ပန်းနာရင်ကျပ်နှင့် လေစာ
Posted_Date
Image
Body
ပန်းနာ၊ ရင်ကျပ်ရောဂါသည် လေနှင့်သလိပ်နှစ်မျိုးပေါင်း၍ အသက် ရှူလမ်းကြောင်းနှင့် အဆုတ်အတွင်းသို့ လေမဝင်နိုင်အောင် ပိတ်ဆို့ရာမှ ဖြစ်ပေါ်လာသော ရောဂါမျိုးဖြစ်သည်။ အသက်ရှူမဝသဖြင့် မောဟိုက်ပင်ပန်းစေသော ရောဂါဖြစ်သည့်အတွက် ပန်းနာ(ပမ်းနာ)ဟု ခေါ်ဆိုသည်ဟု ယူဆရသည်။
အာယုဗ္ဗေဒကျမ်းများတွင် ပန်းနာငါးမျိုးရှိကြောင်း ဖော်ပြထားရာ အဓိကကျသော ပန်းနာနှစ်မျိုးမှာ မဟာသာသ (ခေါ်) ပန်းနာကြီးနှင့် ခုဒ္ဓသာသ (ခေါ်) ပန်းနာငယ်တို့ဖြစ်သည်။ ပန်းနာကြီးသည် မျိုးရိုး လိုက်သောပန်းနာမျိုးဖြစ်ပြီး ပန်းနာငယ်မှာ သလိပ်နှင့်လေစာများ ကို အစားများရာမှဖြစ်သော ပန်းနာမျိုးဖြစ်သည်။ ပန်းနာငယ်သည် မပြင်းထန်သော ရင်ကျပ်ရောဂါမျိုးဖြစ်သည်။
ပန်းနာရောဂါသည် လေစာနှင့်သလိပ်စာ နှစ်မျိုးပေါင်း၍ ပိတ်ဆို့သောကြောင့်ဖြစ်သည် ဆိုသော်လည်း တချို့တွင် ဓာတ်မတည့်သော ပန်းရနံ့ကို ရှူရှိုက်မိရုံဖြင့် ပန်းနာ၊ ရင်ကျပ်ရောဂါဖြစ်ရသည်ဟုလည်း လေ့လာသူများက တွေ့ရှိထားသည်။ ပန်းနံ့၊ ရေမွှေးနံ့၊ ဓာတ်ဆီနံ့ စသည်တို့ကြောင့် ပန်းနာရောဂါ အခံရှိသူများတွင် ရောဂါပြန်ထလာသည်ကို တွေ့ရဖူးသည်။
ပန်းနာရောဂါရှိသူများသည် တစ်ဦးနှင့်တစ်ဦး ရောဂါဖြစ်ပုံချင်း မတူကြပေ။ တချို့က ပူပြင်းသောနွေရာသီတွင် ရောဂါဖြစ်ကြပြီး တချို့မှာ ဆောင်းရာသီနှင့် မိုးရာသီတို့တွင် ဖြစ်လေ့ရှိသည်။
ပန်းနာ၊ ရင်ကျပ်ရောဂါရှိသူ မိတ်ဆွေတစ်ဦးသည် ဝက်သားကြိုက်သည်။ မလိုင်လုံးကြိုက်သည်။ ထိုအစာများစားလျှင် ရင်မကျပ်။ သို့သော် ပန်းဂေါ်ဖီပွင့်ကြော်စားလျှင် ချက်ချင်းပင် ရင်ကျပ်သည်ဟုဆိုသည်။ အမှန်မှာ ပန်းဂေါ်ဖီသည် အအေးစာ၊ လေစာဖြစ်သည်။ ထိုကဲ့သို့ပင် မန်ကျည်းသီးအစိမ်းထောင်းစားပြီး ရင်ကျပ်သူတစ်ဦးကိုလည်း တွေ့ရဖူးသည်။ မန်ကျည်းသီးစိမ်းသည် လေချုပ်စာဖြစ်သည်။
လေစာဟုဆိုရာတွင် လေပွစာနှင့်လေချုပ်စာဟူ၍ နှစ်မျိုးရှိသည်။ ဆေးပညာအရ ထိုထက်ပိုပြီးဆိုးသော လေပျက်စာဟူ၍ ရှိသေးသည်။
အခါးဟူသမျှ လေဓာတ်ကြွဆိုသကဲ့သို့ ခွေးတောက်၊ တမာ၊ ကြောင် လျှာ၊ ကြက်ဟင်းခါး စသည်များသည် လေပွစာများဖြစ်သည်။ ပန်းဂေါ်ဖီ၊ တညင်းသီး၊ မန်ကျည်းသီးစိမ်း၊ ဆီးဖြူသီး၊ ဖန်ခါးသီး၊ သီးမွှေးငှက်ပျော၊ ရခိုင်ငှက်ပျော၊ သရက်ကင်း၊ လက်ဖက်အစိုနှင့် အေး၍ဖန်သောအရသာ ရှိသည့်အစားအစာများသည် လေချုပ်စာများဖြစ်သည်။
