လွတ်လပ်ရေးအမွေ မြတ်နိုးစွာဖြင့်ထိန်းကြမလေ
Posted_Date
Image
Body
၂၀၂၅ ခုနှစ် ဒီဇင်ဘာဆောင်းဝတ်ရုံခြုံလွှမ်းပြီး ခရစ္စမတ်နေ့၊ ကရင်နှစ်သစ်ကူးနေ့၊ နှစ်သစ်ကူးနေ့များနှင့် ရွေးကောက်ပွဲကျင်းပခြင်းနှင့် ဆန္ဒမဲပေးခြင်းများကို အေးချမ်းပျော်ရွှင်စွာဖြတ်ကျော်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ နှစ်ဦးအစဂုဏ်ယူဖွယ်လွတ်လပ်ရေးနေ့မှာလည်း မင်္ဂလာရှိစွာကျရောက်လာမြဲဖြစ်သည်။ လွတ်လပ်ရေးနေ့ ဆိုသည်နှင့် တစ်မျိုးသားလုံး၏ ရင်ထဲနှလုံးသားထဲတွင် သန္ဓေတည်ရှိနေသည့် မျိုးချစ်စိတ်ဓာတ်မှာ တစ်ကျော့ပြန်နိုးကြားလာစမြဲဖြစ်သည်။ လွတ်လပ်ရေး၏ အနှစ်သာရမှာ လွန်စွာတန်ဖိုးရှိသကဲ့သို့ လွတ်လပ်ရေး၏ အနက်အဓိပ္ပာယ်မှာလည်း ပိုမိုလေးနက်လွန်းလှသည်။ ပြည်ထောင်စုဖွားတိုင်းရင်းသားများ၏ အင်အားဖြင့် နယ်ချဲ့ရန်စွယ်အသွယ်သွယ်ကို အသက်ပဓာနမထားဘဲ တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ် အရင်းတည်၍ ခုခံတိုက်ထုတ်နိုင်ခဲ့ခြင်းကြောင့်သာ အဖိုးမဖြတ်နိုင်သည့် လွတ်လပ်ရေးတစ်ရပ်ကို လက်ဝယ်ပိုင်ပိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
မြန်မာတို့သည်သူ့ကျွန်မခံလိုစိတ်ရှိကြသည်။ ဘိုးဘေးဘီဘင်ခေတ်အဆက်ဆက်ကပင် ကိုယ့်ထီးကိုယ့်နန်းဖြင့် ခိုင်မာစွာရပ်တည်ခဲ့သူများဖြစ်သည်။ ယဉ်ကျေးမှုစရိုက်သွင်ပြင်တူညီသည်။ အားနည်းသူကိုကူညီသည်။ သမိုင်းတစ်လျှောက် မြန်မာဟူသည် ဂုဏ်ဒြပ်မမှိန် လူ့စည်းကမ်း၊ ကျင့်ဝတ်သိက္ခာကို တိကျစွာလိုက်နာခဲ့သည်။ သတ္တိ၊ ဗျတ္တိဘက်တွင်လည်းပြိုင်စံရှားသည်။ သို့သော် ခေတ်စနစ်နှင့်လျော်ညီသည့် အတွေးအမြင်၊ နည်းဗျူဟာ၊ လက်နက်အင်အား တိုင်းတစ်ပါးထက်မသာလွန်ခဲ့ခြင်းကြောင့် သူ့ကျွန်ဘဝရောက်ခဲ့ရသည်။ ခေတ်စနစ်အလိုက် အတွေးအမြင်များ ဘက်ပေါင်းစုံမှ ပြုပြင်ပြောင်းလဲမှုအသွင်ဖြင့် နှစ်ပေါင်းများစွာခေါင်းငုံ့နေရသည့် ဘဝမှလွတ်မြောက်ခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် တိုင်းရင်းသားရဲဘော်ရဲဘက်များကို အထူးကျေးဇူးတင်ရမည်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အာဇာနည်ပုဂ္ဂိုလ်အပေါင်း၏ အသက်၊ သွေး၊ ချွေးများကို ဂုဏ်ပြုကြရမည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်သည် မြန်မာ့သမိုင်းတွင်နေ့ထူးနေ့မြတ်ဖြစ်ပြီး
