ဥတုပြောင်းနှင့် ချောင်းဆိုးရောဂါ

Posted_Date

Image

ဥတုပြောင်းနှင့် ချောင်းဆိုးရောဂါ

Body

ဆောင်းရာသီအကူးတွင်  မိုးရွာသောအခါ  ဥတုပျက်ခြင်းကြောင့်  ချောင်းဆိုး ရောဂါရတတ်သည်။   ရှေးလူကြီးများက ဝသန်ကြွင်းမိုးကောင်း၊ ချောင်းတဟွတ် ဟွတ်...  ဆားလှော်နှင့်ချွတ်ဟုဆိုကြသည်။ ဝသန်ကြွင်းမိုးဆိုသည်မှာ  မိုးဥတု၏ အကြွင်းအကျန် မိုးရွာခြင်းဟု ဆိုလိုသည်။      ထိုမိုးရွာလျှင်    လူအများနေမကောင်းဖြစ်ပြီး ချောင်းတဟွတ်ဟွတ် ဆိုးကြမည်။ ထိုအတွက် ရေနွေးကြမ်းတွင် ဆားလှော် အနည်းငယ်ထည့်သောက်ခြင်းဖြင့်  ချွတ်ရမည်။  ပျောက်ကင်းအောင် ကုသရမည်ဟု ဆိုလိုခြင်းဖြစ်သည်။

ရှေးလူကြီးများသည် ရာသီဥတုအကူး အပြောင်းတွင်  ရေအေးမသောက်၊ ရေနွေး ကြမ်း(အဖန်ရည်)ကိုသာ  သောက်လေ့ရှိကြသည်။ ထိုရေနွေးကြမ်း(အဖန်ရည်)သောက်ခြင်းကြောင့်       လေမချုပ်စေရန်     ဆားလှော်အနည်းငယ် ထည့်သောက်လေ့ရှိကြသည်။  ရိုးရာရေနွေးကြမ်းဝိုင်းတွင် ဆားလှော်ဘူးသည်  မပါမဖြစ်ဖြစ်သည်။ ရှေးလူကြီးများသည် နံနက်အိပ်ရာထ သွား တိုက်လျှင်လည်း  ယခုခေတ်ကဲ့သို့    သွား တိုက်ဆေးမပေါ်မီက ဆားဖြင့်ပင်တိုက် ကြသည်။  ဆားသည် အပူနှင့်အပုပ်ကိုနိုင်သောအရာဖြစ်သည်ဟု  ယူဆကြသည်။

ဆောင်းရာသီကူးသောအခါ   တောင်လေတိုက်နေရာမှ မြောက်လေပြောင်း၍ တိုက်လာသည်။ အအေးဓာတ်ကို သယ်ဆောင်လာသောလေသည် မြောက်အရပ်မှလာသည်။ ထို့ကြောင့် မြောက်အရပ်သို့မျက်နှာမူထားသောနေအိမ်တွင် နေထိုင်သူများသည်  တခြားအရပ်သို့ မျက်နှာမူသည့်နေအိမ်တွင် နေထိုင်သူများထက်ပို၍ ရောဂါရလေ့ရှိသည်ဟု အယူအဆရှိသည်။ ထိုချောင်းဆိုးရောဂါသည် လွယ်လွယ်နှင့် မပျောက်တတ်ဘဲ  ရက်ရှည်လာလျှင် ချောင်းအစိုမှ ချောင်းအခြောက်ရောဂါသို့ ပြောင်းလဲသွားတတ်သည်။ 

ချောင်းဆိုးခြင်းသည်   သာမန်ရောဂါ လေးမျှသာဖြစ်သော်လည်း     လူကြား သူကြားသွားသောအခါ  အလွန်ပင် ဒုက္ခ ပေးသည်။ တရားပွဲနှင့် အစည်းအဝေးများတွင်    ချောင်းဆိုးသူပါလျှင်    အနှောင့် အယှက်ဖြစ်တတ်သည်။ ညအိပ်ရာဝင်ချိန်တွင်  ချောင်းဆိုးသူတစ်ဦးရှိလျှင်  အိမ်ရှိ တခြားလူများပါ အိပ်မပျော်ဖြစ်ကြရသည်။ ချောင်းဆိုးခြင်းအတွက် မြန်မာ့ရိုးရာဆေးမှာ လျက်ဆားဖြစ်သည်။

ခန္ဓာသုခလျက်ဆား   ဆေးနည်းတွင် နွယ်ချို ၁၂ ကျပ်သား၊ ဇဝက်သာ ၅ ကျပ် သား၊ သိန္ဓော၂ ကျပ် ၈ ပဲ၊ ဆားပုပ်၂ ကျပ် ၈ ပဲ၊ လက်ချား ၈ ပဲ၊ နံ့သာဖြူ၊  ကွမ်းစား ဂမုန်း၊   ဇာတိပ္ဖိုလ်သီး၊   ဇာတိပ္ဖိုလ်ပွင့်၊ စမုန်မျိုးငါးပါး ၄ ပဲစီပါဝင်သည်။

ဤဆေးတွင် နွယ်ချိုအများဆုံးပါသဖြင့် နွယ်ချိုကဲလျက်ဆားဟုလည်း    ခေါ်ကြသည်။    ရာသီဥတုအပြောင်းအလဲတွင် ဖြစ်တတ်သော    ချောင်းဆိုးရောဂါများ၊ လေထိုးလေအောင့်ရောဂါ၊   သလိပ်ကပ် ရောဂါ၊   ခံတွင်းပျက်ရောဂါ၊    ပါးစပ်ခါး အစားပျက်သောရောဂါတို့အတွက် ရိုးရိုး လျက်ပေးခြင်းဖြင့်လည်း ကောင်း၊ သံပရာရည်၊ ရှောက်ရည်တို့နှင့်ဖျော်စပ်၍ လျက် ပေးခြင်းဖြင့် လည်းကောင်း ပျောက်ကင်း သက်သာစေနိုင်ပြီး အရသာကောင်းသော လျက်ဆားဖြစ်သည်။

MWD