ပန်းနာ၊ ရင်ကျပ်ကို အနောက်တိုင်းဆေးပညာတွင် အက်စမာ (Asthma)ဟုခေါ်သည်။ အဆုတ်အတွင်းရှိ လေအိတ်လေးများထဲသို့ လေမဝင်နိုင်အောင် အချွဲနှင့်အရည်များက ပိတ်ဆို့ထားသဖြင့် အောက်ဆီဂျင်ပြတ်ကာ အမောဖောက်သည့် ရောဂါမျိုးဖြစ်သည်။ အဆိုပါရောဂါမျိုးကို ဆေးရုံများတွင် အောက်ဆီဂျင်ပေး၍ အရေးပေါ်ကုသကြသည်။
လေနာရောဂါခံစားရသူများအတွက် လေမျိုး (၈ဝ) ဆေးနည်းအဖြစ်ဖာလာ ၈ ပဲ၊ လေးညှင်း ၁၂ ပဲ၊ ကွက္ကရာ ၁၂ ပဲ၊ ပရုတ် ၃ ကျပ် ၄ ပဲ၊ နွယ်ချို ၅ ကျပ် ၈ ပဲ၊ ဇဝက်သာ ၆ ကျပ် ၈ ပဲ၊ ဆားပုပ် ၆ ကျပ် ၄ ပဲ၊ သိန္ဓော ၂၅ ကျပ်သား ရောစပ်၍ ဆေးတစ်ခွက်စာလျှင် မန်ကျည်းစေ့သုံးစေ့ခန့် သောက်သုံးနိုင်သည်။
လေနာအမျိုးမျိုးနှင့် ဝမ်းချုပ်၊ လေချုပ်ခြင်းဖြစ်ပါက ရှောက်ရည်ဖြင့် ဖျော်စပ်သောက်နိုင်သည်။ သာမန်လေချုပ်ခြင်းကို လျက်ဆားလျက် သကဲ့သို့ အစာစားပြီးတိုင်း လျက်ပေးလျှင် အစာကြေစေနိုင်သည်။ သွေးတိုးရောဂါရှိသူများအတွက် ဆားပုပ်မထည့်ဘဲ ကျန်ဆေးအမယ်များဖြင့်သာ ဖော်စပ်နိုင်သည်။ လေမျိုး (၈ဝ) ဆေးကို ဝမ်းသွားစေရန်အတွက် ဖော်စပ်လိုလျှင် ဆားခါးထည့်ပြီး ဖော်စပ်နိုင်သည်။
အစာကြေလေပုပ်ထုတ်ဆေးအတွက် ဆေးနည်းအဖြစ် ဇာတိပ္ဖိုလ် သီး ၅ ကျပ်သား၊ စရို ၅ ကျပ်သား၊ စမုန်နက် ၅ ကျပ်သား၊ ကြစု ၅ ကျပ်သား၊ ပိတ်ချင်းသီး ၅ ကျပ်သား၊ သိန္ဓော ၅ ကျပ်သား၊ နွယ်ချို ၃ဝ ကျပ်သား၊ ကြက်သွန်ဖြူ ၆ဝ ကျပ်သားတို့ဖြင့် ဖော်စပ်နိုင်သည်။
ဆေးဖော်ရာတွင် ကြက်သွန်ဖြူကိုအခြောက်လှန်းပြီး စက်ဖြင့် ကြိတ်ထည့်လေ့ရှိကြသည်။ ပရဆေးဆိုင်များတွင် ကြက်သွန်ဖြူခြောက်များ အဆင်သင့်ဝယ်ယူရရှိနိုင်သည်။ တချို့ဆေးဆရာကြီးများမှာ အမှတ်စဉ် (၁)မှ (၇)အထိ ဆေးအမယ်များကို အမှုန့်ထောင်းကာ ကြက်သွန်ဖြူ ၆ဝ ကျပ်သားကိုပြုတ်၍ အခွံများဖယ်ကာ ခြေပစ်လိုက်ပြီး အသင့်ထောင်းထားသော ဆေးမှုန့်များနှင့်ရောနယ်ကာ ခြောက်သွေ့အောင် နေပြန်လှန်းသည်။ ရရှိသောကြက်သွန်ဖြူနံ့ထောင်းနေသည့် ဆေးအခဲများကို ဆုံတွင်တစ်ဖန်ပြန်ထောင်း၍ အမှုန့်ပြုလုပ်သည်။
သုံးစွဲရမည့်ဆေးပမာဏမှာ လူကြီး ဆေးမှုန့် ၄ ပဲသား (ကော်ဖီဇွန်း နှစ်ဇွန်းခန့်)၊ ကလေး ဆေးမှုန့် ၂ ပဲသား (ကော်ဖီဇွန်း တစ်ဇွန်းခန့်) ရေကျက်အေးဖြင့် တစ်နေ့နှစ်ကြိမ် တိုက်ကျွေးနိုင်သည်။
အချုပ်အားဖြင့်ဆိုရသော် ပန်းနာ၊ ရင်ကျပ်ရောဂါရှိသူများသည် ရာသီဥတုအကူးအပြောင်းများတွင် နွေးထွေးစွာ ဝတ်ဆင်နေထိုင်ပြီး ချိုဆိမ့်အီသောအစာများကို သင့်ရုံသာစားရမည့်အပြင် လေချုပ်စာ များကိုလည်း သတိပြုရှောင်ကြဉ်သင့်ကြောင်း အကြံပြုရေးသား လိုက်ရပါသည်။
MWD