မြန်မာ့မျိုးချစ်သူရဲကောင်းများ၏ လက်ရုံးရည်၊ နှလုံးရည်ကို အောက်မေ့သတိတရရှိစေသောနေ့ရက်မင်္ဂလာ အချိန်အခါလည်းဖြစ်သည်။
မျိုးချစ်စိတ်ဓာတ်သည် နိုင်ငံနှင့်လူမျိုးအတွက် မရှိမဖြစ် ရေသောက်မြစ်ပင်ဖြစ်သည်။ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်လည်းဖြစ်သည်။ အမိမြေပေါ်ကျူးကျော်သည့် နယ်ချဲ့အားလုံးထွက်ပြေးသည်အထိ ရရာလက်နက်စွဲကိုင်တိုက်ထုတ်နိုင်စွမ်းရှိသည့် စိတ်ဓာတ်ကိုဖော်ညွှန်းသည်။
လွတ်လပ်ရေး၏အရသာကို မလွတ်မလပ်ခံစားဖူးသူများသာ အသိဆုံးဖြစ်သည်။ တိုင်းတစ်ပါးသားတို့၏ ပညာရေး၊ လူမှုရေး၊ စီးပွားရေးနယ်ပယ်အသီးသီးတွင် ဖိနှိပ်ခဲ့မှုကြောင့် မြန်မာတို့ရှေ့သို့မရောက် နောက်ကောက်ကျကျန်ခဲ့ရသည်။ ကိုလိုနီနယ်ချဲ့တို့၏ ဆိုးမွေများကိုလက်မခံ တိုက်ထုတ်တွန်းလှန်ရန် စိတ်ကူးများဖြစ်ထွန်းပေါ်ပေါက်ချိန်သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအတွက် လွတ်လပ်ရေးရောင်နီသန်းချိန်ဖြစ်သည်။ သမိုင်းတွင်သည့် လွတ်လပ်ရေးနေ့သည် အလွယ်တကူရေးထိုးခဲ့သည့် နေ့စွဲတစ်ခုမဟုတ်ပေ။ အခက်အခဲမျိုးစုံ၊ ဒုက္ခမျိုးစုံကြုံဆုံတိုက်ပွဲဝင်လျက် ထာဝရပြည်ထောင်စုကြီး အစဉ်ငြိမ်းချမ်းစေရေး သွေးဖြင့်ကမ္ပည်းတင်ခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ်သည်။ ပြည်ထောင်စုတိုင်းရင်းသားအားလုံး စိတ်ဝမ်းတူညီအရယူခဲ့သည့် လွတ်လပ်ရေးပုံရိပ်တို့ မပျောက်ပျက်ဘဲထာဝစဉ်ရှင်သန်စေမည့် ပြည်ထောင်စု စိတ်ဓာတ်အသက်သွင်းလျက် အမိမြေကိုကာကွယ်စောင့်ရှောက်သွားမည့် ရည်ရွယ်ချက်ကောင်းများဖြင့် လွတ်လပ်ရေးနေ့ အခမ်းအနားများ ကျင်းပနေမြဲဖြစ်ပြီး လွတ်လပ်စွာ ရှင်သန်ခြင်း၏ နိမိတ်ပုံရိပ်များအဖြစ် ပြည်ထောင်စုအမွေ၊ လွတ်လပ်ရေး အောင်ပွဲကို အသိအမှတ်ပြုလျက် နှစ်စဉ်အမြဲ ဂုဏ်ယူပျော်ရွှင်စွာ ကျင်းပလာခဲ့သည်မှာ ၇၈ နှစ်တိုင်ခဲ့ပြီဖြစ်သည်။
