းတို့ကြောင့် ဖြစ်ပွားနိုင်သောရောဂါများကို ကုစားနိုင်သည်။

တစ်နေ့လျှင် ခြေလှမ်း ၁၀၀၀၀ လမ်းလျှောက်ခြင်းသည် ကျန်းမာကြံ့ခိုင်မှုနှင့် ကိုယ်အလေးချိန်လျှော့ချခြင်းမှ  နှလုံးသွေးကြော ကျန်းမာရေးကိုမြှင့်တင်ပေးပြီး များပြားလှသော ကျန်းမာရေးအကျိုးကျေးဇူးများကို ပေးဆောင်သည်။ ဘဝတွင် နေ့စဉ်လမ်းလျှောက်ခြင်းနည်းလမ်းကို  ပြုလုပ်ခြင်းဖြင့် ပိုမိုကျန်းမာပြီး ပျော်ရွှင်မှုဆီသို့ သိသာထင်ရှားသောခြေလှမ်းများကို လှမ်းနိုင်မည်ဖြစ်သည်။

လမ်းလျှောက်ခြင်းသည် အသားအရည်စိုပြည်စေသည့်အပြင် ခန္ဓာကိုယ်ရှိအဆိပ်အတောက်များ လျော့နည်းစေသည့်အတွက်  ရုပ်အဆင်းလှပစေသည်။ အသားအရေ တင်းတင်းရင်းရင်းရှိပြီး ပါးရည်တွန့်ခြင်းကိုလည်း သက်သာစေသည်။ ထို့ကြောင့် လမ်းလျှောက်ခြင်းသည် အိုမင်းမှုကိုပင်ဟန့်တားနိုင်ပြီး အသက်ကိုရှည်စေသည်။

လမ်းလျှောက်ခြင်းသည်  စိတ်ဖိစီးမှုနှင့် စိတ်ကျခြင်းတို့ကို  သက်သာစေသည်။  ကိုယ်အလေးချိန်ကျအောင် ကူညီပေးသည့်အပြင်  နှလုံးရောဂါနှင့် လေဖြတ်၊ လေဖြန်းစသော နာတာရှည်ရောဂါဖြစ်နိုင်ခြေများကိုလည်း လျော့နည်းစေသည်။ 

လူတစ်ယောက် ကျန်းမာကြံ့ခိုင်ဖို့ဆိုလျှင် အသက်အရွယ်အလိုက် ရှိသင့်သော ကိုယ်အလေးချိန်ပေါ် မူတည်သည်။ နေ့စဉ်လမ်းလျှောက်ခြင်းသည် ကယ်လိုရီ လောင်ကျွမ်းစေသည့်အတွက် ကိုယ်အလေးချိန်ကိုလျှော့ချပေးပြီး အဝလွန်ခြင်းကို ကာကွယ်ပေးနိုင်သည်။ နေ့စဉ်ပုံမှန်လမ်းလျှောက်သူများသည် လမ်းမလျှောက်သူများထက်ပို၍ သက်လုံကောင်းပြီး အမောခံနိုင်သည်။ စတင်လျှောက်စဉ် အနည်းငယ်မောနိုင်သော်လည်း နေ့စဉ်ပုံမှန်လျှောက်ပါက အမောခံနိုင်ပြီး သက်လုံကောင်းလာမည်ဖြစ်သည်။

လမ်းလျှောက်ခြင်းသည် ကာယလေ့ကျင့်ခန်း တစ်ခုအဖြစ်သာမက ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် အတူ ခြေလှမ်းများအပေါ် အာရုံစုစည်းခြင်းလည်း ပြုနိုင်သည်။ အတွေးနယ်ချဲ့ပြီး စိတ်ကူးဉာဏ်များ ကွန့်မြူးနိုင်သည်။ ထို့ကြောင့် လမ်းလျှောက်ခြင်းမှ တစ်ဆင့်  စိတ်တည်ငြိမ်အေးချမ်းမှု၊  တီထွင်ဖန်တီးနိုင်စွမ်းများကိုလည်းရရှိစေသည်။ လမ်းလျှောက်ခြင်းသည် အရိုးရှင်းဆုံးနှင့်  အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်မျိုး ဖြစ်သည့်အပြင်  ကျန်းမာရေး အကျိုးကျေးဇူးများစွာကိုလည်း ရရှိစေသည်။ လမ်းလျှောက်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုနှင့် စိတ်ပိုင်းဆိုင်ရာ ချမ်းသာသုခတို့အား များစွာအထောက်အကူဖြစ်စေသည်။

အဖော်အပေါင်းများနှင့်အတူ လမ်းလျှောက်ခြင်းသည် လူမှုရေးဆိုင်ရာ အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပြီး အဆက်အသွယ်ကောင်းများ တိုးပွားလာစေကာ အထီးကျန်မှုခံစားချက်အား လျှော့ချပေးနိုင်သည်။ စုပေါင်းလမ်းလျှောက်ခြင်းသည် တစ်ဦးနှင့်တစ်ဦးချစ်ကြည်ရင်းနှီးမှု၊ လူမှုဆက်ဆံရေးနှင့် ပံ့ပိုးကူညီမှုအတွက် ဘဝအခွင့်အလမ်းများအပြင် ပျော်ရွှင် မှုကိုလည်းရရှိစေသည်။ အထူးသဖြင့် ကျန်းမာရေးကို အလွန်ကောင်းမွန်စေသည်။ သို့ဖြစ်၍ ကုန်ကျစရိတ်သက်သာပြီး အသက်အရွယ်မရွေး ဆောင်ရွက်နိုင်သော အားကစားနည်းတစ်မျိုးဖြစ်သည့် လမ်းလျှောက်ခြင်းအား ပုံမှန်မပျက်မကွက် ပြုလုပ်ပေးရန် အသိပေး နှိုးဆော်သည့်အနေဖြင့် နိုင်ငံတစ်ဝန်းကျင်းပမည့် လူထုလှုပ်ရှားမှုများဖြစ်သော ရက်သတ္တပတ် စုပေါင်းလမ်းလျှောက်ပွဲများအား ခြေလှမ်း ၁၀၀၀၀ အစ ဒီဇင်ဘာ အားကစားလဖြင့် စတင်လျှောက်လှမ်းနိုင်ကြပါစေကြောင်း တိုက်တွန်းရေးသား လိုက်ရပါတော့သည်။      ။   

MWD