လွတ်လပ်ရေးမှပေးအပ်သည့် သင်ခန်းစာများတွင် နိုင်ငံနှင့်လူမျိုး ရေရှည်တည်တံ့ရေး၊ အလုံးစုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ်ထူကိုယ်ထစနစ်ဖြင့် စွမ်းဆောင်ရေး၊ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီခေတ်ကို ဟန်ချက်ညီညီဖော်ဆောင်ရေး အသိအမြင်၊ ကျင့်စဉ်များပါဝင်သည်ကို တွေ့ရသည်။ စည်းကမ်းသည် လူ့တန်ဖိုးဖြစ်သည်။ လူ့တန်ဖိုးမြှင့်တင်ခြင်းဖြစ်စဉ် လွတ်လပ်ရေးပိုင်ဆိုင်မှုအသွင်သည် ညီမျှစွာအချိုးကျလျက်ရှိ
သည်။ နိုင်ငံ၏စီးပွားရေးကိုဦးမော့စေပြီး လူမှုရေးရှုထောင့်အသွင် မနိမ့်မကျရင်ပေါင်တန်းနိုင်မှသာ နိုင်ငံတကာအလယ်တွင် တင့်တယ်နေမည်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ခြင်း၏ အနှစ်သာရသည် အလုပ်ဖြစ်သည်။ အလုပ်မြဲမြံအောင်မြင်စေရန် အဓိကတွန်းအားပေးသည်မှာ စိတ်ဓာတ်ဖြစ်သည်။ စာသင်ကျောင်းများတွင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ဆိုသည့်အချက်များ ကျောင်းသားတိုင်း သိရှိလိုက်နာနိုင်စေရန် မီးမောင်းထိုး သင်ကြားပြသပေးလျက်ရှိသည်။ ပညာရေးနိမ့်ကျလျှင် အခြေခံအဆောက်အဦနှင့် ဒေသဖွံ့ဖြိုးရေး နောက်ကျကျန်နိုင်သည်။
ပညာရေးကို အလေးပေးဖော်ဆောင်နိုင်မှသာ နိုင်ငံသားအားလုံး အသိအမြင်တိုးပွားလျက် အမိမြေအတွက် အကျိုးပြုနိုင်မည့် အခွင့်အလမ်းများ စဉ်ဆက်မပြတ်ဖန်တီးနိုင်မည်ဖြစ်သည်။
နိုင်ငံသားတိုင်းတွင် လွတ်လပ်ရေးနှင့် ထိုက်တန်သော နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှင်သန်ထက်မြက်နေရန် အထူးလိုအပ်ပေသည်။ လွတ်လပ်ရေး၏ အနှစ်သာရကို ကိုယ်တွေ့မဟုတ်ဘဲ စာပေမှလာသောအသိဖြင့် တွေးမြင်ခံစားပါက လွတ်လပ်ရေး ကြိုးပမ်းမှုကာလကို မျက်ဝါးထင်ထင်တွေ့ရှိနိုင်သည်။ မျိုးချစ်သူရဲကောင်းများ၏ အသက်၊ သွေး၊ ချွေးတောင်လိုပုံနေမည်။ ဓား၊ လှံ၊ လေး၊ မြား လက်နက်စုံအသုံးပြုကြပေမည်။ အားမတန်၊ မာန်မလျှော့သည့် အံတခဲခဲ မြန်မာ့စိတ်ဓာတ်ကိုလည်း တွေ့ရနိုင်မည်ဖြစ်သည်။ သမိုင်းသည် မမေ့စကောင်း ပြန်တွေးကောင်းသည့် သင်ခန်းစာပင်ဖြစ်သည်။ သမိုင်းသည်အပြောအောက်တွင် မကြွင်းကျန်ဘဲ စာအုပ်စာပေများမှ ခေတ်အဆက်ဆက် အရိပ်ထင်ကျန်နေမည်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းစာဖတ်ရန်လိုသည်။ မိမိနိုင်ငံ၊ မိမိလူမျိုး အနှိမ်မခံ၊ ဦးမော့ရန်
အတွက် စာဖတ်ကြရမည်။ လက်လှမ်းမီစာအုပ်စာပေမှ အတွေးအခေါ်မြင့်မားစေသည့် စာအုပ်စာပေအထိ တစ်ဆင့်ပြီးတစ်ဆင့် ဖတ်မှတ်သင့်သည်။
လွတ်လပ်ရေး သမိုင်းမှတ်တမ်းတစ်လျှောက် ၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘဝကျရောက်ခဲ့ရသည်။ နယ်ချဲ့အင်္ဂလိပ်လက်အောက် သူ့ကျွန်ဘဝနေထိုင်ခဲ့ရသည့်အချိန်ကာလများသည် လွန်စွာခါးသီးလှသည်။
ထိုအခြေအနေများကို ကျော်လွှားနိုင်သည့် တစ်ခုတည်းသောစိတ်ဓာတ်မှာ ပြည်ထောင်စုစိတ်ဓာတ်(ဝါ) မျိုးချစ်စိတ်ဓာတ်သာဖြစ်သည်။ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်မရှိလျှင် လွတ်လပ်ရေးရရန်မမြင်သာပေ။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ချစ်ခင်စည်းလုံးမှုဖြင့်မရှုံးစေဘဲ နိုင်အောင်နွှဲခဲ့သည့် လွတ်လပ်ရေး အောင်ပွဲလည်းဖြစ်သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် ဗြိတိသျှယူနီယံဂျက်အလံကို ဖြုတ်ချလျက် အမိနိုင်ငံတော်အလံကို လွှင့်တင်နိုင်ခဲ့ခြင်းမှာ တစ်မျိုးသားလုံးအတွက် ကြည်နူးစရာ အကောင်းဆုံးမြင်ကွင်းပုံရိပ် ဖြစ်သည်။ လွတ်လပ်ရေးကြေညာစာတမ်း၊ သစ္စာအဓိဋ္ဌာန် ၉ ချက်၊ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများမှာလည်း ထိုအချိန်ကနားဝင်အချိုမြိန်ဆုံး မြန်မာ့သူရဲကောင်းတို့၏ တေးသံသာပင်ဖြစ်ပေမည်။
ခံစားနားလည်သူတိုင်း လွတ်လပ်ရေးတန်ဖိုးသည် ထာဝစဉ်လေးနက်လျက်ရှိသည်။ နယ်ချဲ့တို့၏ လူမဆန်သော နှိပ်စက်မှု၊ မျိုးချစ်ပုဂ္ဂိုလ်များကိုချေမှုန်းခံရမှုများသည် နှောင်းလူတို့မခံစားနိုင်လောက်သည့် ဆင်းရဲပင်ပန်းခြင်းမျိုး ဖြစ်နိုင်သည်။ အသက်ပင်သေသေ အမိမြေအတွက်ခေါင်းစဉ်တပ် နိုင်ငံ့ရှေ့ရပ်တည်သည့် ရဲဘော်အားလုံး ရှင်တစ်ဝက်၊ သေတစ်ဝက်ဖြင့် တိုက်ပွဲဝင်ခဲ့ကြရသည်။ အမိမြေအတွက် ဂုဏ်တင်စာသ သူရဲကောင်း စာရင်းဝင်ခဲ့ကြသည်။ လွတ်လပ်သော ပြည်သူ့ဘဝများစွာအတွက် မျိုးချစ်သူရဲကောင်းများ၏ အသက်သွေးချွေးစတေးမှုသည် အချည်းအနှီးမဖြစ်၊ လွတ်လပ်ရေးနေ့ရောက်တိုင်း မြန်မာနိုင်ငံတစ်ဝန်းလုံး၏ မေတ္တာကိုခံယူရရှိပြီး လူသာသေသော်လည်း နာမည်မသေ စွမ်းရည်ပြည့်ဝ လူစွမ်းလူစရှိသူများ၏ ဂုဏ်ဒြပ်မှာ ထာဝစဉ်မွှေးပျံ့နေမည်ဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြားမတူကွဲပြားမှုများရှိနေသော်လည်း အတူဆင်နွှဲခဲ့သည့် လွတ်လပ်ရေးအရသာကို ကောင်းစွာခံစားရရှိနေပြီဖြစ်သည်။ လွတ်လပ်ခြင်း၊ ဝင့်ထည်ခြင်း၊ ပျော်ရွှင်အေးချမ်းခြင်းအစရှိသော လွတ်လပ်သောနိုင်ငံ၊ အချုပ်အခြာအာဏာတည်တံ့သော နိုင်ငံတစ်နိုင်ငံ၏ အသွင်သဏ္ဌာန်ဖြင့် ကမ္ဘာ့အလယ်တွင် မြန်မာဟုကမ္ပည်းတင်နိုင်ခဲ့ပြီဖြစ်သည်။ ကမ္ဘာ့အလယ်ခံ့ခံ့ထည်ထည် ရပ်တည်ရေးသည် နိုင်ငံသားအားလုံး၏ အရည်အချင်းလည်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စံအင်္ဂါတွင် ပိုင်နက်နယ်မြေ၊ နိုင်ငံသားပြည်သူများ၊ အုပ်ချုပ်သူအစိုးရနှင့် အချုပ်အခြာအာဏာစိုးမိုးမှု
တို့ပါဝင်သဖြင့် တစ်စုံတစ်ခုမျှလစ်ဟာ၍မရပေ။ ပိုင်နက်နယ်မြေ၊ ပြည်သူ၊ အစိုးရရှိသော်လည်း အချုပ်အခြာအာဏာပိုင်ဆိုင်မှုမရှိလျှင် လွတ်လပ်သောနိုင်ငံဟုမခေါ်ဆိုနိုင်ပေ။
အနှစ်ချုပ်အားဖြင့် နယ်ချဲ့တို့၏ သွေးခွဲသပ်လျှိုအုပ်ချုပ်ခဲ့မှု စနစ်ဆိုးများသည် ပြည်ထောင်စုဖွား သွေးချင်းများအကြားစိမ့်ဝင်ခဲ့မှုကြောင့် ညီနောင်သားချင်းအချင်းချင်း စိတ်ဝမ်းကွဲပြားမှုများဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးကြန့်ကြာခဲ့ရသည်။ ဘက်စုံဖွံ့ဖြိုးရေးကို အဟန့်အတားဖြစ်စေသည့် လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းရန် လိုအပ်သည်။ သွေးစည်းညီညွတ်မှုစွမ်းပကားသည် လွန်စွာအင်အားတောင့်တင်းလေ့ရှိသည်။ အဖျက်ရန်စွယ်အမျိုးမျိုးကို တွန်းလှန်နိုင်စွမ်းရှိသည်။ သို့ဖြစ်၍ အထွတ်အမြတ်လွတ်လပ်ရေးပင် အရယူနိုင်ခဲ့သည့် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် လွတ်လပ်ရေးအမွေကို သိက္ခာရှိရှိ၊ စွမ်းအင်ပြည့်ပြည့်၊ မြန်မာ့သမိုင်းမရိုင်းစေရေး ကာကွယ်ရေးအမြင်ရှိရှိဖြင့် “သူ့ကျွန်ဘဝတွင် နေရခြင်းထက် သေရခြင်းကမြတ်သည်” ဟူသော ရဲရဲတောက်စိတ်ဓာတ်ကို လက်ကိုင်ထား၍ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးမှ သားစဉ်မြေးမြစ် လက်ဆင့်ကမ်းအမွေအဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိလှပါကြောင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့ အချိန်အခါသမယကို ကြိုဆိုဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။
MWD
